နိုင်ငံတိုးတက်မှု တူပြိုင်ကားရှေးရှု

လူတိုင်းလူတိုင်းသည် မိမိကိုယ်ကို ဆန်းစစ်နိုင်မှ၊ မိမိကိုယ်ကိုဝေဖန်နိုင်မှ၊ မိမိအမှားကို ဝန်ခံနိုင်မှ၊ ပြည်သူအားလုံးအတွက် တိုးတက်စေလိုသော စေတနာရှိမှ၊ မိမိကိုယ်တိုင် အများအကျိုးအတွက် ကြိုးစားအားထုတ်ချင်သောဆန္ဒရှိမှတိုးတက်သောနိုင်ငံ၊ ကြွယ်ဝသည့်နိုင်ငံသားများ ဖြစ်လာပေလိမ့်မည်။ ယခုအခါ လွတ်လပ်ရေးရရှိပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော်လာပြီ ဖြစ်သည်။ မိမိတို့ကိုယ်ကို ပြန်လည်ဆင်ခြင်သုံးသပ်ရေး အားနည်းသဖြင့် တိုးတက်သင့်သလောက် မတိုးတက်ပါဟု ရှုမြင်ရမည် ဖြစ်သည်။

ပြည်ထောင်စုဖွား ပြည်သူအများ မိမိတို့ကိုယ်ကို မိမိတို့ ဆင်ခြင်မှုနှင့် စပ်လျဉ်း၍ ၂၀၂၁ ခုနှစ် နိုင်ငံတကာ နှစ်သစ်ကူးအထိမ်းအမှတ်အခါသမယတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူတစ်ဦးချင်းအနေဖြင့် မိမိတို့ကိုယ်ကို မိမိတို့ မေးခွန်းထုတ်ဆင့်၍ အနာဂတ်အတွက်၊ ပြည်ထောင်စုကြီးအတွက် တာဝန်ကျေပွန်စေရေးလမ်းညွှန်ခဲ့ရာ မှာကြားချက်ကို မှတ်သားလိုက်နာရမည် ဖြစ်သည်။

“ပြည်သူတစ်ဦးချင်းစီ တာဝန်ကျေစေချင်တယ်” အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဓိပ္ပာယ်အနည်းငယ်ချဲ့၍ “တာဝန်ကျေဖို့ရာ ပထမလိုအပ်ချက်က တာဝန်သိဖို့ပဲဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟရဲ့ တွန်းပို့ မှုကပေါ်လာတဲ့ လိုအင်ဆန္ဒတွေဟာ ကိုယ့်ရဲ့ တာဝန်တွေပဲလို့ မှားပြီးမထင်မိဖို့ အင်မတန်အရေးကြီးပါတယ်။ တာဝန်ကို အမှန်သိဖို့ ကြိုးစားကြပါ။ ကိုယ့်ရဲ့ လိပ်ပြာကြေးမုံရှေ့မှာ တည့်တည့်ရပ်ပြီး ကိုယ်ကတာဝန်ပါလို့ သတ်မှတ်ထားတာဟာ ကိုယ့်အတွက်လား၊ အခြားအများအတွက်လား၊ ယူဖို့အတွက်လား၊ ပေးဖို့အတွက်လား သတ္တိရှိရှိနဲ့ အဖြေမှန်ကိုလက်ခံပြီး တာဝန်ကျေပွန်ဖို့ အတွက် ကျွန်မတို့ပြည်သူတွေ လုပ်ဆောင်နိုင်မယ်ဆိုရင် ၂၀၂၁ ခုနှစ်မှာ သာမက နောင်လာမည့်နှစ်တွေ မြောက်မြားစွာမှာလည်း ကျွန်မတို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် စိတ်ချရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး (၇၅)နှစ်မြောက် စိန်ရတုကာလသို့ ရောက်ရှိရန်မှာ နှစ်နှစ်သာလိုပါတော့သည်။ နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း မိမိတို့၊ မိမိတို့နိုင်ငံ တိုးတက်မှုအခြေအနေ၊ ဖြစ်ပျက်နေမှုအနေအထား များကို မိမိတို့ကိုယ်တိုင် ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်သင့်ပေသည်။ လွတ်လပ်ရေးရပြီး ယနေ့အချိန်အထိ မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို ထောက်ရှုဆင်ခြင်ကြည့်မည်ဆိုလျှင် လူတို့တွင်ဖြစ်ပေါ်လာသည့် လောဘ၊ ဒေါသ၊ မောဟများက တွန်းပို့မှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ရလဒ်များကို တွေ့ရမည်ဖြစ်သည်။ ယင်းတို့သည် အမှားများသည့်ရလဒ်များ ဖြစ်သည်ကို တိုင်းပြည်တွင် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့မှုများက သက်သေ ပြလျက်ရှိသည်။ လွတ်လပ်ရေးရရှိပြီးနောက် အယူအဆကွဲပြားမှုများနှင့် ခံစားချက်များအရ မငြိမ်းချမ်းသေးသော တိုင်းပြည်ဖြစ်နေရသည်မှာ နစ်နာလှသည်။

၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်ကို ပြည်သူ့အစိုးရ စတင်တာဝန်ယူစဉ် ကတည်းက အေးချမ်းသာယာတိုးတက်အောင်မြင်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ခိုင်မာစွာတည်ဆောက်ရေးဟူသည့် အန္တိမပန်းတိုင်ကို မျက်ခြည်အပြတ်မခံဘဲ လျှောက်လှမ်းခဲ့သည်။ ပန်းတိုင်သို့ အရောက်လှမ်း ရာတွင် ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းဖွံ့ဖြိုး ရေးနှင့် ဒီမိုကရေစီရှင်သန်ရေး၊ ဒီမိုကရေစီရှင်သန်ရေးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စများ တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေကြောင်းကိုဆင်ခြင်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ယခု လွတ်လပ်ရေးရရှိပြီး (၇၃) နှစ်ကာလမှစ၍ မျက်မှောက်ကာလ ပြည်သူများသာမက နောင်အနာဂတ်မျိုးဆက်များအတွက်ပါ နိုင်ငံတွင် မည်သည့်ပုံစံဖြင့် နေထိုင်ရှင်သန်သွားနိုင်ရေးကို ပုံဖော်နိုင်ရန် အထူးဂရုပြုဆောင်ရွက်ရေးကို နိုင်ငံတော်အစိုးရ၏အဓိကလုပ်ငန်းစဉ်အဖြစ် သတ်မှတ် ထားသည်။ ယင်းသည် ပြည်သူအတွက် အဓိကလုပ်ငန်းစဉ်ဖြစ်သည်။ လုပ်ငန်းစဉ်များမှာ မြားမြောင်ကျယ်ပြန့်လှသည်။ ပြည်သူများ မိမိတို့ကိုယ်ကို ဆင်ခြင်တွေးရှု၍ ပူးပေါင်းပါဝင်မှသာ အောင်မြင်မည်ဖြစ်သည်။

ယနေ့ကာလသည် လွတ်လပ်ရေးရရှိပြီး နှစ်ပေါင်း ၇၃ နှစ် ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံသည် တိုးတက်သည့်နိုင်ငံအဖြစ်သို့ ရောက်သင့်ပြီဟု လူတိုင်းလူတိုင်း တွေးတောဆင်ခြင်မြော်တွေးသင့်သည်။ သို့မှသာ နိုင်ငံ တိုးတက်မှုကို တူပြိုင်ပြိုင်ရှေးရှုကာ တက်ညီလက်ညီ အားစိုက်ထုတ်ကြမည် ဖြစ်သည်။ သို့မှသာ အေးချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံအဖြစ် အမြန်ဆုံးလျှောက်လှမ်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ကြီးဆီသို့ ဦးတည်နိုင်မည် ဖြစ်ပါသည်။ 

ကြေးမုံ