နိုင်ငံတိုင်းမှာ စာနယ်ဇင်းလို့ပြောပြော၊ မီဒီယာလို့ပြောပြော မဖြစ်မနေရှိဖို့ လိုပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ တွေအဖို့ မီဒီယာရဲ့အခန်းကဏ္ဍက အတော်အရေးကြီးပါတယ် (ကမ္ဘောဒီးယားနိုင်ငံပြန်ကြားရေးဝန်ကြီး)

နိုင်ငံတိုင်းမှာ စာနယ်ဇင်းလို့ပြောပြော၊ မီဒီယာလို့ပြောပြော မဖြစ်မနေရှိဖို့ လိုပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ တွေအဖို့ မီဒီယာရဲ့အခန်းကဏ္ဍက အတော်အရေးကြီးပါတယ်

ကမ္ဘောဒီးယားနိုင်ငံပြန်ကြားရေးဝန်ကြီး

 

တွေ့ဆုံမေးမြန်း - ခင်ရတနာ၊

ဓာတ်ပုံ - Sam Vibol

 

မဲခေါင်-လန်ချန်း မီဒီယာဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ အပြီးသတ်အခမ်းအနားတစ်ခုကို စက်တင်ဘာလကုန်က ကမ္ဘောဒီးယားနိုင်ငံ စီဟာနုပြည်နယ်ဆိုခါ၌ ကျင်းပခဲ့သည်။ “Shared River, Shared future and the role of Journalist” အစီအစဉ်ကို ၂၀၂၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ တစ်နှစ်တာအတွင်း မဲခေါင်-လန်ချန်း ဒေသအတွင်းရှိ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ သတင်းစာဆရာများအား (၄) ကြိမ်တိတိ သတင်းနှင့်စာနယ်ဇင်း အတတ်ပညာများ ဖြန့်ဝေ  ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါအစီအစဉ်ကို တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ မဲခေါင်-လန်ချန်း မီဒီယာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ အပြီးသတ်အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး တက်ရောက်ခဲ့စဉ် တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်တင်ပြ လိုက်ရပါသည် -

 

မေး ။ ။ နိုင်ငံတစ်နိုင်ငံမှာ  စာနယ်ဇင်းရဲ့ အခန်း ကဏ္ဍက ဘယ်လောက်အထိရှိနိုင်ပါသလဲ။

ဖြေ ။ ။ နိုင်ငံတိုင်းမှာ စာနယ်ဇင်းလို့ပြောပြော၊ မီဒီယာလို့ပြောပြော မဖြစ်မနေရှိဖို့လိုပါတယ်။ တိတိကျကျပြောရရင်  သတင်းစာဆရာစစ်စစ်တွေ လိုတယ်။ ဒါမှသာ အဲဒီနိုင်ငံအတွက်၊ ပြည်သူတွေအတွက် သတင်းအချက်အလက်တွေရမယ်၊  ဆင်ခြင်စရာ၊ တွေးခေါ်စရာတွေနဲ့ နေ့စဉ်လူမှုဘဝမှာ  လိုအပ်တဲ့ သတင်းအချက်အလက်မျိုးစုံကို မီဒီယာတွေကနေရရှိတာဆိုတော့ နိုင်ငံတိုင်းမှာ မီဒီယာက အားကိုးအားထားပြုစရာပါ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖို့ မီဒီယာရဲ့အခန်းကဏ္ဍက အတော်အရေးကြီးပါတယ်။

 

မေး ။ ။ အခုလို မဲခေါင်-လန်ချန်း စာနယ်ဇင်းသမားတွေ အတူတကွတွေ့ဆုံလှု ပ်ရှားမှုပြုကြတဲ့အပေါ်မှာ ဝန်ကြီးရဲ့အမြင်နဲ့ ရလာမယ့်အကျိုး ကျေးဇူးတွေသိလိုပါတယ်။

 

ဖြေ ။ ။ အခမ်းအနားရဲ့  အဖွင့်မိန့်ခွန်းမှာလည်း   ကျွန်တော်ပြောခဲ့ပါတယ်။ သတင်းအချက်အလက်ဆိုတာ ကျွန်တော်တို့ နိုင်ငံဖြစ်ဖြစ်၊ ခင်ဗျားတို့နိုင်ငံဖြစ်ဖြစ် နေ့စဉ်အများကြီး ဖြစ်ပျက်နေတယ်။ အခုလိုတွေ့ဆုံမှုတွေကနေ သတင်းစာဆရာတွေမှာ မိတ်ဆွေအသစ်တွေရမယ်။ ကိုယ့်နိုင်ငံရဲ့သတင်းတွေကို နိုင်ငံပြင်ပကနေ ပြန်မြင်တွေ့ရမယ်။

 

အဲဒီလိုပဲ သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်ခွင့်ရမယ်။  မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း အစရှိတဲ့ မဲခေါင်မြစ်စီးဆင်းရာ နိုင်ငံတွေက သတင်းသမားတွေ အတူရှိနေကြရင် ပြောစရာတွေအများကြီးရှိလာမယ်။ တကယ်လည်း ကျွန်တော်တို့ ဒီအစီအစဉ်ကနေ အတူသတင်းလိုက်ကြတဲ့ အတွေ့အကြုံတွေရကြတယ်။ ပြောရရင် ကမ္ဘောဒီးယားနဲ့ မြန်မာက အခြေအနေအတော်များများတူတယ်။ ဖွံ့ဖြိုးဖို့အားယူနေရတာလည်း တူသလို နိုင်ငံသားတွေရဲ့ အသားအရောင်၊ အစား အသောက်၊ ရာသီဥတုအတော်များများ ဆင်တူနေကြတယ်။ ဒါပေမယ့် မတူတာတွေလည်း ရှိမှာပေါ့။ ဥပမာယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ ကွဲပြားနိုင်မယ်။ ထင်ရှားတဲ့နေရာနဲ့ ပုံသဏ္ဌာန်တွေ မတူနိုင်ဘူး။ ဒါတွေကို မီဒီယာတွေအချင်းချင်း ပူးပေါင်း ဖလှယ်တင်ဆက်နိုင်ရင် နှစ်နိုင်ငံပြည်သူတွေ ပိုအကျိုးများမယ်။

 

ကျွန်တော်မျှော်လင့်တာကတော့ အခုအစီအစဉ်ကနေ အကျိုးကျေးဇူးအနေနဲ့ တစ်နိုင်ငံအကြောင်းကို အခြားတစ်နိုင်ငံက ပိုသိရှိလာမယ်။ အဲဒီလိုနဲ့ သတင်းအချက်အလက်တွေ ပိုဖြန့်ဝေလာနိုင်မယ်။ ဒါနဲ့အတူ ကျွန်တော်တို့ အမြဲကြုံတွေ့ ခံစားနေရတဲ့ သတင်းတု/သတင်းမှားတွေကိုလည်း မီဒီယာအချင်းချင်း စုပေါင်းထားမယ်ဆိုရင် အတူတွန်းလှန်လာနိုင်ပါလိမ့်မယ်။ ဒါကို ဘာကြောင့် ထည့်ပြောရသလဲဆိုရင် သတင်းတု၊ သတင်းမှားတွေဆိုတာ ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ဘူးလေ။ ဒါတွေကို စစ်မှန်တဲ့သတင်းသမားတွေက စာနယ်ဇင်း အတတ်ပညာအပြည့်နဲ့ တန်ပြန်နိုင်မယ်လို့ ယုံကြည်ပါတယ်။

 

ဒီအစီအစဉ်ကနေ နောက်ထပ်အကျိုးကျေးဇူးလို့ဆိုလိုက်ရင် ဒေသတွင်းနားလည်မှုတွေ ပိုမြင့်မားလာမယ်။ အတူသတင်းတွေ ဖော်ထုတ်ကြရင်း ဒေသတွင်းမှာ ပိုငြိမ်းချမ်းလာမယ်။ စာနယ်ဇင်းဆိုင်ရာစံနှုန်းတွေဖြစ်တဲ့ သတင်းရေးသားနည်းစနစ်တွေ၊ အင်တာဗျူးနည်းပညာတွေ၊ သတင်း ထုတ်ပြန်ရေးပုံစံတွေ စတဲ့အသိပညာတွေကို ဖလှယ်ပြီးသားဖြစ်လို့ အလေ့အကျင့် ကောင်းတွေ ပိုရလာစေမှာပါ။ ဒီလိုနဲ့တိကျမျှတတဲ့ အစီရင်ခံမှု တွေကို ဖြည့်ဆည်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

မေး ။ ။ သတင်းတု/သတင်းမှားတွေနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုကာကွယ် တားဆီးနေသလဲရှင့်။

 

ဖြေ ။ ။ သတင်းတု/သတင်းမှားမှာမှ ထပ်ပြီး ခွဲခြားလိုက်ရင် တစ်ဝက်တစ်ပျက် အမှားတွေ၊ အနည်းငယ်ပြုပြင်ထားတာတွေ၊ လုံးဝကို မမှန်တဲ့သတင်းတွေ စသည်ဖြင့် ပုံစံအမျိုးမျိုးပါဝင်ပါတယ်။ ဒီလိုသတင်းတု/သတင်းမှားတွေကို နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အစရှိတဲ့ ကဏ္ဍအသီးသီးမှာ မြင်နေရတယ်။ ကမ္ဘောဒီးယားနိုင်ငံကလည်း အခြားနိုင်ငံတွေလို သတင်းတု/ သတင်းမှားတွေရဲ့ စိန်ခေါ်မှုကို ကြုံတွေ့နေရပါတယ်။

 

အဓိကကတော့ ဒီလိုအခြေအနေတွေကို ကြံ့ကြံ့ခံနိုင်ဖို့ နိုင်ငံအတွင်းက သတင်းမီဒီယာတွေရဲ့ စာနယ်ဇင်းအတတ်ပညာကို မြှင့်တင်ပေးတာ၊ သတင်းထုတ်ပြန်ခြင်းနဲ့ဆိုင်တဲ့ ဥပဒေတွေကို အားကောင်းလာအောင် ဆောင်ရွက်တာတွေ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ ကြိုးပမ်းတဲ့အခါ သတင်းတု/သတင်းမှားတွေရဲ့ အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး အများပြည်သူ သိနားလည်သဘောပေါက်စေဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်နေပြီး ကျူးလွန်သူတွေကို တာဝန်ခံမှုရှိစေဖို့ တရားဥပဒေနဲ့အညီ ဖော်ထုတ်အရေးယူလျက်ရှိပါတယ်။

 

သတင်းတုတွေဆိုရင် ဥပမာ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်၊ ထိုင်း အစရှိတဲ့ နယ်စပ်ပြဿနာမျိုးတွေမှာ အမှန်နဲ့ကင်းကွာတဲ့ သတင်းတွေရှိနေသလို နားလည်မှုလွဲမှားတာ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အခန့် မသင့်ဖြစ်စေနိုင်တာမျိုးတွေကို မြင်တွေ့ရတယ်။ ဒါတွေကို ပြည်သူတွေက လက်သင့်မခံသင့်သလို အရည်အချင်းပြည့်ဝတဲ့ သတင်းသမားတွေအနေနဲ့လည်း မျှတပြီး ဓမ္မဓိဋ္ဌာန်ကျတဲ့ သတင်းတွေကို ရေးသားဖော်ထုတ်ရင်း ဒေသတွင်းချစ်ကြည်ရေးကို တိုးမြှင့်လာမယ်လို့ အကြံပြုလိုပါတယ်။

 

မေး ။ ။ မြန်မာနိုင်ငံက ပြည်သူတွေကိုရော ကမ္ဘောဒီးယားနိုင်ငံရဲ့ ပြန်ကြားရေးဝန်ကြီးက ဘယ်လိုသတင်းစကားပါးချင်ပါသလဲရှင့်။

 

ဖြေ ။ ။ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံက အတော်များများ ဆင်တူတယ်လို့ ပြောခဲ့ပြီးပါပြီ။ နှစ်နိုင်ငံစလုံးက သမိုင်းကြောင်းကြွယ်ဝပြီး ယဉ်ကျေးမှုဓလေ့ထုံးစံတွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးအတွက်အတူ လက်တွဲလုပ်ဆောင်ပြီး အချင်းချင်းသင်ယူရင်းနဲ့ အပြန်အလှန် ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးပေးသွားမယ်လို့ ယုံကြည်ပါတယ်။ ။