နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးဝင်းမြင့်နှင့် ဒုတိယသမ္မတနှစ်ဦး ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်၌ ကတိသစ္စာပြု

နေပြည်တော် ၃၀ မတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ် ၆၅၅ ဦးအနက် ၆၂၆ ဦး တက်ရောက်ပြီး ၂၉ ဦး ခွင့်တိုင်ကြားသည်။

 

အစည်းအဝေးတွင် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူ ဦးဝင်းမြင့်၊ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီ ဗန်ထီးယူတို့က ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း၏ ရှေ့မှောက်၌ ကတိသစ္စာ ပြုကြပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားသည်။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မိန့်ခွန်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။

 

ယင်းနောက် အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က အတည်ပြု မှတ်တမ်းတင်ကြောင်းနှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တ ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်း ဆိုင်ရာများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

 

ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ယခုကျင်းပသည့် အစည်းအဝေး ကာလအတွင်း လွှတ်တော်၏ အဓိက လုပ်ငန်းတာဝန်ဖြစ်သော ဥပဒေပြုရေးအပိုင်းတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ တင်သွင်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် အမျိုးသား စီမံကိန်း ဥပဒေ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတို့ကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် ပေးပို့ထားပါကြောင်း။

 

ထို့ပြင် လွှတ်တော် အသီးသီး၏ လုပ်ငန်းဆောင်ရွက်မှု နည်းလမ်းများ မှန်ကန်ခိုင်မာပြီး သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ ဥပဒေ အပါအဝင် ဥပဒေ(၇)ခု ဆွေးနွေး အတည်ပြုခြင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကိုလည်း လွှတ်တော်နှစ်ရပ် သဘောတူညီသည့်အတိုင်း ပြင်ဆင်အတည်ပြု ပေးနိုင်ခဲ့ပါကြောင်း။

 

အစည်းအဝေး ကာလအတွင်း ဥပဒေပြုရေး လုပ်ငန်းများအပြင် ပြည်ထောင်စု လွှတ်တော်၏ အရေးကြီးသည့် လုပ်ငန်းတာဝန် တစ်ရပ်ဖြစ်သော လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတ ရာထူးနေရာကို ဖြည့်စွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို ပြန်လည်ရွေးချယ်တင်မြှောက်ခြင်းကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။ 

 

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

 

သူရဇော်