နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို ရွှေသောင်ယံတံတား (မကျီးချောင်း) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ၂၈  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့တွင် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဦးကျော်မျိုး၊ ဦးကျော်လင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့၌ ကျင်းပသည့် ရွှေသောင်ယံတံတား (မကျီးချောင်း) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလ ယခုလမ်း၊ ယခုခရီးကြမ်းတွင် မိမိအနေဖြင့် ဆိုင်ကယ် တစ်တန်၊ ကားတစ်တန်၊ စက်လှေတစ်တန်၊ ဇက်အသွားအပြန်ဖြင့် ယခုဒေသ၊ ယခုအရပ်တွင် ခြေရာချင်းထပ်ခဲ့ရပါကြောင်း၊ ထိုစဉ်ကတည်းက မိမိအား လှိုက်လှဲစွာ ကြိုဆိုကြပြီး ဧည့်ခံကျွေးမွေး ကြသည့် မိဘပြည်သူများ၊ အားပေးထောက်ခံကြသည့် မဲဆန္ဒရှင်များ၊ မငြီးမငြူ ရိုင်းပင်းကူညီကြသူများ အားလုံး၏ ကျေးဇူးကို မိမိနှလုံးသားတွင် ကမ္ဗည်းတင်ထားပါကြောင်း၊ ယခုမြို့နယ်၊ ယခုဒေသရှိ မိတ်ဆွေသင်္ဂဟများ အားလုံးကို သတိရလျက် ရှိပါသည်ဟု အခွင့်အခါကြုံခိုက် ပြောကြားလိုပါကြောင်း၊ ယခုအချိန်တွင် ဒေသခံများ နှစ်ပေါင်းများစွာ လိုလား တောင့်တခဲ့သည့် ရွှေသောင်ယံတံတားကို ဖြည့်ဆည်းခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျ လာရောက် ဖွင့်လှစ်နိုင်သည့် အတွက် အတိုင်းမသိ အထူးဝမ်းသာ ကြည်နူးရပါကြောင်း။

 

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးခဲ့သည့် မိမိတို့အစိုးရအဖွဲ့ သက်တမ်းမှာ အခုဆိုလျှင် နှစ်နှစ်ခွဲကျော်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယင်းကာလအတွင်း နိုင်ငံတော်ကြီး အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြပါကြောင်း၊ ပြည်ထောင်စုကြီး အတွင်းတွင်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက် ရှိကြပါကြောင်း။

 

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများနှင့် စုစည်းညီညွတ်စွာ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ဖြစ်ပါကြောင်း၊ ရှေးပဝေသဏီ ကတည်းကစပြီး တိုင်းရင်းသား ညီအစ်ကို မောင်နှမများအကြား အေးအတူပူအမျှ ဥမကွဲ သိုက်မပျက် လက်တွဲနေထိုင်လျက် ရှိကြပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ရှိသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို အဆင့်အတန်း မြင့်မားစေရန် အခြေခံအဆောက်အအုံဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ လမ်းများ၊ တံတားများ ကောင်းမွန်ပြီး ဆက်သွယ်မှု အဆင်ပြေချောမွေ့မှသာ ပြည်သူများအကြား ကူးလူးဆက်သွယ် သွား လာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း။

 

ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံ၏ စပါးကျီသာမက၊ ရေထွက်ကုန် ပစ္စည်းများ အဓိက ဖြည့်တင်းပေးနေသည့် တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ယခင်က ရေလမ်းခရီးကိုသာ အဓိကထား အားကိုးခဲ့ကြရသော်လည်း ဒီနေ့ဒီအချိန်တွင် တိုင်းဒေသကြီး၏ ဒေသအသီး သီးကို ကုန်းလမ်းခရီးဖြင့် အချိန်တိုအတွင်း လွယ်လင့်တကူ သွားလာနိုင်ပြီဖြစ်ပါကြောင်း၊ ထို့အပြင် ပေါကြွယ်ဝသည့် သဘာဝသယံဇာတများ၊ မပျက်စီးသေး သည့် သာယာလှပသော ပင်လယ်ကမ်းရိုးတန်းနှင့် အပန်းဖြေ ကမ်းခြေများကြောင့် ပြည်တွင်း ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ဒေသကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ရွှေသောင်ယံတံတားသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ဒေသခံပြည်သူများအတွက် အလွန်အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း။

 

ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးလာသည်နှင့် ယခုဒေသ၏ လူမှုစီးပွားဘဝလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဒေသခံ ပြည်သူများ အနေဖြင့်လည်း မိမိတို့၏ သားစဉ်မြေးဆက် စားဝတ်နေရေးအတွက် အသုံးပြုရမည့် ယခုသဘာဝ ပတ်ဝန်းကျင် မပျက်စီးရအောင် ထိန်းသိမ်းရမည်ဖြစ်ပြီး သဘာဝ သယံဇာတများ မဆုံးရှုံးရ အောင် ကာကွယ်ရမည် ဖြစ်ပါကြောင်း။

 

မိမိတို့၏ ခဏတာဝမ်းစာအတွက် မကြည့်ဘဲ အားလုံးခံစားကြရမည့် တစ်သက်တာ ရေရှည်အကျိုးစီးပွားကို ဂရုစိုက် စေလိုပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်း၊ အမိန့် ညွှန်ကြားချက် များကို ဒေသခံပြည်သူ လူထုနှင့် စီးပွားရေး လုပ်ငန်းရှင်များက လေးစားလိုက်နာခြင်းဖြင့် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ ကမ်းခြေဒေသ ရေရှည်တည်တံ့ ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ ကမ်းခြေ သန့်ရှင်း သာယာလှပရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း ဒေသခံများ၊ စီးပွားရေး လုပ်ငန်းရှင်များက ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ခရီးသွား ဧည့်သည်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်လည်း သတိပေး ဆိုင်းဘုတ်များ၊ ပိုစတာများ၊ ကြော်ငြာများ စိုက်ထူ ထားရန် လိုအပ်ပါကြောင်း။

 

မိမိတို့အစိုးရ တာဝန်ယူခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် လမ်း၊ တံတားများကို တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ လက်ကျန်သက်တမ်းအတွင်းမှာလည်း ဒေသအလိုက် လိုအပ်နေသည့် တံတားအစင်းပေါင်း (၄၀ဝ) ကျော် ပြီးစီးအောင် တည်ဆောက်သွားရန် စီစဉ်ထားပါကြောင်း၊ ပြည်သူလူထု စိတ်လုံခြုံမှု၊ ဘဝလုံခြုံမှုရှိစေရန် လမ်းများနှင့် တံတားများကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြည့်ရှုစစ်ဆေးပြီး ကြိုတင်ပြုပြင် အဆင့်မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ၂၀၃၀ ခုနှစ်တွင် နိုင်ငံတော်အတွင်း ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်း၊ ကျေးလက် ဒေသနေ ပြည်သူအားလုံး၏ ၉၀ ရာခိုင်နှုန်းသည် ကျေးလက်လမ်းများကို ရာသီမရွေး အသုံးပြုနိုင်အောင် နှစ်စဉ်နှစ်တိုင်း ဖောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း။

 

ယခုကဲ့သို့ လမ်းတံတား တည်ဆောက်ရေးများ၊ စီမံကိန်း လုပ်ငန်းများတွင် ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှု မရှိစေရေးအတွက် ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြုဆောင်ရွက်သည့် စီမံကိန်းများသည် ဒေသအကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်းများ ဖြစ်ရန်လိုပါကြောင်း၊ ထို့အပြင် စီမံကိန်းများကို လက်သင့်ရာ လုပ်ငန်းအပ်နှံခြင်းမျိုးများ မရှိရန် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသည့် တင်ဒါစည်းမျဉ်းစည်းကမ်းများအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများက တိတိ ကျကျ လိုက်နာမှုရှိကြရန် သတိပေးလိုပါကြောင်း၊ စီမံကိန်းများ ဆောင်ရွက်သည့်နေရာတွင် အကယ်၍ အဆင့်လိုက် ခွဲတမ်းချဝေပုံကျ ခွဲယူကြပြီး ပြည်သူများအတွက် ထိထိရောက်ရောက် မရှိတော့သည့် ဘဏ္ဍာငွေဆုံးရှုံးမှု အခြေအနေများ ဖြစ်ပေါ်လာပါက နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးအရ ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနှင့်အညီ ဆောင်ရွက် ရမည်ဆိုသည်ကို အလေးထားပြီး ပြောကြားလိုပါကြောင်း။

 

လမ်းများ၊ တံတားများအပါအဝင် အခြေခံအဆောက်အဦများ၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် လည်း အရည်အသွေး စိစစ်ထိန်းသိမ်းရေး Quality Control ကို မဖြစ်မနေ ဆောင်ရွက်ကြရန် မှာကြားထားပြီး ဖြစ်ပါကြောင်း၊ သတ်မှတ် ထားသည့် ခံနိုင်ဝန်၊ သတ်မှတ်ထားသည့် အချိန်ကာလ၊ မမျှော်လင့်ဘဲ ကြုံတွေ့ရတတ်သည့် အခြေအနေများမှလွဲ၍ မဖြစ်သင့် မဖြစ်ထိုက်သည့် ယိုယွင်းပျက်စီးတာမျိုးများ ဖြစ်ပေါ်လာပြီး ပြည်သူများ ဒုက္ခ တွေ့ကြုံလာလျှင် သက်ဆိုင်ရာ တာဝန်ရှိသူများကို တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်သည်ကို အတိအလင်း ပြောကြား လိုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေနှင့် ကျခံသုံးစွဲရသည့် ယခုလို အခြေခံ အဆောက်အအုံများ ရေရှည်တည်တံ့နိုင်အောင် ပြည်သူများဘက်ကလည်း ကြည့်ရှု စောင့်ရှောက်ပေးကြရန် ကြပ်မတ်ထိန်းသိမ်းပေးကြရန် တိုက်တွန်းလိုပါကြောင်း။

 

မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း အများစု မှီခိုအားထားနေရသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးသည်လည်း အရေးကြီးသည့် ကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးပိုင်းတွင် နိုင်ငံတော်က တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေပြီး လယ်ယာ ကဏ္ဍနှင့် သက်ဆိုင်သည့် ဥပဒေများကိုလည်း ခေတ်ကာလ အခြေအနေနှင့် လျော်ညီအောင် ပြင်ဆင်ပြဋ္ဌာန်း ပေးလျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍ ခိုင်မာအားကောင်းရန်၊ တောင်သူလယ်သမားများ မိမိတို့ စိုက်ပျိုးလုပ် ကိုင်ရသလောက် အကျိုးရှိစေရန်၊ မိမိတို့ စီမံလုပ်ကိုင်နေသည့် မြေယာကို သားစဉ်မြေးဆက် ခိုင်ခိုင်မာမာ လုပ်ကိုင်ခွင့် ရစေရန်အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့် ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတို့ကိုလည်း လက်ရှိပကတိ အခြေအနေနှင့် လိုက်လျော ညီထွေဖြစ်အောင် ပြင်ဆင်ပြဋ္ဌာန်း ဆောင်ရွက်လျက် ရှိပါကြောင်း။

 

မိမိတို့ အစိုးရအနေဖြင့် သိမ်းဆည်းခံ လယ်ယာမြေများကို ပြန်လည်စွန့်လွှတ်ပေးခဲ့ရာမှာ စုစုပေါင်း စွန့်လွှတ်မြေ ၆၃၄၁၇ ဧက ရှိခဲ့ပါပြီ ဖြစ်ပါကြောင်း၊ တောင်သူများ လက်ဝယ်ကို ၁၃၀၉၁ ဧက လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များကို ၅၀၃၂၆ ဧက လွှဲပြောင်းပေး အပ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိနေသေးသည့် သိမ်းဆည်းခံ လယ်ယာမြေများကို သက်ဆိုင်သည့် တောင်သူများ လက်ထဲ အမြန်ဆုံး ပြန်လည် ပေးအပ်နိုင်ရန်လည်း စိစစ်မှုများ ဆောင်ရွက်နေကြပါကြောင်း။

 

သိမ်းဆည်းခံမြေများကို သက်ဆိုင်ရာ ကော်မတီအသီးသီးက ပြန်လည်စိစစ်ရာတွင် အဆင်ပြေ ချောမွေ့မှုမရှိစေရန် အဟန့်အတား ဖြစ်စေသည့်၊ စွန့်လွှတ်ပြီး မြေများအား ပြန်လည်အပ်နှံပေးရန် နှောင့်နှေးစေသည့် စွန့်လွှတ်ပြီး မြေများကို အပ်နှံပြီးသော်လည်း ယာယီလွှဲပြောင်းပေးရန် အခက်အခဲဖြစ်ပေါ်နေသည့်၊ အသုံးချပိုင်ခွင့် အမည်ပေါက် ရရှိစေရန် အကျပ်အတည်းဖြစ်စေသည့် သက်ဆိုင်ရာဝန်ထမ်းများကိုလည်း လိုအပ်သလို အရေးယူ သွားမည်ကို ထပ်မံသတိပေး လိုပါကြောင်း၊ လျော်ကြေး၊ နစ်နာကြေးများ ပေးရန်ရှိပါကလည်း ကာလဒေသ အခြေအနေအရ မှန်မှန်ကန်ကန် တရားမျှ တစွာ သတ်မှတ်ကြရမည် ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးက မဖြစ်နိုင်သည်များကို ရပ်ခံမနေကြဘဲ ကိုယ်ချင်းစာ တရားဖြင့် သူမနာ၊ ကိုယ်မနာ လက်ခံကြရန် လိုအပ်ပါကြောင်း၊ တရားမျှတခြင်းသည် လူတိုင်း ရသင့်ရထိုက်သည့် အခွင့်အရေး ဖြစ်ပါကြောင်း၊ တရားမျှတမှုကို လက်ခံကျင့်သုံးရေး သည် လူမှုအဖွဲ့အစည်း ခိုင်မာရေး ဖြစ်သလို ဒီမိုကရေစီ တည်ဆောက်ရေးလည်း ဖြစ်ပါကြောင်း။

 

ယနေ့အချိန်အခါတွင် ခေတ်ဟောင်း စနစ်ဟောင်းမှသည် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ခေတ်ပြောင်း စနစ်ပြောင်း ကာလဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၏ အစပင် ရှိသေး ပါကြောင်း၊ ဒီမိုကရေစီပန်းတိုင်သို့ မရောက်သေးပါကြောင်း၊ ယခုပြောင်းလဲမှု ဖြစ်စဉ်ကြီး အောင်မြင်ချောမွေ့စေရန် ပြည်သူပြည်သားများနှင့် ဝန်ထမ်းများ အားလုံး၏ ပုံစံကျနေသည့် အတွေးအမြင်များ၊ ပုံသေကားချပ် အလေ့အထများ အားလုံးကို ပြုပြင်ပြောင်းလဲပေးကြရန် အထူးလိုအပ်လှပါကြောင်း။

 

ထို့ကြောင့် ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ကြပ်မတ်မှုများ ဆောင်ရွက် နေပါကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်နိုင်ရန် တရားရေးမဏ္ဍိုင် တာဝန်ရှိသူများက ကြိုးပမ်းနေပါကြောင်း၊ အဂတိ လိုက်စားမှုကို အရှိန်အဟုန်နှင့် တိုက်ဖျက်နေပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင် ကာကွယ်ပေးနေပါကြောင်း၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနေပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် ဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲနေပါကြောင်း၊ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး နစ်နာကြေးများ ရရှိရေးကို ဥပဒေနှင့်အညီ အလေးပေးပြီး ဆောင်ရွက်နေပါကြောင်း။

 

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်ပြီး ပြည်သူများကလည်း တည်ဆဲဥပဒေများကို လိုက်နာပြီး ကူညီပံ့ ပိုးပေးကြရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍကို တာဝန်ယူထားသူများကလည်း ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သည့် အုပ်ချုပ်ရေးယန္တရားဖြစ်အောင် ကြိုးစားလုပ်ဆောင်ရန်၊ ဥပဒေနှင့်အညီ တရားနည်းလမ်းတကျ မျှမျှတတ အုပ်ချုပ်ရန်၊ ပြည်သူတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးသည့် အုပ်ချုပ်ရေး စနစ်ဖြစ်ရန်၊ နိုင်ငံသူ နိုင်ငံသားများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့်၊ ဖိနှိပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယန္တရား မဖြစ်စေရန် အထူးလိုအပ် ပါကြောင်း၊ အုပ်ချုပ်ရေး ယန္တရား ပြုပြင်ပြောင်းလဲ ရာတွင် တရားဥပဒေ စိုးမိုးရေး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး များကို ပြည်သူများက ကိုးစားယုံကြည်ရသည့် အခြေအနေတစ်ရပ် ဖြစ်ထွန်းလာစေရန် ပြည်သူ့အားကို ရယူပြီး နိုင်ငံတော် အစိုးရ အနေဖြင့် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများသည် မိမိတို့ သားစဉ်မြေးဆက် များ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုအတွက် ဖြစ်သည်ကို နားလည်သဘောပေါက်ကြပြီး နိုင်ငံတော်အစိုးရနှင့်အတူ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်သူများက ဟန်ချက်ညီစွာ လိုက်ပါဆောင်ရွက်ကြမှသာ လိုရာခရီး ရောက်မည်ဆိုသည်ကို ပြောကြားလိုပါကြောင်း၊ မိမိတို့၏ နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ရန်ဆိုသည်ကို ပြည်ထောင်စုအတွင်း မှီတင်းနေ ထိုင်ကြသည့် မိမိတို့အားလုံး၏ ပုံသေကားချပ် အတွေးအခေါ်၊ အယူအဆ၊ အလေ့အထများကို ပြုပြင် ပြောင်းလဲနိုင်စွမ်း ရှိမှုအပေါ် အများကြီး မူတည်နေသည်ကို အလေးအနက် သတိထားကြစေလိုပါကြောင်း။

 

ဒီမိုကရေစီ ကျင့်စဉ်အရ ပြည်သူကို ဦးထိပ်ထားပြီး ပြည်သူကို လေးစားစွာ အလုပ်အကျွေးပြုရန်နှင့် ပြည်သူ့ဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်သည့် အုပ်ချုပ်ရေးနှင့် သန့်ရှင်းသည့် အစိုးရဖြစ် လာစေရန် ပြည်သူ့ဝန်ထမ်းများ ကိုယ်တိုင်က ပြုပြင်ပြောင်းလဲနိုင်မှု၊ ယုံကြည်မှု အပြည့်အဝဖြင့် လိုက်ပါဖော်ဆောင်ပေးကြရန် လေးလေးနက်နက် တိုက်တွန်း ပြောကြားလိုပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ကြီး အဘက်ဘက်မှ တိုးတက် ဖွံ့ဖြိုးစေရန်၊ သက်ဆိုင်ရာဒေသ ဖွံ့ဖြိုးစေရန် နိုင်ငံတော်က ငွေကုန်ကြေးကျခံပြီး အလေးအနက်ထား ရင်းနှီးမြှုပ်နှံပေးခဲ့သည့် လမ်း၊ တံတား အပါအဝင် အခြေခံ အဆောက်အအုံများ ရေရှည်တည်တံ့အောင် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုကြောင်း၊ အဂတိကင်းသည့် လူ့အသိုင်းအဝိုင်းကို ဖော်ဆောင်ပေးကြပါ၊ တရားမျှတသည့် လူ့အဖွဲ့အစည်းကို ဖန်တီးပေးကြ စေလိုကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု မရှိစေရန် ကာကွယ်ပေးကြစေ လိုကြောင်း၊ သယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်ပေးကြစေလိုကြောင်း၊ နိုင်ငံအဆင့် အပန်းဖြေ ကမ်းခြေများ ဖြစ်လာအောင် ကြိုးစားပေးကြစေလို ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် အရင်းခံပြီး ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှု၊ ချစ်ကြည် ရင်းနှီးမှုများဖြင့် ငြိမ်းချမ်းသာယာ ဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကြီးကို တက်ညီလက်ညီ တည်ဆောက်ပေးကြပါရန် အလေးအနက်ထား ပြောကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က တံတား တည်ဆောက်ရခြင်း၊ အစိုးရသစ်လက်ထက် လမ်း၊ တံတားများနှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်နေမှုနှင့် ဆက်လက် တည်ဆောက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်း ဒေသကြီးအတွင်း လမ်းကွန်ယက်များ ကောင်းမွန်ရေး အတွက် လမ်း၊ တံတားများ ပြုပြင် တည်ဆောက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒေသခံတစ်ဦးက တံတားတည်ဆောက်ပေးမှုနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးဝင်းဌေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးဝင်း၊ တံတားအထူးအဖွဲ့ (၁၅) မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူရနှင့် ဒေသခံပြည်သူတစ်ဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် တံတားဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက တံတားကမ္ပည်း မော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေး နံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တံတားပေါ်မှ ဖြတ်သန်း ကြည့်ရှုကြသည်။

 

ယနေ့ဖွင့်လှစ်သည့် ရွှေသောင်ယံတံတား (မကျီးချောင်း) သည် ရွှေသောင်ယံ-ချောင်းသာကို အလွယ်တကူ သွားလာနိုင်ပြီး အရှည် (၈၂၇) ပေရှိပြီး သံကူကွန်ကရစ် အမျိုးအစားဖြစ်သည်။ ယခုတံတား တည်ဆောက်နိုင်ခြင်းကြောင့် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ပင်လယ်ကမ်းခြေတစ်လျှောက် သွားလာနိုင်မည်ဖြစ်ပြီး ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် ပုသိမ်မြို့ ရွှေတောင် ကျောင်းတိုက်ဆရာတော်နှင့် မင်္ဂလာစံကျောင်းတိုက် ဆရာတော် တို့အား သွားရောက် ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ခုတင် (၅၀ဝ) (၉) ထပ်တိုးချဲ့ လူနာဆောင် တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပုသိမ် ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးသန့်က ဆေးရုံတည်ဆောက်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ နှစ်အလိုက် ဘဏ္ဍာငွေရရှိမှု၊ လုပ်ငန်းပြီးစီးမှု ပမာဏ၊ လုပ်ငန်းအပ်နှံခဲ့မှု အဆင့်ဆင့်နှင့် ဆေးရုံအတွက် ဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်အပေါ် နိုင်ငံတော်သမ္မတက ယခုဆေးရုံ (၉) ထပ်ဆောင် တည်ဆောက်မှုနှင့် စပ်လျဉ်း၍ ဥပဒေ ၊ တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့်အညီ တိတိကျကျလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားပြီး တည်ဆောက်ဆဲ (၉) ထပ်ဆောင်ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ပုသိမ်ဆေးရုံကြီးတွင် တက်ရောက် ဆေးကုနေကြသည့် လူနာများကို ကြည့်ရှုအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများကို ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ပုသိမ်မြို့မှ တပ်မတော် အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲ ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ ကြသည်။

 

(သတင်းစဉ်)