နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး ၅ ထပ်ဆောင်ဆောက်လုပ်နေမှုနှင့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ ၂ လမ်းသွားကားလမ်း ဖောက်လုပ်မည့် စီမံကိန်းလမ်းပိုင်းအား ကြည့်ရှုစစ်ဆေး

ထားဝယ် ၃  မေ  

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဦးအုန်းမောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာရာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ရောက်ရှိကြသည်။

 

1

 

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးတင်အောင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံများနှင့် ယဉ်ကျေးမှုအဖွဲ့များက ထားဝယ်လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

 

1

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ထားဝယ်မြို့တော်ခန်းမ၌ ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရား လွှတ်တော်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။

 

1

 

နိုင်ငံတော်သမ္မတက လမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရန် အားလုံးက သန္နိဋ္ဌာန်ချ ထား ပြီးဖြစ်ပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်သည့်ခရီး အောင်မြင်ချောမွေ့စေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သည့်အခါ ယင်းပြုပြင်ပြောင်းလဲမှုများကို တာဝန်ရှိပုဂ္ဂိုလ်များအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ တွေ့ဆုံပွဲပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်သည် နိုင်ငံသူနိုင်ငံသားများအတွက် လွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုပေးသည့် စနစ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် အတွက် တိုင်းရင်းသားလူမျိုးများ မပါဘဲနှင့် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်၍ မရပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ၎င်းတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ ဖွံ့ဖြိုးတက်စေရန် အားပေးကြရမည် ဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရာတွင် အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်တွင် ပါဝင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးရှိ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး ပြုပြင်ပြောင်းလဲမှုတွင် လိုက်ပါဆောင်ရွက်နိုင်မှ အောင်မြင်မည်ဖြစ်ပါကြောင်း၊ CSO များ၊ NGO များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများကလည်း ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြရမည်ဖြစ် ပါကြောင်း၊ သို့မှသာ အောင်မြင်မည် ဖြစ်ပါကြောင်း။

 

ယနေ့ Globalization ခေတ်ကြီးတွင် ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲ နိုင်ငံတော် တိုးတက်၊ တည်ငြိမ်အေးချမ်း၊ သာယာဝပြောနိုင်မည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် ပြုပြင်ပြောင်းလဲမှုသည် မိမိတို့အားလုံး မဖြစ်မနေ အသိစိတ်ဓာတ်ရှိရှိဖြင့် လုပ်ကြရမည့် တာဝန်တစ်ခုဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် စိုးရိမ်စရာကိစ္စ မဟုတ်ပါကြောင်း၊ နိုင်ငံသူနိုင်ငံသားများအတွက်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခွင့်အခါကောင်း ဖြစ်ပါကြောင်း၊ ဒီမိုကရက်တစ် အုပ်ချုပ်မှုစနစ်ဖြစ်မှသာ တိုင်းပြည်တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးမှ တိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးရန်အတွက် ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်ခြင်းဖြစ်ပါကြောင်း၊  အလားတူ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှ မိမိတို့နိုင်ငံ ငြိမ်းချမ်းရေး ရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရမှသာ ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်ပါကြောင်း၊ သို့မှသာ လူအခွင့်အရေး အသီးအပွင့်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တောင်ပေါ် မြေပြန့်မခွဲခြားဘဲ အားလုံးတန်းတူညီမျှ ခံစားခွင့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မြန်တိုးတက်ရန်၊ အောင်မြင်ရန်အတွက်ဆိုလျှင် အားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးပြီး တက်ညီ လက်ညီ လုပ်နိုင်မှ မြန်မြန်ဆန်ဆန် တိုးတက်အောင်မြင်မည်ဖြစ်ပါကြောင်း။

 

မိမိတို့သွားချင်သည့် အုပ်ချုပ်ရေးစနစ်မှာ နိုင်ငံရေး တရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ လူမှုရေး တရားမျှတမှုရှိသည့် အုပ်ချုပ်ရေးစနစ် ဖြစ်ပါကြောင်း၊ တရားမျှတမှုသည် လူတိုင်းနှင့် သက်ဆိုင်ပါကြောင်း၊ တရားမျှတသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှ ဒီမိုကရေစီစနစ် ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ လူသားတိုင်းကို တရားမျှတမှုပေးနိုင်မှ လူမှုအဖွဲ့အစည်း ခိုင်မာတောင့်တင်းမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ စနစ်တွင် အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ ဥပဒေအရ ညီမျှမှုရှိရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှ ဒီမိုကရေစီ ခိုင်မြဲမည်၊ လူအခွင့်အရေး တောင့်တင်းမည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့သည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပါကြောင်း၊ တရားဥပဒေစိုးမိုးမှု မရှိလျှင် ဒီမိုကရေစီ အခွင့်အရေး ဆုံးရှုံးသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ အုပ်ချုပ်မှုစနစ်သည် တရားဥပဒေ စိုးမိုးရေးကို အထောက်အကူဖြစ်သည့် အုပ်ချုပ်ရေးယန္တရားဖြစ်ရန် လိုအပ်ပါကြောင်း၊ ထို့အတူ အုပ်ချုပ်ရေးယန္တရားသည် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ယန္တရားဖြစ် ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း။

 

ဒီမိုကရေစီစနစ်တွင် ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ဖြစ်ပါကြောင်း၊ ပြည်သူက တာဝန်ပေးသည့်အတွက် မိမိတို့အားလုံး တာဝန်ထမ်းဆောင်နေရခြင်း ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်သည် ပြည်သူကို ဗဟိုပြုရမည်၊ အလုပ်အကျွေးပြုရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ဝန်ဆောင်မှုသည် ပြည်သူကိုအလုပ်အကျွေးပြုသည့် ဝန်ဆောင်မှုသာ ဖြစ်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူကပေးသည့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန်လိုအပ်ပါကြောင်း။

 

နိုင်ငံတော်၏ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှုမရှိအောင်လည်း ထိန်းသိမ်းကြရ မည်ဖြစ်ပါကြောင်း၊ ဝေဖန်ထောက်ပြခြင်းသည် အစိုးရကို တိုက်ခိုက်ခြင်း၊ ပုတ်ခတ်ခြင်း မဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အခြေခံ Mindset များကိုလည်း ပြောင်းလဲပစ်ရမည်ဖြစ်ပါကြောင်း၊ အားလုံးလိုက်ပါ မပြောင်းလဲပါက အောင်မြင်နိုင်မည် မဟုတ်ပါကြောင်း၊ အစိုးရအဖွဲ့တစ်ဖွဲ့ အပေါ်ပိုင်းပြောင်းရုံနှင့် ပြုပြင်ပြောင်းလဲပြီဟု ပြော၍မရပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် မူဝါဒချခြင်း၊ လုပ်ငန်းလမ်း ညွှန်ခြင်းတို့ကိုသာ ဆောင်ရွက်ပါကြောင်း၊ လက်တွေ့အကောင်အထည် ဖော်ကြရသည်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ပြည်ထောင်စုအစိုးရ၏ မူဝါဒများကို အကောင်အထည်ဖော်ရန် တာဝန်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများက အကောင်အထည်မဖော်နိုင်ပါက ပြုပြင်ပြောင်းလဲရေးမှာ ခရီးမရောက်နိုင်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်မှန်ကန်မှု၊ မြန်ဆန်မှုတို့ အပေါ်မူတည်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း။

 

မိမိတို့ တာဝန်ပေးလိုက်သည့် လုပ်ငန်းတစ်ခု မည်မျှပြီးပြီ၊ မည်သည့်နေရာသို့ ရောက်နေသည်၊ မည်မျှအချိန်ကြာသည်၊ မပြီးသေးဘူးဆိုပါကလည်း မည်သည့်အတွက်ကြောင့် ကြန့်ကြာနေသည်၊ မည်သူ့တွင် တာဝန်ရှိသည်ဆိုသည်ကို Follow up လိုက်ရမည်ဖြစ်ပါကြောင်း၊ လိုအပ်ပါက အဆင့်ဆင့် ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့မှသာ လုပ်ငန်းများ လျင်မြန်စွာ ပြီးပြတ်မည်ဖြစ်ပါကြောင်း။

 

ပြုပြင်ပြောင်းလဲမှု အောင်မြင်အောင် တိုက်တွန်းနေရခြင်းမှာ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ ကမ္ဘာ့အလယ်တွင် တင့်တယ်စေလိုသည့် အတွက်ကြောင့် ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ လက်အောက်ငယ်သားများကို ၎င်းတို့၏ စိတ်ခံယူချက်များကို ပြောင်းလဲအောင် ညွှန်ပြပေးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ လက်အောက်ငယ်သားများနှင့် သဟဇာတဖြစ်စွာ ပြောဆိုဆက်ဆံရန်လည်း လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့၏ ပြုပြင်ပြောင်းလဲမှုခရီးသည် အောင်မြင်ချောမွေ့ပြီး မြန်မြန်ခရီးရောက်မည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အခြေခံအုတ်မြစ် တောင့်တင်းခိုင်မာပြီး အချုပ်အခြာအာဏာသည် ပြည်သူ့၏ လက်ဝယ်တွင်သာ ရှိစေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက လွှတ်တော်ရေးရာလုပ်ငန်းများ ဆောင်ရွက်မှုကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးတင်အောင်က တရားလွှတ်တော်ရေးရာလုပ်ငန်းများ ဆောင်ရွက်မှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်ပြီး နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများရှိပါကြောင်း၊ ယင်းမူဝါဒများနှင့်အညီ သိမ်းဆည်းလယ်ယာမြေကိစ္စများကို မှန်မှန်ကန်ကန် စိစစ်ဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ စွန့်လွှတ်သည့်မြေများကို မူလပိုင်ရှင်များ လက်ဝယ်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိအောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးအောင်၊ သန္တာကျောက်တန်းများ မပျက်စီးအောင် သတိပြု၍ ဂရုတစိုက် ဆောင်ရွက်သင့်ကြောင်း၊ ထို့ပြင် ကျွန်းများတွင် အမှိုက်များ၊ ပလတ်စတစ် စွန့်ပစ်ခြင်းများ မရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျွန်းစုများသည် နိုင်ငံတော်ပိုင်ဖြစ်ပါကြောင်း၊ ယင်းအပေါ်တွင် လုပ်ငန်းလုပ်ပိုင်ခွင့် ပေးထားခြင်းသာ ဖြစ်ပါကြောင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား မဖြစ်စေလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သယံဇာတများသည် တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက်သာ ဖြစ်စေ ရမည်ဖြစ်ပါကြောင်း၊ ငါးသယံဇာတများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သယံဇာတများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေး၊ နယ်စပ်ဂိတ်များ လူဝင်/လူထွက် စနစ်တကျ စိစစ်ရေး၊ နယ်ဘက်အုပ်ချုပ်ရေးကိစ္စရပ်များ စနစ်တကျရှိစေရေးတို့ကိုလည်း ကြပ်မတ် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း။

 

ဥပဒေပြုသူများအနေဖြင့်လည်း တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဥပဒေပြုရေး၊ အပြန်အလှန်ထိန်းကျောင်းရေးလုပ်ငန်းများကို ဘောင်မကျော်ဘဲ ပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ တရားရေးကဏ္ဍတွင်လည်း လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးရမည် ဖြစ်ပါကြောင်း၊ တရားသူကြီးများအနေဖြင့် ရဲစခန်းအချုပ်၊ ရဲအချုပ်၊ ရဲဘက်စခန်းတို့တွင် လူ့အခွင့်အရေးဆုံးရှုံးမှု မရှိစေရေး စစ်ဆေးကြပ်မတ်ပေးစေလိုပါကြောင်း၊ ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးဖြစ်ရန်လိုကြောင်း၊ သက်သေခံပစ္စည်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှုမရှိစေရေး အချိန်နှင့် တစ်ပြေးညီ စီမံခန့်ခွဲ ဆောင်ရွက်စေလိုပါကြောင်း။

 

မိမိတို့ ပုခုံးပေါ်ကျရောက်လာသည့် သမိုင်းပေးတာဝန်တစ်ခုကို ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တာဝန်ရှိပုဂ္ဂိုလ်များအားလုံး အားကြိုးမာန်တက် တက်ညီလက်ညီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားဆောင် ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိရာ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆောင်အသစ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး ၅ ထပ်ဆောင် အဆောက်အဦ ဆောက်လုပ်နေမှု၊ ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်ရရှိမှု၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး ၅ ထပ် ဆောင် အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေကြသည့် လူနာများကို လိုက်လံအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

 

1

 

ထို့နောက် နိုင်ငံတော်သမ္မတသည် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ ၂ လမ်းသွားကားလမ်း ဖောက်လုပ်မည့် စီမံကိန်းလမ်းပိုင်းအား မော်တော်ယာဉ်များဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

နိုင်ငံတော်သမ္မတအား မေတ္တာ-ထီးခီးလမ်း ခမောင်းသွယ်တံတားထိပ် ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမြင့်ဟန်က ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ ဆက်သွယ်သည့် နှစ်လမ်းသွားကားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။

 

1

 

တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးနှင့်ပြည်နယ်များ တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများအချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် နိုင်ငံတော်ဘတ်ဂျက်ငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နယ်မြေဒေသများဖွံ့ဖြိုးမှ တည်ငြိမ်အေးချမ်းမှု ရရှိမည်ဖြစ်ပြီး တည်ငြိမ် အေးချမ်းမှုရှိမှသာ ငြိမ်းချမ်းသာယာမည် ဖြစ်သည့်အတွက် နယ်မြေဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။

 

(သတင်းစဉ်)