နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပဲခူးတိုင်းဒေသကြီးရှိအုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် ၂၈  ဇူလိုင်

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

 

 

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေနှင့် တရားသူကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ခရိုင်နှင့် မြို့နယ် များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လမ်းညွှန်အမှာစကားပြောကြား ရာ၌ ပဲခူးတိုင်းဒေသကြီးသို့ လာရောက်ရခြင်း ရည်ရွယ်ချက် နှစ်ခုရှိပါကြောင်း၊ နိ်ုင်ငံ တော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန်နှင့် အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံရန် တို့ဖြစ်ပါကြောင်း။

 

 

နိ်ုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီ ရင်ရေးကဏ္ဍတို့တွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် စိုးရိမ်ထိတ်လန့်နေရန် မလိုအပ်ပါကြောင်း၊ ယခုအချိန်သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်ရန် အခွင့်ကောင်း အခါကောင်းဖြစ်ပါကြောင်း၊ အားလုံးတက်ညီလက်ညီဖြင့် နည်းမှန်လမ်းမှန် လိုက်ပါဆောင်ရွက်မှသာ မိမိတို့တိုင်းပြည် အမြန်ဆုံးဖွံဖြိုးတိုးတက် ချမ်းသာကြွယ်ဝပြီး ပြည်သူလူထုလည်း လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း။

 

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ဦးတည်ဆောင် ရွက်နေပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီများအားလုံး အချိုးကျကျ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်း သာယာဝပြောရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးကို အလေးထား ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ တရားမျှတမှုရရှိရန်မှာ အားလုံးတွင် တာဝန်ရှိကြ ပါကြောင်း၊ တရားမျှတမှုရရှိရေး အကောင်အထည်ဖော်ခြင်းသည် ဒီမိုကရေစီ ခိုင်မာစေရေးဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်းကိုလည်း ခိုင်မာတောင့်တင်း စေပါကြောင်း။

 

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို အထောက်အပံ့ ဖြစ်စေပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်နိုင်မှသာ စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းသာယာ ဝပြောစည်ပင်လာမည် ဖြစ်ပါကြောင်း။

 

အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်သည့် ယန္တရားမဖြစ် စေလိုပါကြောင်း၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ပေးရန်လိုပါကြောင်း၊ ပြည်သူ လူထု၏ လွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်ပေးသည့် စီမံခန့်ခွဲမှုမျိုးဖြစ်စေလိုပါကြောင်း၊ ထို့ပြင်တာဝန်ယူမှု တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကြိုတင်သိ မြင်နိုင်မှုစသည့် အချက်များနှင့်လည်း ကိုက်ညီမှုရှိရန် အထူးလိုအပ်ပါကြောင်း။

 

ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ ဥပဒေများရေးဆွဲရာတွင် ခေတ်ကာလ လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိသည့် ဒီမိုကရေစီနှင့်လျော်ညီသည့် ဥပဒေများဖြစ်အောင် ရေးဆွဲကြရန်လိုအပ်ပါကြောင်း၊ တရားစီရင်ရေးနှင့်စပ်လျဉ်း၍ ဆင်းရဲချမ်းသာမရွေး၊ ရာထူးဌာနန္တရမရွေးဘဲ ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးဖြစ်ရန် လိုပါကြောင်း၊ တရားစီရင်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်ကန်ကန် တရားစီရင်ကြရန် လိုအပ်ပါကြောင်း။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အရပ်ဖက် အဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများ ပိုမိုပူးပေါင်းပါဝင်နိုင်ရန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေးသည် ပြည်သူများ အပါအဝင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာ ပိုမိုအောင်မြင်မည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးမှုများကို မသိကျိုးကျွန်ပြုထားခြင်း၊ လစ်လျူရှုထားခြင်း၊ မျက်ကွယ်ပြုထားခြင်းများကို ပြည်သူများက စောင့်ကြည့်ပေးထား ပြီး ဖော်ထုတ်ပေးကြရန် လိုပါကြောင်း။

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင် ဥပဒေများနှင့်အညီ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအလိုက် Corruption Prevention Unit (CPU) များဖွဲ့စည်းပြီး ထိန်းကျောင်းရန် စီမံလျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို ဆူကြုံနိမ့်မြင့်မရွေး  ဥပဒေနှင့်အညီ ကိ်ုင်တွယ်ဖြေရှင်းလျက်ရှိပါကြောင်း၊ အဂတိ ကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် ဆောင်ရွက်နေပါကြောင်း။

 

တရားစီရင်ရေးကဏ္ဍတွင် ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်ဆင့် တာဝန်ယူတာဝန်ခံ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များ၊ တရားစီရင်ရေးနှင့်စပ် လျဉ်းသည့် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တရားဥပဒေ၏ ရှေ့မှောက်တွင် နိုင်ငံသူနိုင်ငံသားများအားလုံး အညီအမျှဖြစ် ကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်လုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က လွှတ်တော် ရေးရာလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေက တရားလွှတ်တော်ရေးရာလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ရှင်းလင်းတင်ပြသည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍ အစီရင်ခံစာများနှင့်စပ်လျဉ်း၍ တရားစီရင်ရေး ကဏ္ဍတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများမရှိစေရန် အမြဲမပြတ်စောင့်ကြည့်ရန် လိုအပ်ပါကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်စေရန် အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမှုများကို မှန်မှန်နှင့် မြန်မြန် ဖြေရှင်းဆောင် ရွက်ပေးရန် လိုအပ်ပါကြောင်း။

 

ဥပဒေပြုရေးကဏ္ဍတွင် လွှတ်တော်သို့ အဆိုများတင်သွင်းရာ၌ လွှတ်တော်ဆိုင် ရာ ဥပဒေ၊ နည်းဥပဒေများနှင့်ညီရန်လိုပါကြောင်း၊ ကတိကဝတ်ပေးပြီးပါက အကောင် အထည်ဖော်ရန်လိ်ုပါကြောင်း၊ ဥပဒေများရေးဆွဲရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ရန်လိုပါကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍတွင် လယ်ယာမြေများစိစစ် ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ မူဝါဒနှင့်အညီ စိစစ်ကြရန်လိုပါကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသ၏လိုအပ်ချက်နှင့် ပြည်သူများအကျိုး ဖြစ်ထွန်းစေရန် လိုပါကြောင်း။

 

ဝန်ထမ်းများသည် နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းမှ ကျခံသုံးစွဲသည့် လစာ၊ စရိတ်ငွေနှင့် အခြားခံစားခွင့်များကို ခံစားကြရပါကြောင်း၊ အဆိုပါ ဝန်ထမ်း များတွင် အခွင့်အရေးနှင့် ဒွန်တွဲ၍ တာဝန်ယူမှုများရှိပါကြောင်း၊ အခွင့်အရေးကိုမှန် ကန်စွာသုံးစွဲပြီး တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရန်လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာကို ခံစားနေကြသည့် ဝန်ထမ်းများသည် ပြည်သူ့တာဝန်များကို တရားဥပဒေနှင့်အညီ ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ပြီး ပြည်သူကိုလေးစားစွာ အလုပ်အကျွေး ပြုကြရမည်၊ ပြည်သူကို ဝန်ဆောင်မှုများပေးကြ ရမည်ဖြစ်ပါကြောင်း။

 

ဝန်ထမ်းများအနေဖြင့် ပြည်သူကို တရားမျှတစွာဆက်ဆံရန်၊ ပြည်သူ့ဘဏ္ဍာကို အလေအလွင့်မရှိအောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေး၊ ဥပဒေပြု ရေး၊ တရားစီရင်ရေးတို့သည် အပြန်အလှန် ချိတ်ဆက်နေပါ၍ အပြန်အလှန်ထိန်း ကျောင်း ရန်လည်းတာဝန်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့ရှိ ဗုဒ္ဓအသံ ဓမ္မဗိမာန်သို့သွားရောက်ပြီး ပဲခူးမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေသို့ လွှဲပြောင်းထောက်ပံ့သည့် ငွေကျပ် သိန်း ၁၀ဝ၀ ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းထံ ပေးအပ်သည်။

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရေဘေးရှောင်ပြည်သူများ အတွက် ဆန်အိတ် ၁၀ဝ နှင့် ရေဘေးရှောင်မိသားစု ၁၀ဝ၀ အတွက် ထောက်ပံ့ရေး ပစ္စည်း ၆ မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ထောက်ပံ့ ပေးအပ်သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် ရေဘေးရှောင် ပြည်သူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ပြီး အားပေးစကားပြောကြားသည်။

 

(သတင်းစဉ်)