နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

နေပြည်တော် ၂၃ နိုဝင်ဘာ 

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကတိသစ္စာပြုခြင်းအခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် - 

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ဒုတိယဝန်ကြီးများနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ အမှူးပြုသော ကောင်စီဝင်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ 

 

ဒီနေ့အခမ်းအနားဟာ သတင်းမီဒီယာနည်းဥပဒေ အခန်း ၃ ပါ ပြဋ္ဌာန်းချက်များနဲ့အညီ သတင်းမီဒီယာ ကောင်စီဝင်များ ရွေးချယ်တင်မြှောက်ခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အတွက် နည်းဥပဒေ ၁၄ ပါအတိုင်း ကတိသစ္စာပြုကြခြင်း ဖြစ်ပါတယ်။ 

 

ကတိသစ္စာပြုကြပြီးတဲ့ သတင်းမီဒီယာကောင်စီဝင်များဟာ ကတိသစ္စာပြုချက်မှာ ပါဝင်တဲ့အတိုင်း မြန်မာ့စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် သတင်းမီဒီယာ ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရည်ရွယ်ချက်များနဲ့အညီ ကောင်စီရဲ့ လုပ်ငန်းတာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာနဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားနိုင်မယ်လို့  ယုံကြည်မျှော်လင့်ပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ 

 

ကျွန်တော့်အနေနဲ့ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်၌ ပြုလုပ်ခဲ့တဲ့ ကတိသစ္စာပြုပွဲ အခမ်းအနားမှာ “ပြည်သူတွေရဲ့ နားတွေမျက်စိတွေဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားကြဖို့” တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဒီနောက်ပိုင်း ပြောကြားခဲ့တဲ့ မိန့်ခွန်းများ၊ တွေ့ဆုံပွဲများမှာလည်း သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကို အလျဉ်းသင့်သလို ပြောကြားခဲ့တာတွေ ရှိပါတယ်။ 

 

ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်ချောမွေ့စေရန်၊ ပုံစံကျနေတဲ့ အတွေးအမြင်တွေ၊ ပုံသေကားကျ အလေ့အထတွေ ပြုပြင်ပြောင်းလဲပေးကြရန်၊ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေး တည့်မတ်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို ပိုမိုကာကွယ်ရန်၊ ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရန်၊ အဂတိလိုက်စားမှု ပိုမိုတိုက်ဖျက်ရန် စတဲ့ကိစ္စများမှာ အစိုးရအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေအပြင် ပုဂ္ဂလိကမီဒီယာတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေကပါ မှန်ကန်စွာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းကိုလည်း တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။ 

 

ကျွန်တော့်အနေနဲ့ နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ယူချိန်မှာ  ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေးရည်မှန်းချက်ပန်းတိုင် (၃)ရပ် ဖြစ်တဲ့-

 

(၁) တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊

 

(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊

 

(၃) ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊

 

တို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့အတူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကြီးများနဲ့ သတင်းမီဒီယာတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပြည်သူတွေအားလုံးရဲ့ စုပေါင်းအင်အားနဲ့ ကြိုးပမ်းလုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

 

ဒါ့ကြောင့် နိုင်ငံသားအားလုံး မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကပါဝင်တဲ့ သတင်းမီဒီယာသမားများ၊ စာနယ်ဇင်းသမားများဟာ သတင်းမီဒီယာဥပဒေပါ ရည်ရွယ်ချက်များ၊ ရပိုင်ခွင့်များ၊ တာဝန်နှင့်ကျင့်ဝတ်များနှင့်အညီ ရပ်တည်ဆောင်ရွက်နိုင်ဖို့ အထူးပဲလိုအပ်လှပါတယ်။ 

 

ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုဆိုတဲ့ ဒီမိုကရေစီ အခွင့်အရေးရရှိနိုင်ဖို့ ပြည်သူများနဲ့အတူ မီဒီယာများအနေနဲ့လည်း တက်ကြွစွာ ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့ကြတဲ့အတွက် ဒီနေ့ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ စတင်ခြေချ လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ “တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ” ဆိုတဲ့ နည်းလမ်းကိုအခြေခံပြီး ဟန်ချက်ညီညီ သတိတရားနဲ့ ဆင်ခြင်ပြီးတော့ ထိန်းသိမ်းလုပ်ဆောင်လျက်ရှိပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေး မတိမ်းစောင်းရအောင် နိုင်ငံတော်အစိုးရအနေနဲ့ ဂရုစိုက်ဆောင်ရွက်လျက်ရှိပါတယ်။ သတင်းမီဒီယာများ အကြောက်တရားကင်းကင်းနဲ့ ယခင်ကထက် လွတ်လပ်ပွင့်လင်းစွာ ပိုမိုရေးသား ဖော်ပြလာတာကို ကြိုဆိုရမှာဖြစ်သလို ဥပဒေနဲ့ မလွတ်မကင်းတဲ့အခါ အမှုအခင်းများ ဖြစ်လာတာကိုလည်း ကျွန်တော်တို့ သတိပြုမိပါတယ်။

 

ဒီမိုကရေစီကို ရှင်သန်စေချင်တယ်ဆိုရင် ဥပဒေကိုလေးစားရမှာဖြစ်သလို စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သတင်းမီဒီယာကောင်စီဝင်များ အနေနဲ့လည်း သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ ကောင်စီရဲ့ လုပ်ငန်းတာဝန်တွေကို ကျေပွန်ဖို့၊ သတင်းမီဒီယာသမားများရဲ့ ရပိုင်ခွင့်များရရှိဖို့၊ တာဝန်နဲ့ ကျင့်ဝတ်စည်းကမ်းများကို သတင်းမီဒီယာသမားများက လိုက်နာစေဖို့ လေ့ကျင့်ပေးကာ ဟန်ချက်ညီ မျှတအောင် ဦးတည်ကြိုးပမ်းရင်း တစ်ဖက်ကလည်း ပြည်သူများရဲ့ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီရာချီပြီး အခြေတည်ခဲ့တဲ့ နိုင်ငံတွေလို မီဒီယာလွတ်လပ်ခွင့်ကို ပွင့်သစ်စ ဒီမိုကရေစီနိုင်ငံမှာ ကျင့်သုံးချင်တဲ့ သဘောသဘာဝကိုလည်း ကျွန်တော်တို့သိရှိပါတယ်။ ဒီလိုကျင့်သုံးတဲ့အခါမှာလည်း သတင်းမီဒီယာရဲ့ လွတ်လပ်မှုကို မှန်ကန်စွာကျင့်သုံးသလို လွတ်လပ်မှုနဲ့ ဒွန်တွဲလျက် တာဝန်ယူမှု ရှိရတာကိုလည်း သတိချပ်စေလိုပါတယ်။

 

နိုင်ငံတော်အစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်လျှောက်လှမ်းနေချိန်မှာ သတင်းမီဒီယာတွေအနေနဲ့ တိုင်းရင်းသား အချင်းချင်းအကြား အမုန်းတရားတွေ၊ ပဋိပက္ခတွေ ပြင်းထန်မြင့်မားမလာအောင် ဆောင်ရန်၊ ရှောင်ရန် အချက်တွေကိုလည်း သတင်းမီဒီယာကောင်စီက ဦးဆောင်ချမှတ်ပေးဖို့လိုအပ်ပါတယ်။ ထိလွယ် ရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ရင် ဘယ်လိုဖော်ပြရမယ်၊ ဘယ်အရာတွေကို သတိပြုရမယ် စတဲ့ ပဋိပက္ခ သတင်းဆိုင်ရာ ရေးသားထုတ်လွှင့်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပေးကြဖို့ သတင်းမီဒီယာကောင်စီက ကြီးကြပ်စေလိုပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လမ်းကြောင်း မပြောင်းသွားစေရန် ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သတင်းမီဒီယာကောင်စီဟာ သတင်းမီဒီယာ ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်ဖို့ လိုပါတယ်။ နိုင်ငံသူနိုင်ငံသားများ ကာလကြာရှည်စွာ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပန်းတိုင် အမြန်ရောက်ရှိစေရေးအတွက် သတင်းမီဒီယာကောင်စီအနေနဲ့ ကြိုးပမ်း ဆောင်ရွက်ပေးကြပါလို့ အထူးပြောကြားလိုပါတယ်။

 

ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီမိုကရေစီအရေးအတွက် သတင်းမီဒီယာရဲ့ ဥပဒေနှင့်အညီ လွတ်လပ်ခွင့်ဟာ အရေးပါတယ်ဆိုတာကို နားလည်သဘောပေါက်ပါတယ်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ မီဒီယာကောင်စီရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါတဲ့ နေရာမှာရှိတယ်လို့ ခံယူထားပါတယ်။ ၂၁ ရာစုမှာ ပြည်သူလူထုက သိချင်တဲ့ကိစ္စတွေ များပြားလာတာနဲ့အမျှ သတင်းမီဒီယာသမားများဘက်ကလည်း အဖြစ်အပျက်မှန်ဖို့၊ အချက်အလက် တိကျခိုင်လုံဖို့၊ နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများရဲ့အကျိုးကို ထိခိုက်နစ်နာမှု ရှိ-မရှိ ဆင်ခြင်တုံတရား ထားရှိဖို့၊ တည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရန် သတိထားဖို့၊ နိုင်ငံတော်ရဲ့ လုံခြုံရေးကိုစောင့်ထိန်းဖို့ စသည်တို့ကို ဂရုစိုက်ရန် လိုအပ်မှာဖြစ်ပါတယ်။

 

ကျွန်တော် နားလည်သလောက် ပါဝါအပျော့ (Soft Power) ဖြစ်တဲ့ သတင်းမီဒီယာမှာလည်း အနှေးနဲ့အမြန်ဆိုတာ ရှိပါတယ်။ စာပေနဲ့ ယဉ်ကျေးမှု အနုပညာတို့က အနှေးမီဒီယာများ ဖြစ်ပါတယ်။ အသိပညာ အတတ်ပညာအလွှာများကို အဓိကထားကြပါတယ်။ တဖြည်းဖြည်းချင်း အကျိုးသက်ရောက်လာတာ ဖြစ်ပါတယ်။ ရေဒီယို၊ ရုပ်ရှင်၊ ဗီဒီယို၊ Social Mediaတွေက အမြန်မီဒီယာများ ဖြစ်ပါတယ်။ အချိန်တိုအတွင်း နယ်စည်းမခြားဘဲ နေရာဒေသအနှံ့အပြား လူထုပရိတ်သတ်ကြား ပျံ့နှံ့သွားပါတယ်။ ချက်ခြင်းလက်ငင်း ရေတိုအတွင်း အကျိုးသက်ရောက်နိုင်ပါတယ်။ ယခုလို Information Technology ခေတ်ကြီးတွင် နိုင်ငံရေးမှာ ဒီပါဝါအပျော့ (Soft Power) များနဲ့ ပို၍ပတ်သက် ချိတ်ဆက်လာပါတယ်။ ယင်းပါဝါအပျော့ (Soft Power) များကို မိမိတို့နိုင်ငံနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်များနဲ့ နိုင်ငံရဲ့ပုံရိပ်ကောင်းတစ်ခု ဖြစ်ပေါ်လာရန် လူထုဆက်ဆံရေးနယ်ပယ်တွင် အကျိုးအာနိသင်ရှိအောင် သုံးကြစေချင်ပါတယ်။

 

ကျွန်တော်တို့အနေနဲ့ ဆွေးနွေးပြောဆို ငြင်းခုံမှု၊ အကျိုးအကြောင်းနဲ့ ဝေဖန်ထောက်ပြမှုတွေ မရှိရင် ဒီမိုကရေစီ မရှိနိုင်ဘူးဆိုတာ လက်ခံထားပါတယ်။ ဝေဖန်ထောက်ပြတဲ့အခါမှာလည်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပန်းတိုင် ရောက်ရှိရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်နိုင်ရေးကို ဦးတည်ပြီး အပြုသဘောအမြင် ဖြစ်စေလိုပါတယ်။ အပြုသဘောအမြင်ဖြင့် ဝေဖန်ထောက်ပြကြသော်လည်း ရေးသားပုံရေးသားနည်း၊ တင်ပြပုံတင်ပြနည်း မမှန်ကန်ပါက အထင်အမြင် လွဲမှားပြီး ခုတ်ရာတခြား ရှရာတလွဲဖြစ်ခါ အပျက်သဘော သက်ရောက်သွားနိုင်တာကိုလည်း သတိချပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ကူးပြောင်းစနိုင်ငံ ဖြစ်ပါတယ်။ လမ်းရိုးလမ်းဟောင်းမှ လမ်းသစ်ကို ဖောက်ထွက်နေရတဲ့အခါ ရှောင်လို့မရတဲ့ အခက်အခဲ အကျပ်အတည်းတွေ ရှိပါတယ်။ ဒီလိုအခြေအနေ အချိန်အခါမျိုးမှာ အရင်းအနှီးကြီးကြီးပေးပြီး ရှားရှားပါးပါး ရရှိထားတဲ့ ဒီမိုကရေစီ အပင်ပေါက်လေး ရှင်သန်ကြီးထွားရေးကို ကျွန်တော်တို့အားလုံး အလေးအနက်ထားကြစေလိုပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်မြင်အောင် ကျွန်တော်တို့အားလုံးရဲ့ စုပေါင်းအင်အားနဲ့ မလုပ်နိုင်ကြရင် အနာဂတ်နိုင်ငံနဲ့ နောင်မျိုးဆက်သစ်တွေအပေါ် ကျွန်တော်တို့တွေ တာဝန်မကျေရာ ရောက်ပါမယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်ချက်၊ ခံယူချက်နဲ့ ရေကိုသား အကြားမထင်သကဲ့သို့ ပြည်သူနဲ့အတူ ညီညီညွတ်ညွတ်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး ဒီမိုကရေစီပန်းတိုင် ရောက်သည်အထိ ကြံ့ကြံ့ခံ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်။

 

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် တွေ့ကြုံနေရတဲ့ အခက်အခဲ အကြပ်အတည်းများ၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများကြားမှ ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေရတဲ့ အချိန်ကာလမှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ မြန်မာ့မီဒီယာလောကကို ဦးဆောင်ဦးရွက်ပြုကြရမယ့် သတင်းမီဒီယာကောင်စီဝင်များ အနေနဲ့-

 

(၁) သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရည်ရွယ်ချက်များကို အကောင်အထည် ဖော်နိုင်ကြပါစေ၊

 

(၂) သတင်းမီဒီယာသမားများရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေကို ဥပဒေနဲ့အညီ ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ကြပါစေ၊

 

(၃) သတင်းမီဒီယာ လောကသားများ ကျင့်ဝတ်စည်းကမ်းများနဲ့အညီ လုပ်ဆောင်နိုင်ရေးအတွက် ဦးဆောင်နိုင်ကြပါစေ၊

 

(၄)  နိုင်ငံသားတိုင်းရဲ့ သတင်းသိပိုင်ခွင့်ကိုပိုမိုဖြည့်ဆည်းပေးနိုင်ကြပါစေ၊

 

(၅) နိုင်ငံတကာ အသိုင်းအဝိုင်းအလယ်မှာ ကျွန်တော်တို့အား မွေးဖွားပေးလိုက်တဲ့ အမိနိုင်ငံတော်ရဲ့ ပုံရိပ်မြင့်မားလာအောင်၊ ကျွန်တော်တို့ နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာ ပို၍ မြင့်တက်လာအောင် သတင်းမီဒီယာရဲ့ စွမ်းအားနဲ့ ပုံဖော်ပေးနိုင်ကြပါစေလို့ အလေးအနက် ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။ 

 

အားလုံးကိုကျေးဇူးတင်ပါတယ်။