နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်  ဒုတိယအကြိမ်လွှတ်တော် (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

နေပြည်တော် ၁ ဖေဖော်ဝါရီ

ဒီနေ့ဟာဆိုရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မှတ်တမ်းဝင်တဲ့နေ့ တစ်နေ့ဖြစ်ပါတယ်။ အခုဆိုရင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း သုံးနှစ်မြောက်နေ့ ဖြစ်ပါတယ်။ လွှတ်တော်ဆိုတာ အချုပ်အခြာအာဏာ ပိုင်တဲ့ ပြည်သူလူထုက ရွေးကောက်တင်မြောက်ပြီး လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းလိုက်တဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီးဖြစ်တာကြောင့် လွှတ်တော်ရဲ့ အရှိန်အဝါက ကြီးမားလှပါတယ်။ ထို့အတူ ဒီကိုယ်စားလှယ်များက တိုင်းရေးပြည်ရာများ ဆွေးနွေးဖို့ စုဝေးရာ အရပ်ဒေသ ဥပဇာဖြစ်တဲ့ လွှတ်တော်အဆောက်အဦးရဲ့ခမ်းနားထည်ဝါမှုကလည်း ကြီးမားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ကျွန်တော်တို့ လွှတ်တော်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်မှာပါတဲ့အတိုင်း ပြောမယ်ဆိုရင် ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံသော အများက လေးစားအပ်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ဂုဏ်ထူးဝိသေသနဲ့ ပြည့်စုံသော ဆိုတဲ့နေရာမှာ ဂုဏ်ထူးထွက်ဖို့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို ကြေညက်ဖို့ လိုပါတယ်။ ထို့အတူ ဝိသေသဆိုတဲ့နေရာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ လွှတ်တော်ဖြစ်တဲ့အတွက် ဒီမိုကရေစီရဲ့ ဝိသေသလက္ခဏာတွေကိုလည်း နားလည် သဘောပေါက်ဖို့ လိုပါတယ်။ အများကလေးစားအပ်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့ဆိုရင် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုး၊ မဲဆန္ဒရှင်ပြည်သူတွေရဲ့အကျိုးကို တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြဖို့လိုပါတယ်။

ဒါ့အပြင် တစ်နေရာမှာတွေ့ရှိရတာက လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက အလေးထား တိုင်ပင်အပ်သောပုဂ္ဂိုလ်များလို့ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အလေးထား တိုင်ပင်အပ်သော ပုဂ္ဂိုလ်ဖြစ်အောင်လည်း ကိုယ်စားလှယ်များအနေနဲ့ အထွေထွေဗဟုသုတ ကြွယ်ဝဖို့လိုပါတယ်။ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ လုံခြုံရေးအမြင်တွေ ရှိရမယ့်အပြင် ဒေသဆိုင်ရာအမြင်နဲ့ နိုင်ငံတကာအမြင်လည်း ရှိဖို့လိုပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး မိမိတို့မဲဆန္ဒ နယ်မြေရဲ့ စီမံကိန်းတွေမှာဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးအပ်တဲ့ ပုဂ္ဂိုလ်များ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပေါင်းစပ်ညှိနှိုင်းဆွေးနွေးအပ်တယ်ဆိုတဲ့ နေရာမှာ အထူးသတိပြုရမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်စေဘဲဆိုတာ အထူးသတိပြုရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အုပ်ချုပ်ရေးမဏ္ဏိုင်၊ ဥပဒေပြုရေး မဏ္ဏိုင်၊ တရားစီရင်ရေးမဏ္ဏိုင် ဒီမဏ္ဏိုင်သုံးရပ်က တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဝင်ရောက်စွက်ဖက် ခြင်းမျိုးမဟုတ်ဘဲ တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အပြန်အလှန်ထိန်းကျောင်းခြင်းကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ လမ်းကြောင်းတိမ်းစောင်းမှု မရှိအောင် ထိန်းကျောင်းထားတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေကို ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေးတွေလည်း ပေးထားပါတယ်။ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေးတွေဟာ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားသလို တစ်ဖက်မှာလည်း မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေနဲ့ပတ်သက်ရင် ကန့်သတ်ချက်၊ စည်းကမ်းချက်၊ ကျင့်ဝတ်တွေ ရှိပါတယ်။  ကန့်သတ်ချက်၊ စည်းကမ်းချက်၊ ကျင့်ဝတ်တွေဟာ တကယ်ပြောမယ်ဆိုရင် ကိုယ်စားလှယ်တွေကို တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေချင်တာဖြစ်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် လွတ်လပ်ခွင့်နဲ့ အခွင့်အရေးကို မှန်ကန်စွာကျင့်သုံးရသလို၊ တာဝန်ယူမှုနဲ့၊ တာဝန်ခံမှုကိုလည်း အလွဲသုံးစား မလုပ်ရဘူးဆိုတာကို ဒွန်တွဲပြဋ္ဌာန်းထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ လူထုလူတန်းစား အလွှာအသီးသီးကနေ ရောက်ရှိလာတာဖြစ်ပါတယ်။ အဲဒါကြောင့် တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူညီတဲ့ အတွေးအခေါ် အယူအဆတွေ ရှိကြသလို သဘောထား ကွဲပြားမှုတွေလည်း ရှိကြမှာ သဘာဝကျပါတယ်။ မတူညီတဲ့ သဘောထားတွေ၊ မတူညီတဲ့ကွဲပြားမှုတွေကို ဒီမိုကရေစီ မဏ္ဏိုင်ကြီး ၁၂ ချက်မှာပါတဲ့အတိုင်း သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းတွေနဲ့ အပြုသဘောအမြင်နဲ့ ဆွေးနွေးညှိနှိုင်းကြရမှာဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးညှိနှိုင်းမှု ရင့်ကျက်တည်ငြိမ် ခိုင်မာလာတာနဲ့အမျှ ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားပြီး ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးများလည်း တိုးတက်လာကာ လွှတ်တော်ရဲ့ဂုဏ်သိက္ခာလည်း မြင့်မားလာမှာဖြစ်ပါတယ်။ 

ကျွန်တော်တို့အမိ မြန်မာနိုင်ငံတော်ဟာ ပြည်ထောင်စု နိုင်ငံတော်ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးများအားလုံးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ရေမြေတောတောင် သဘာဝတွေ မတူညီကြပေမယ့် ပြည်နယ်တိုင်းဒေသကြီး အားလုံးဟာ ပြည်ထောင်စုရဲ့ အစိတ်အပိုင်းများဖြစ်တယ် ဆိုတာကို နှလုံးသွင်းစေချင်ပါတယ်။ ထို့အတူ တိုင်းရင်းသားလူမျိုးများ အကြားမှာလည်း ဘာသာစကား၊  စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေ မတူညီကြပေမယ့် ပြည်ထောင်စုသားများဖြစ်တယ် ဆိုတာကို ခံယူကြစေချင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကြီးမှာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး မတူညီတဲ့ ကွဲပြားမှုတွေကို စုစည်းညီညွတ်ခြင်းကသာလျှင် ပြည်ထောင်စုရဲ့ အင်အားများ ဖြစ်ပါကြောင်း အလေးအနက်ခံယူကြပါရန်ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

သတင်းစဉ်

 

mdn