နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော် ၁၈  ဩဂုတ်

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့သို့ ရောက်ရှိကြသည်။

 

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်လှ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများက မုံရွာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ လွှတ်တော် ကိုယ်စားလှယ်များ (ပြည်သူ၊ အမျိုးသား၊ တိုင်းဒေသကြီး) နှင့် တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လမ်းညွှန် အမှာစကား ပြောကြားသည်။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိမိအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်နိုင်အောင် ဒေသ အလိုက်တွေဆုံပွဲများ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် လစဉ်တင်ပြသည့် အစီအရင်ခံစာ ဖတ်ရှုပြီး ဦးစားပေးအလိုက် ယခုလိုလာရောက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံတွင် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ ပြုပြင် ပြောင်းလဲနိုင်ရန် တက်ညီလက်ညီ ဆောင်ရွက်နေပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးသက် ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက ဝိုင်းဝန်း ဆောင်ရွက်မှသာ ပြုပြင်ပြောင်းလဲမှုမြန်ဆန်စွာ အောင်မြင်မည်ဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံတွင် ရာစုနှစ်ထက်ဝက်ကျော် ဒီမိုကရေစီလမ်းစ ပျောက်ဆုံးခဲ့ပါကြောင်း၊ ယခုအခါမှာ ဒီမိုကရေစီလမ်းစ အပေါ်တွင် ပြုပြင်ပြောင်းလဲရေးကို အားလုံးက ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံသူ၊ နိုင်ငံသားများ အားလုံး တောင့်တနေသည့် ဆန္ဒဖြစ်ပါကြောင်း၊ ယင်းဆန္ဒကို အကောင်အထည် ဖော်ရန်မှာ အားလုံးတွင် တာဝန်ရှိပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုတွင် တချို့က တွန့်ဆုတ်နေမှု၊ စိုးရိမ်နေမှု၊ ဝန်လေးနေမှုများ ရှိနိုင်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် စိုးရိမ်စရာမဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး ရေစီးကြောင်းတွင်လိုက်ပါ နိုင်ခြင်းမရှိ ပါက မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးဆိုသည် မှာ မလွှဲမသွေဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ လောကနိယာမတရားအရ အမြဲမှန် ကန်နေသည့် တရားမှာ ပြောင်းလဲခြင်း တရားပင်ဖြစ်ပါကြောင်း၊ ပြောင်းလဲမှုရေစီးကြောင်းတွင် လိုက်ပါနိုင်မှသာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် ရန်သူမဟုတ်ပါကြောင်း၊ မိတ်ကောင်းဆွေ ကောင်းသာဖြစ်ပါကြောင်း၊ ယင်းကိုအလေး အနက်ထား သိစေလိုပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ ဒီမိုကရေစီနှင့် လူအခွင့်အရေးရရှိရန်အတွက် အခွင့်ကောင်း၊ အခါကောင်းဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် အတင်းအကြပ် တိုက်တွန်းနေရမည့် ကိစ္စ မဟုတ်ဘဲ မဖြစ်မနေလုပ်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင်လည်း အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ပြည်ထောင်စုကြီး တည်ထောင်ရန်မူဝါဒများ ချခဲ့ပါကြောင်း၊ မူဝါဒ ချမှတ်ရာတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက်ရန် ပန်းတိုင်ရှိပါကြောင်း၊ မိမိတို့တွင် ယုံကြည်ချက် ခိုင်မာသည့် ရပ်တည်ချက်လည်းရှိပါကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ပတ်သက်ပြီးလည်း မူဝါဒများချ မှတ်ထားပါကြောင်း။

 

အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ လူမှုရေးမျှတမှုရှိအောင် စီမံရန်ဖြစ်ပါကြောင်း၊ ထို့အတူအခွင့်အလမ်း ညီမျှမှု၊ အဆင့် အတန်းညီမျှမှု၊ တရားဥပဒေအရာတွင် ညီမျှမှုရှိအောင် စီမံပါကြောင်း၊ ထိုသို့ စီမံဆောင်ရွက်ထားသည့်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော်၏ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ညွှန်ကြားချက်များကို အကောင်အထည် ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ကျေပွန်ရန် လိုအပ်ပါကြောင်း။

 

ထို့အပြင် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများအား ညွှန်ကြားခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်း၊ ထိန်းကြောင်းခြင်း၊ စစ်ဆေးခြင်းတို့ ပြုလုပ်ရန် တာဝန်ရှိပါကြောင်း၊ အုပ်ချုပ်ရေးနှင့် စပ်လျဉ်း၍ တရားဥပဒေစိုးမိုးမှုကို အထောက်အကူ ပြုသည့် အုပ်ချုပ်ရေးစနစ်ဖြစ်စေလိုပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများအား ဖိနှိပ်ချုပ် ချယ်သည့် အုပ်ချုပ်ရေး ယန္တရားမဖြစ်စေလိုပါကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေးသည့် စီမံခန့်ခွဲမှုမျိုး ဖြစ်စေလိုပါကြောင်း၊ တရားမျှတ၍ ဘက်လိုက်မှု ကင်းသည့် အုပ်ချုပ်ရေးဖြစ်စေ လိုပါကြောင်း၊ တရားမျှတခြင်းသည် ဒီမိုကရေစီ ခိုင်မာရေး ဖြစ်ပါကြောင်း၊ တရားမျှတ ခြင်းသည် လူ့အဖွဲ့အစည်း ခိုင်မြဲရေးဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးနှင့်ဥပဒေ ပြုရေးမဏ္ဍိုင် တို့မှာ ဟန်ချက်ညီရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်ပင်ညှိနှိုင်းသင့်ပါကြောင်း၊ ယင်းသို့ တိုင်ပင်ညှိနှိုင်းရာတွင် ဝင်ရောက်စွက်ဖက်ခြင်း မျိုးမဟုတ်ဘဲ အပြန် အလှန်ထိန်းညှိခြင်း (Check and Balance) ကို နားလည်သင့်ပါကြောင်း။

 

တရားစီရင်ရေး အပိုင်းအနေဖြင့် ဥပဒေများနှင့်အညီ ဆောင်ရွက်စေလိုပါကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို လိုက်နာပြီး ဘက်လိုက်မှုကင်း သည့် တရားစီရင်ရေး ဖြစ်စေလိုပါကြောင်း၊ ဥပဒေအရာတွင် အားလုံး အညီအမျှဖြစ်စေ လိုပါကြောင်း၊ တရားစီရင်ရာ တွင်လည်း လုပ်ပိုင်ခွင့်ရှိသူများ၊ တာဝန်ရှိသူများ၏ ဝင်ရောက် စွက်ဖက်မှုကင်းရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး တရားသူကြီးများ အနေဖြင့် တရားရုံးအချုပ်များ၊ အကျဉ်းထောင်များ၊ ရဲဘက်စခန်း များသို့ သွားရောက်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိစေရေး စစ်ဆေးရန်နှင့် အဂတိကင်းစင်သည့် တရားစီရင်ရေးဖြစ်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်နေ ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံး ဟန်ချက်ညီညီဖွံ့ဖြိုး တိ်ုးတက်ရေးဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာပြီး တည်တံ့ခိုင်မြဲရန် ဦးတည်ပါကြောင်း။

 

အဂတိလိုက်စားမှု အပိုင်းတွင်လည်း မိမိတို့နိုင်ငံတွင် ဓလေ့သဖွယ်စွဲကပ်နေပါ ကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အသစ်ဖွဲ့စည်း ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအလိုက် Corruption Prevention Units (CPU) များ ဖွဲ့စည်းပြီး ထိန်းကျောင်းရန်လည်း စီစဉ်လျက်ရှိပါကြောင်း။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများ ရရှိနေပါကြောင်း၊ မူးယစ်ဆေးဝါး ကိစ္စကိုအုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် ဌာနအသီးသီးမှ တာဝန်ရှိ သူများကပါ ပူးပေါင်းဆောင်ရွက်စေ လိုပါကြောင်း။

 

ဝန်ထမ်းများသည်နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းမှ ကျခံသုံးစွဲသည့်လစာ၊ စရိတ်ငွေနှင့် အခြားခံစားခွင့်များကို ခံစားကြရပါကြောင်း၊ အဆိုပါဝန်ထမ်းများတွင် အခွင့် အရေးနှင့်ဒွန်တွဲ၍ တာဝန်ယူမှုများ ရှိပါကြောင်း၊ အခွင့်အရေးကို မှန်ကန်စွာသုံးစွဲပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အခက်အခဲအကျပ်အတည်းများ အတွက် ယာယီသက်သာမှုကို ကြည့်ပြီး နောင်မျိုးဆက်သစ်များအတွက် ရေရှည်အကျိုးစီးပွားကို မျက်ကွယ်မပြုစေလိုပါကြောင်း။

 

မိမိတို့အားလုံးသည် သမိုင်းပေး အခြေအနေအရ မိမိပခုံးပေါ်သို့ ကျရောက်လာ သည့် တာဝန်များကို မိမိဖြတ်သန်းသည့် ကာလတစ်ခုတွင် မိမိတို့လုပ်ဆောင်ချက်များ ကိုနောင်မျိုးဆက်သစ်များက တန်ဖိုးဖြတ်မည်ဖြစ်သည့်အတွက် အကောင်းဆုံးဖြစ် ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း မှာကြားသည်။

 

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက လွှတ်တော်ရေးရာ လုပ်ငန်းဆောင် ရွက်မှုများကိုလည်းကောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်က တရားလွှတ်တော်ရေးရာ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း ကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့်တရား စီရင်ရေးကဏ္ဍတို့မှ ရှင်းလင်းတင်ပြသည့် အစီရင်ခံစာများနှင့် စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းပြောကြားပြီး မိမိတို့အစိုးရ အနေဖြင့် တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်ရန် ကြိုးစား ခဲ့ပါကြောင်း၊ အမှုများကို မှန်မှန်ကန်ကန်ဆုံး ဖြတ်ရန်လို အပ်ပြီးတရားစွဲအဖွဲ့အစည်းများကပါ ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တရားစီရင်ရာတွင် ပြစ်မှုနှင့်ပြစ်ဒဏ်မျှတရန် လိုအပ်ပါကြောင်း၊ ဥပဒေပြုရေးသမားများ အနေဖြင့်လည်း အဆို၊မေခွန်းများနှင့် ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများကို နားလည်လိုက်နာရန် လိုအပ်ပါကြောင်း၊ သိမ်းဆည်းခံ လယ်ယာမြေများကို နိုင်ငံတော်ကချမှတ်ထား သည့် မူဝါဒများနှင့်အညီ ပြန်လည်စိစစ်ဆုံးဖြတ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ၇၀ ရာခိုင်နှုန်း ပြည်သူများသည့် စိုက်ပျိုးရေးလုပ်ကိုင်ကြသူများ ဖြစ်သည့်အတွက် လယ်ယာ မြေများ ပြန်လည်ရရှိသွားပါက အလုပ်ကိုင်အခွင့်အလမ်း တိုးတက်ရရှိသွားမည် ဖြစ်ပါ ကြောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အပိုင်းတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် နယ်စပ်ဝင်ပေါက် ထွက်ပေါက်များကို အထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊ တရားမဝင် သစ်ခိုးထုတ်မှု၊ တရားမဝင် ရွှေတူးဖော်မှုနှင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်း ရေးလုပ်ငန်းများကို ယခုထက်ပိုမို ဂရုစိုက်ဆောင်ရွက် သွားကြရန် လိုကြောင်းဖြင့် မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အရာတော်မြို့နယ်ရှိဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအရာတော်(၂) လျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်အေးထူးက အရာတော်(၂) စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရေစုပ်စက်ကြီးများ တပ်ဆင်ပြီးစီးမှု၊ လျှပ်စစ်တပ်ဆင်ခြင်း လုပ်ငန်းပြီးစီးမှုနှင့် နှစ်စဉ်စိုက်ပျိုး ရေပေးဝေမှု အခြေအနေများနှင့် စီမံကိန်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကစီမံကိန်းလုပ်ငန်းများအတွက် တင်ဒါခေါ် ယူသည့်အခါ နိုင်ငံတော်ကချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း၊ စီမံကိန်း ပြီးစီးပါက ရေပေးမြောင်းများတိုးချဲ့နိုင်ရေး ဆက်လက်ဆောင်ရွက်နိုင်ပါက ရေသောက်ဧရိယာတိုးတက်လာပြီး နွေသီးနှံ၊ မိုးသီးနှံများ ပိုမိုစိုက်ပျိုးလာနိုင်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ် ကြောင်းမှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မုံရွာမြို့မှ တပ်မတော်အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ရောက်ရှိကြသည်။

 

 (သတင်းစဉ်)

 

mdn