နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ACMECS CEO Forum “Connecting our Future:Enhancing ACMECS Cooperation and Integration ” ဖွင့်ပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြား

ဗန်ကောက် ဇွန် ၁၅

 

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် ACMECS CEO Forum “Connecting our Future:Enhancing ACMECS Cooperation and Integration “ဖွင့်ပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

 

အဆိုပါ ဖိုရမ်ဖွင့်ပွဲသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ် ချန်အိုချာ(ငြိမ်း)၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆန်၊ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်၊ မြန်မာ၊ ထိုင်း၊ကမ္ဘောဒီယားနိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီး များ၊ ACMECS အဖွဲ့ဝင်များနိုင်ငံများမှ အမှုဆောင်အရာရှိချုပ်များ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဖိုရမ်ဖွင့်ပွဲတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ် ချန်အိုချာ(ငြိမ်း)က မိန့်ခွန်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာတွင် ACMECS အဖွဲ့ဝင်နိုင်ငံများသည် ဒေသတွင်းနိုင်ငံများ အချင်းချင်း အကြားတွင် သာမက ဒေသ အပြင်ဘက်ရှိ အခြားသောနိုင်ငံများနှင့် ချိတ်ဆက်မှုများကို တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း။

 

သက်တမ်း ၁၅ နှစ် ရှိခဲ့ပြီဖြစ်သည့် ACMECS ပူးပေါင်းဆောင်ရွက်မှုသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ စိုက်ပျိုးရေး၊ သယ်ယူ ပို့ဆောင်ရေး၊ စက်မှုနှင့် စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစရှိသည့် အဓိကနယ်ပယ် (၈)ခုကို အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း။

 

ယခုအခါ ပြုပြင်ပြောင်းလဲ ဖွဲ့စည်းသွားမည့် ACMECS ပူးပေါင်းဆောင်ရွက်မှု ပုံစံအသစ်အရ အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ငွေကြေးဆိုင်ရာ အဖွဲ့ အစည်းများနှင့်ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

ACMECS CEO Forumသည် အက်ခ်မက်စ်ပင်မစီမံကိန်း (ACMECS Master Plan) ၏ ကနဦး စတင်တည်ထောင်မှု၊ အကောင်အထည်ဖော် ဆောင်ရွက်မှုတို့အတွက် သမိုင်းမှတ်တိုင် တစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယခုCEO Forum ကျင်းပရ ခြင်း၏ ရည်ရွယ် ချက်များနှင့်အညီ အက်ခ်မက်စ်နိုင်ငံ များ၏အစိုးရ၊ ပုဂ္ဂလိကနှင့်ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများအကြား နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် မှုများက အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံချင်း၏ ဖွံ့ဖြိုးတိုးတက်မှု ကိုသာမကဒေသတွင်း တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှုများကိုပါ ဖန်တီးပေးနိုင်ပါကြောင်း။

 

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများစွာကို ကျင့်သုံးအကောင်အထည် ဖော်ဆောင်ပြီး ဗဟိုချုပ်ကိုင်မှု စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲ ကျင့်သုံးလျက် ရှိပါကြောင်း၊ ထိုသို့ပြောင်းလဲကျင့်သုံးရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်သာကိုင်သာ အခွင့်အလမ်းများ ရရှိစေရေး အတွက် ဥပဒေ၊ မူဝါဒများလည်း ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိကြောင်း။

 

နိုင်ငံတကာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတို့တွင် ပုဂ္ဂလိကကဏ္ဍမှ တက်တက် ကြွကြွ ပါဝင် ဆောင်ရွက်ကြခြင်းဖြင့် နယ်ပယ်အသီးသီးတွင်အပြည့်အဝ အထောက် အကူပြုသည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များ၏ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက် မှုသည် အင်အား တစ်ခုဖြစ်ပါကြောင်း။

 

ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံရေးကတိကဝတ် တစ်ခုတည်းဖြင့် အောင်မြင်အောင် ဆောင်ရွက်၍ မရနိုင်ဘဲဒေသတွင်း၌ နားလည်မှုရှိရှိ အတူယှဉ်တွဲနေထိုင်ရေးက ပိုမိုအရေးပါကြောင်း၊ မဟာမဲခေါင်ဒေသတွင်း နေထိုင်ကြ သည့် ပြည်သူများအနေဖြင့် သမိုင်းပေးအမွေအနှစ်များကို အခြေပြု၍ ရည်မှန်းချက် ပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဒေသတွင်းနိုင်ငံများအကြား ညှိညှိနှိုင်းနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သော ဝန်းကျင်ကို ထိထိရောက်ရောက် လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆန်က မိန့်ခွန်းပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်တို့သည် ACMECS CEO Forum ဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ACMECS အဖွဲ့ဝင် နိုင်ငံများမှ အမှုဆောင်အရာရှိချုပ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် ACMECS CEO Forum သို့ တက်ရောက် လာကြသည့် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးဒေါ်ချိုချိုတို့သည် ပထုမ်ဌာနီခရိုင်ရှိ MadoPavillion ဘုရင့်စီမံကိန်းစိုက်ပျိုးရေး ပြတိုက်သို့ရောက်ရှိပြီး စိုက်ပျိုးရေးထုတ်ကုန် ပစ္စည်းများအား လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ပြတိုက်၌ ကျေးလက်ဒေသ နေပြည်သူများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်မှုရရှိရေး၊ စွန့်ပစ်ပစ္စည်း များမှ လောင်စာဆီ ထုတ်လုပ်ရေး ၊ စိုက်ပျိုးရေး သုတေသန လုပ်ငန်းများ အောင်မြင်မှု ရရှိရန် ကြိုးပမ်း ဆောင်ရွက်မှု Father Footstep video presentation ကို ကြည့်ရှုပြီး ပြတိုက်အတွင်း ပြသထားသည့် ထိုင်းရိုးရာ စိုက်ပျိုးထုတ်လုပ် ရောင်းချမှု ပြခန်းများအား လှည့်လည် ကြည့်ရှုကြသည်။

 

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် (၈)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(အက်မက်စ်) ထိပ်သီးအစည်းအဝေးနှင့် (၉)ကြိမ်မြောက် ကမ္ဘောဒီးယား- လာအို- မြန်မာ- ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေကြသည့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲနှင့် အစိုးရအဖွဲ့ အကြီးအကဲများအား ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် ဇနီးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

 

Ref; Myanmar President Office

 

mdn

 

 

mdn

 

 

mdn