နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည့် အခြေခံ စားသောက်ကုန်(၅)မျိုးအား ကျေးရွာအုပ်စုများသို့ ဆက်လက် ဖြန့်ဝေ

သရက် ၁၂ ဧပြီ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည့် အခြေခံ စားသောက်ကုန်(၅)မျိုးအား ကျေးရွာအုပ်စုများသို့ ဆက်လက်  ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၈)နာရီက ခရိုင်ခန်းမတွင် ကျေးရွာများအလိုက် ဆက်လက် ဖြန့်ဝေပေးလျှက်ရှိသည်။

 

အဆိုပါ အခြေခံစားသောက်ကုန်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူမျာက အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် အခြေခံ စားသောက်ကုန် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်(၁)ပိဿာ စားသောက်ကုန်(၅)မျိုးအား ကျေးရွာအလိုက် ဆက်လက် ခွဲဝေပေးလျက်ရှိသည်။

 

မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၆၁)အုပ်စု အိမ်ထောင်စုပေါင်း(၈၁၇၀)စု၊ လူဦးရေပေါင်း (၂၈၃၃၂) အတွက် ဆန် ၂၇၂၃ ဒသမ ၈အိတ်၊ ဆီ ၄၀၈၅ ပိဿာ၊ ပဲ (၈၁၇၀) ပိဿာ၊ ဆား (၄၀၈၅) ပိဿာ၊ ကြက်သွန်(၈၁၇၀)ပိဿာ ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)