နိုင်ငံတော်ကာကွယ်ရေးတွင် တပ်မတော်နှင့် အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းကောင်းများကို မွေးထုတ်ပေးလျက်ရှိသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်(UTC)မှ ရင်တွင်းစကားသံများ

 

တွေ့ဆုံမေးမြန်း - သတင်းအဖွဲ့             

                                                                                          

ကမ္ဘာ့နိုင်ငံအသီးသီးတွင်  နိုင်ငံတော်ကာကွယ်ရေးနှင့်   နိုင်ငံတော်၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ထားကြသည်။   နိုင်ငံတော်ကာကွယ်လိုသည့်စိတ်ဓာတ် မွေးဖွားပေါ်ပေါက်စေသည့်  ကနဦးအခြေခံပညာအဆင့်တွင် ကင်းထောက်လူငယ်များအဖြစ်လည်းကောင်း၊ တက္ကသိုလ်အဆင့်တွင် တက္ကသိုလ် အရန်တပ်ရင်းဟုခေါ်ဆိုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်များအဖြစ်လည်းကောင်း  လေ့ကျင့်သင်ကြားပေးလေ့ရှိသည်။   ထိုသို့လေ့ကျင့်သင်ကြားပေးရာတွင် ကျောင်းသား ကျောင်းသူများ စစ်ပညာသင်ကြား တတ်မြောက်စေရန်နှင့်  ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ရွေးချယ်လေ့ကျင့်သင်ကြားပေးခဲ့သည်။

၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်ပြီး တစ်နှစ်ခွဲအကြာ ၁၉၂၂ ခုနှစ် ဇွန်လတွင် တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ရင်း (Uni-versity Training Corps) ဖွင့်လှစ်ခဲ့သည်။  ၁၉၂၂ ခုနှစ် ဇွန်လတွင် အိန္ဒိယနယ်မြေ တပ်ဖွဲ့ဥပဒေအရ အမှတ် (၆) မြန်မာပြည်တပ်ရင်း၊ တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၂ ခုနှစ် အထိ တက္ကသိုလ်အရန်တပ်ရင်း လေ့ကျင့်‌ရေး သင်တန်းများကို ဖွင့်လှစ်ခဲ့ပြီး ၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ်ကာလတွင် တက္ကသိုလ် အရန်တပ်ရင်း၏ ဆောင်ရွက်မှုများ ရပ်ဆိုင်းခဲ့သည်။

၁၉၅၂ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် တက္ကသိုလ်အရန်တပ်ရင်း (ရန်ကုန်) ကို ပြန်လည်ဖွဲ့စည်းခဲ့၍ ၁၉၆၂ ခုနှစ်တွင် တက္ကသိုလ်အရန် တပ်ရင်း (ရန်ကုန်) အား ဖွဲ့စည်းပုံအရ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ရာ အမှတ်(၁) တက္ကသိုလ်လေ့ကျင့် ရေးတပ်ဟု အမည်ပြောင်းလဲခဲ့သည်။ ထို့မှတစ်ဖန် ၁၉၈၈ ခုနှစ် နောက်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ရာ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် (မန္တလေး) နှင့် အမှတ် (၃) တက္ကသိုလ်  လေ့ကျင့်ရေးတပ် (မော်လမြိုင်) တို့ကိုလည်း ဖွင့်လှစ်ခဲ့သည်။

 

mdn

 

မြန်မာနိုင်ငံ တစ်ဝန်းတွင် တက္ကသိုလ်လေ့ကျင့်ရေးတပ် ရှစ်ခုရှိပြီး ခုနစ်ခုသည် လေ့ကျင့်ရေး သင်တန်းများအတွက် တာဝန် ထမ်းဆောင်လျက်ရှိသည်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော်၊ ပုသိမ်၊ တောင်ငူတို့တွင် UTC များ ရှိပြီး လက်ရှိပုသိမ်မြို့တွင် ဖွင့်လှစ်လျက်ရှိသည်။

တပ်မတော် အင်အားရှိမှ တိုင်းပြည်စွမ်းအား တောင့်တင်းခိုင်မာမည်ဖြစ်ရာ ထိုသို့တိုင်းပြည်အင်အား တောင့်တင်းခိုင်မာမှုသည် ကျောင်းသား၊ လူငယ်တို့၏ လက်ဝယ်တွင် တည်ရှိလျက်ရှိသည်။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုသောစိတ်ဓာတ်သည် စစ်ပညာကာကွယ်ရေး လေ့ကျင့်သင်ကြားမှုမှ မွေးဖွားလာလေ့ရှိရာ နိုင်ငံ့ခေါင်းဆောင်များစွာကို မွေးထုတ်ပေးလျက်ရှိသည့် တက္ကသိုလ် လေ့ကျင့်ရေးတပ် (UTC) မှ တာဝန် ရှိသူတို့၏ ရင်တွင်းစကားသံတို့ ကို စုစည်းဖော်ပြလိုက်ပါသည်။

 

 

mdn

ဒေါက်တာတင်မောင်ထွန်း

( ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ အကြံပေးအဖွဲ့ဥက္ကဋ္ဌ)

တက္ကသိုလ် လေ့ကျင့်ရေးတပ် (UTC)ကို တက်‌ရောက်ခွင့်ရတဲ့အတွက် ခန္ဓာကိုယ်သန်စွမ်းမှု၊ ကျန်းမာရေးကောင်းမွန်မှုနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိလာ ခြင်း၊ အမိန့်နာခံတတ်မှုနဲ့ စည်းကမ်းကောင်းမွန်လာခြင်း၊ အဖွဲ့လိုက်ဆောင်ရွက်ရတဲ့ အတွက် ခေါင်းဆောင်မှုအခြေခံ သဘောတရားကို သိရှိနားလည်မှုမှ ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ထား ဖြစ်ပေါ်လာခြင်း၊ လက်နက်ငယ်တွေကို ကိုင်တွယ်ပစ်ခတ်တတ်လာတဲ့အပြင် တပ်ကြပ်အဆင့် စစ်နည်းဗျူဟာ တွေကိုလည်း တတ်မြောက်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ တက္ကသိုလ်လေ့ကျင့်ရေး သင်တန်းကို တက်ရောက်ပြီး တပ်မတော်ကို မဖြစ်မနေဝင်ရောက်ရမယ်ဆိုတဲ့ သတ်မှတ်ထားတာ မရှိပါဘူး။ သို့သော်လည်း တိုင်းပြည် ကာကွယ်ဖို့ ထမ်းဆောင်လိုတဲ့ ကျောင်းသား ကျောင်းသူတွေအတွက်တော့ လုံလောက်တဲ့ အထောက်အကူ ဖြစ်စေပါတယ်။

နိုင်ငံ့တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမယ့် လူငယ်ကျောင်းသား ကျောင်းသူတွေအနေနဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ တက္ကသိုလ်လေ့ကျင့်ရေးတပ်က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ စစ်ပညာနဲ့ အုပ်ချုပ်မှုဘာသာရပ်တွေက စစ်ဘက်၊ အရပ်ဘက်နဲ့ ကိုယ်ပိုင်လုပ်ငန်းတွေ ဆောင်ရွက်ကြရာမှာ စီမံခန့်ခွဲမှုဖြစ်တဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိုလည်း အထောက်အကူဖြစ်စေပါတယ်။ သင်တန်းတက်ရောက်ရာမှာ ခံယူချက်၊ ပြင်းပြတဲ့စိတ်နဲ့ လေ့ကျင့်သင်ကြား ခံယူမှုအပေါ်မှာ မူတည်ပြီး တစ်ချိန် မိမိအနာဂတ်ကိုပုံဖော်ရာမှာ အထောက်အပံ့ဖြစ်စေတဲ့အပြင် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်လိုတဲ့ ကျောင်းသား ကျောင်းသူတွေ အတွက် ပိုပြီးအကျိုးရှိစေပါတယ်။

အနာဂတ် လူငယ်တွေဟာ နိုင်ငံတော်အတွက်သာမက တပ်မတော်အတွက်လည်း အရေးပါပါတယ်။ UTC နုပျိုစဉ် အချိန်ကစပြီး ယခုရင့်ကျက်လာတဲ့ကာလအထိ မွေးထုတ်ပေးခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေဟာ နိုင်ငံတော် ကာကွယ်ရေးအတွက် လိုအပ်လာတဲ့အချိန်မှာ တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာဟာ အစဉ်အလာ ရှိခဲ့ပြီးသားပါ။ ဒါကြောင့်တက္ကသိုလ် အရန်တပ်ရင်းတွေက ထိုသို့သော ပုဂ္ဂိုလ်များ ပေါ်ထွန်းလာမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝ ကတည်းက UTC ရှိနေတာ ဖြစ်တဲ့အတွက် ထိုတပ်ရင်းတွေက ထွက်ပေါ်လာ တဲ့ နိုင်ငံ့ခေါင်းဆောင်တွေဟာ ယနေ့ဌာနအသီးသီးမှာ နိုင်ငံ့ တာဝန် ထမ်းဆောင်နေတာကို တွေ့ရမှာပါ။ နိုင်ငံအတွင်းက ကျောင်းသား ကျောင်းသူနဲ့ ပြည်သူ တွေအားလုံး အမိနိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန် ကိုယ်စီ ရှိကြပါတယ်။ လိုအပ်ရင် လိုအပ်သလို နိုင်ငံတာဝန်ကို ထမ်းဆောင်ဖို့ လေ့ကျင့်သင်ကြား ပေးနိုင်တဲ့ တက္ကသိုလ်လေ့ကျင့် ရေးတပ်မှာ လေ့ကျင့်သင်ကြားဖို့ ကျောင်းသား ကျောင်းသူတွေကို တိုက်တွန်းလိုပါတယ်။ UTC ဟာ နိုင်ငံသားကောင်း များစွာကို မွေးထုတ်ပေးနေတဲ့ သင်တန်း တစ်ခုလည်း ဖြစ်ပါတယ်။

 

 

mdn

ဗိုလ်ကြီးမင်းဝင်းမွန်

(အမှတ်(၁)တက္ကသိုလ်လေ့ကျင့် ရေးတပ်၊ တပ်မှူး)

တက္ကသိုလ် အရန်တပ်ရင်းကို ကိုလိုနီခေတ် ၁၉၂၂ ခုနှစ်ကနေ ၁၉၄၂ ခုနှစ်အထိ သင်တန်းဖွင့်လှစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်မှာ ရပ်ဆိုင်းသွားပြီးတော့ ၁၉၅၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ပါတယ်။ အမှတ်(၁)တက္ကသိုလ် လေ့ကျင့်ရေးတပ်အနေနဲ့ ၂၀၁၄ ခုနှစ်မှ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ ဖွင့်လှစ်သင် ကြားပေးခဲ့ပါတယ်။ တက္ကသိုလ် လေ့ကျင့်ရေးတပ်ကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်က စာသင်ကာလ ပြီးဆုံးသွားချိန်မှာ တပ်မတော်မှာ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအဖြစ် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် သင်လျော်တဲ့ သင်တန်းတစ်ခု သင်ကြားပေးနိုင်ဖို့၊ သင်တန်းတက်ရောက်ပြီးတဲ့ ကျောင်းသား ကျောင်းသူတွေဟာ နိုင်ငံတော် အရေးကြုံလာချိန်မှာ စုဆောင်းထားရှိဖို့ဖြစ်ပါတယ်။

 UTC သင်တန်းကို နှစ်မျိုးခွဲပြီး လေ့ကျင့်သင်ကြားပေးပါတယ်။ ပထမသင်တန်းက အခြေခံ စစ်ပညာသင်တန်းပါ။ နောက် တစ်မျိုးက တန်းမြင့်စစ်ပညာ သင်တန်းပါ။ အခြေခံကို အောင်မြင် ပြီးရင် တန်းမြင့်စစ်ပညာကို တက် ရောက်သင်ကြားခွင့် ရပါတယ်။ အခြေခံစစ်ပညာ သင်တန်းကို တပ်သားကြီးအဆင့်အထိ လေ့ကျင့်ပေးပြီးတော့ တန်းမြင့်စစ်ပညာ သင်တန်းကို အကြပ်အဆင့်အထိ သင်ကြားပေးပါတယ်။ သာမန် သင်တန်းချိန်မှာ ဆရာ ဆရာမနဲ့ ကျောင်းသား ကျောင်းသူတွေကို ခရီးအကွာအဝေးပေါ် မူတည်ပြီး ခရီးစရိတ်ပေးပါတယ်။ စစ်ဝတ်စုံ ကိုးမျိုးလည်း ထုတ်ပေးပါတယ်။ ရက် ၃၀ ထက်မပိုတဲ့ စခန်းချလေ့ကျင့်ရေး ကာလဆိုရင် သင်တန်းသားတွေရဲ့ ရာထူးအဆင့်အလိုက် လစာနဲ့ရိက္ခာလည်း ပေးပါတယ်။ UTC သင်တန်းဟာ သူတို့ရဲ့ဆန္ဒအရ တက်ရောက်ခွင့်ရတဲ့ သင်တန်းတစ်ခုပါ။ နိုင်ငံချစ်စိတ်၊ တပ်မတော်ကိုချစ်မြတ်နိုးစိတ်၊ တပ်မတော်သားတွေရဲ့ဘဝကို သိရှိခံစားလိုတဲ့စိတ်၊ ကိုယ်ချင်းစာနာတတ်တဲ့စိတ်တွေနဲ့ သင်တန်းတက်ရောက်ကြတဲ့ UTC ကျောင်း သား ကျောင်းသူတွေလည်း ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့အကျိုးစီးပွားအတွက် အရန်ဆိုတာရှိပါတယ်။ ဥပမာအားဖြင့် အမျိုးသားအကျိုး စီးပွားအတွက် ရွှေကိုအရန်အဖြစ်စုတာ၊ မဟာဗျူဟာမြောက် စွမ်းအင်အတွက် ရေနံကို အရန်ထားတာ၊ အင်အားကြီးနိုင်ငံတွေဆိုရင် မဟာဗျူဟာမြောက် တွင်းထွက်ပစ္စည်းတွေဖြစ်တဲ့ လေယာဉ်ထုတ်လုပ်တဲ့ သတ္တုတွေ၊ ဒုံးကျည်ထုတ်လုပ်တဲ့ သတ္တုတွေ ကို အရန်အဖြစ်ထားရှိလေ့ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဆိုရင်လည်း တိုင်းပြည်ကာကွယ်ရေးအတွက် UTC က လေ့ကျင့်ပြီးသား အရန်တပ်ဖွဲ့ဝင်တွေကို အရန်အဖြစ် စုဖွဲ့ပေးတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူအားလုံး မျိုးချစ်စိတ် ရှင်သန်ထက်မြက်နေမှ နိုင်ငံတော်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် UTC တပ်ဖွဲ့ဝင်တွေဟာလည်း မျိုးချစ်စိတ်ထက်သန်ဖို့လိုပြီး UTC ကိုဝင်ရောက်လာသူတွေဟာလည်း မျိုးချစ်စိတ်ကို အရင်းခံပြီး ဝင်ရောက်လာသူတွေ ပဲဖြစ်ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ UTC တက် ရောက်ပြီး စစ်တက္ကသိုလ် တက်ရောက်ခဲ့သူဖြစ်ပါတယ်။ ယခု အဆောက်အအုံရှေ့မှာပဲ နည်းပြဆရာနဲ့ သင်တန်းတက် ကျောင်းသားတွေ စုပေါင်းမှတ်တမ်းတင် ထားတာလည်းရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းအပါအဝင် နယ်ဘက် တွေမှာလည်း တာဝန်ထမ်းဆောင် နေတဲ့ UTC ကျောင်းသားဟောင်းများစွာ ရှိနေပါတယ်။ နိုင်ငံတော် ကာကွယ်ရေးဟာ နိုင်ငံသူ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေဟာ နိုင်ငံသူ နိုင်ငံသားတွေဖြစ်တဲ့ အတွက် အမိနိုင်ငံကိုကာကွယ်ဖို့ မွေးရာပါ တာဝန်တစ်ခုလည်း ဖြစ်ပါတယ်။

 

 

mdn

ဦးဇင်မောင်ဦး

(ဒဂုံတက္ကသိုလ်ရှေးဟောင်းသုတေသနပညာဌာန တွဲဖက်ပါမောက္ခ)

 တက္ကသိုလ် လေ့ကျင့်ရေးတပ် ပြန်လည်ဖွင့်လှစ်ချိန် အမှတ်(၂)တက္ကသိုလ် လေ့ကျင့်ရေးတပ် (မန္တလေး) ဖွင့်လှစ်ချိန်က စပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သင်တန်းတက်ရောက်တဲ့ ကျောင်းသား ကျောင်းသူတွေဟာ စိတ်ပါ ဝင်စားစွာ ပါဝင်ဆောင်ရွက်ကြ တာတွေ့ရပါတယ်။ တက္ကသိုလ် လေ့ကျင့်ရေးတပ်မှာ တက်ရောက် သင်ကြားခြင်းဟာ တပ်မတော်က သင်ကြားပေးတဲ့ သင်တန်းတွေ ဖြစ်တာကြောင့် အမိန့်နာခံတတ်မှု၊ ဒါပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ အချိန်ခွဲဝေသုံးစွဲတတ်မှု စတဲ့ အကျင့်ကောင်းတွေကို ရရှိစေပါတယ်။ စစ်သင်တန်းတွေကပေး လိက်တဲ့ အခြေခံစစ်ရေးသဘော တရားတွေဟာ အခြားသောနေရာ တွေမှာ အသုံးချဆောင်ရွက်နိုင်တာကိုလည်း တွေ့ရပါတယ်။

ကျွန်တော်တို့ တက္ကသိုလ် ကျောင်းသားဘဝမှာတုန်းက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) ပိတ်ထားတဲ့ကာလတစ်ခု ဖြစ်နေတော့ တက္ကသိုလ်ကျောင်း ဆရာဘဝကို ရောက်လာချိန် UTC ပြန်ဖွင့်ချိန်မှာ UTC ကို ဝင်ဖြစ်ခဲ့ တယ်။ UTC ဟာ လူငယ်တွေ အတွက် အလွန်လိုအပ်တဲ့သင်တန်း တစ်ခုလည်းဖြစ်ပါတယ်။ အခြေခံ စစ်ရေးပြသင်တန်း၊ လက်နက်ငယ် လေ့ကျင့်မှုသင်တန်း၊ စခန်းချ လေ့ကျင့်ရေး အစီအစဉ်တွေ၊ တပ်မတော်ရဲ့ အခြေခံစစ်ရေး သဘောတရားတွေ၊ စခန်းဝင် လေ့ကျင့်မှုအစီအစဉ်တွေ၊ တပ်ဖွဲ့ ပုံစံလေ့ကျင့်မှု အစီအစဉ်တွေနဲ့ စစ်ရေးပြလက်နက်ငယ် စတဲ့ဘာသာရပ်တွေကို သင်ကြားပေးတဲ့ သင်တန်းတစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ပညာဟာ နိုင်ငံသား တိုင်းတတ်ထားရင် ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒါကိုတတ်မြောက်ထားခြင်းအားဖြင့် မိမိကိုယ်ကို မိမိကာကွယ်နိုင်မယ်၊ မိမိရဲ့ရပ်ရွာ၊ မြို့နယ်ကို ကာကွယ်နိုင်မယ်။ ပြီးရင် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နိုင်တဲ့အဆင့်ထိ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေလို့ပါ။

 

mdn

ဒေါ်မေသူငြိမ်း

(ရန်ကုန်ပညာရေးတက္ကသိုလ်အမှတ်(၁)တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ခွဲမှူး)

တက္ကသိုလ် လေ့ကျင့်ရေးတပ် မှာ သင်တန်းတက်ရောက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာအပြင် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်မယ်၊ စိတ်ဓာတ် ပိုင်းဆိုင်ရာဆိုရင်လည်း ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် ချမှတ်နိုင်မယ်၊ မိမိကိုယ်ကို ယုံကြည်စွာ ဆောင်ရွက်နိုင်တဲ့ယုံကြည်မှုတွေ ရရှိစေပါတယ်။ လူမှုဆက်ဆံရေးအပိုင်းဆိုရင်လည်း အစုအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေ ရရှိစေပါတယ်။ တက္ကသိုလ်အသီးသီးက လာရောက်တက်ကြတဲ့ ကျောင်းသားတွေကို ခေါင်းဆောင်ပြီး ကြီးကြပ်ကွပ်ကဲရတဲ့အတွက် ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ ခေါင်းဆောင်မှုကောင်းအရည်အသွေးနဲ့ စီမံခန့်ခွဲ မှုပိုင်းကိုလည်း သင်တန်းသားများ တတ်မြောက်စေပါတယ်။

ကျွန်မက တက္ကသိုလ်ဆရာမ အဖြစ် တာဝန်ထမ်းဆောင်ချိန် မှာ UTC ဖွင့်ချိန်နဲ့ ကြုံကြိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်ဆရာမ အနေနဲ့ UTC တက်ရောက်ခဲ့ပါ တယ်။ UTC သင်တန်းဟာ အပြင် ကသင်တန်းတွေလို ငွေကြေးနဲ့ တက်ရောက်လို့ရတဲ့ သင်တန်း မျိုးမဟုတ်ပါဘူး။ မိမိတာဝန်ကျတဲ့ တက္ကသိုလ်မှာ ဒီသင်တန်းဖွင့်ချိန်နဲ့ ကြုံကြိုက်မှသာ တက်ရောက် ခွင့်ရတာပါ။ UTC သင်တန်းကို တက်ရောက်ခြင်းဖြင့် တက္ကသိုလ်အသီးသီးက မတူညီတဲ့ဘာသာရပ်တွေကို သင်ကြားကြတဲ့ ဆရာ ဆရာမတွေအချင်းချင်း တွေ့ဆုံတဲ့အခါမှာ အတွေ့အကြုံတွေကို ဖလှယ်နိုင်တဲ့ အကျိုးကျေးဇူးများ စွာလည်း ရရှိတယ်လို့ခံစားမိပါ တယ်။ နိုင်ငံသားတွေအနေနဲ့ စစ်ပညာကို သင်ယူခြင်းဟာ နိုင်ငံတော်က လုပ်ဆောင်နေတဲ့ စီမံကိန်းတွေမှာ အထောက်အကူ တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။ UTC သင်တန်းမှာ စာတွေ့၊ လက်တွေ့ သင်ကြားရတဲ့အပြင် တစ်နှစ်မှာတစ်ကြိမ် မိုးရာသီစခန်းဝင် လေ့ကျင့်မှုအစီအစဉ်တွေကြောင့် တောတွေ၊ တောင်တွေထဲ သွားရတာလည်း ရှိပါတယ်။ ဒီအတွေ့အကြုံတွေဟာ တပ်မတော်သားတစ်ယောက်ရဲ့နေ့စဉ် ဘဝကို ပိုပြီးစာနာနားလည်မိလာစေပါတယ်။

 

mdn

ဦးအောင်စိုး

(ရန်ကုန်စီးပွားရေးတက္ကသိုလ်၊စီမံခန့်ခွဲမှုပညာဌာန၊ ကထိက)

UTC သင်တန်းဟာ အဓိက အနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာကို ကျန်းမာကြံ့ခိုင်စေပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှု ရရှိစေပြီးတော့ ဘဝမှာစဉ်ဆက်မပြတ် အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဆိုရင် ကြံ့ခိုင်တဲ့စိတ်ဓာတ် ရှိဖို့လိုပါတယ်။ UTC ဟာ ဒါတွေကို အဓိက ပြုစုပျိုးထောင်ပေးပါတယ်။  ယနေ့ခေတ်မှာ တစ်ယောက်တည်း ဆောင်ရွက်ရ တဲ့ အလုပ်မျိုးထက် အသင်းအဖွဲ့နဲ့ လုပ်ဆောင်ရတာတွေ များလာပါတယ်။ အသင်းအဖွဲ့မှာ မိမိပါဝင်တဲ့ အခန်းကဏ္ဍက တစ်ခါတလေ Leader ဖြစ်မယ်၊ တစ်ခါတလေ Follwer ဖြစ်မယ်။ Leader ဆိုရင် လည်း Good Leader ၊ Follwer ဖြစ်ရင်လည်း ကောင်းမွန်တဲ့ Follwer အဖြစ်နဲ့ တပ်မတော်က စနစ်တကျ ပြုစုပျိုးထောင်ပေးပြီးသားဖြစ်တာကြောင့် အကျိုး ကျေးဇူးများပါတယ်။

ဒီသင်တန်းကို တက်ရင် ဘာအကျိုးကျေးဇူးရသလဲ။ ပညာရပ်ကတော့ မိမိအသုံးချတဲ့အပေါ်မှာ မူတည်ပါတယ်။ တက္ကသိုလ်ပဲဖြစ်ဖြစ်၊ စီးပွားရေး လုပ်ငန်းပဲဖြစ်ဖြစ် ရေရှည်အောင်မြင်တဲ့သူဖြစ်ဖို့အတွက် ကြံ့ခိုင်တဲ့စိတ်ကို ရရှိစေမှာဖြစ်ပါတယ်။ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ဒီသင်တန်းကို တက်ရောက်ခဲ့ရတဲ့ ကာလတွေမှာ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ပညာရှင်တွေ ဆုံဆည်းပြီး အချင်းချင်းပညာရပ် ဆိုင်ပိုင်းဆိုင်ရာ ဖလှယ်ခွင့်ရကြပါတယ်။ မိတ်ဆွေတိုးတယ်။ UTC သင်တန်းကို တက်ပြီးတဲ့ နောက်မှာ ကိုယ်ချင်းစာတရား၊ စာနာနားလည်မှုတွေ ဆောင်ရွက်တတ်လာတယ်။ ဒါတွေဟာ အမှတ်တရ ကောင်းတွေပါပဲ။ မိမိတို့နိုင်ငံအနေနဲ့ ပထဝီအနေအထားရ မဟာဗျူဟာကျတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေပါတယ်။ နိုင်ငံကြီးနှစ်နိုင်ငံရဲ့ ကြားမှာလည်း တည်ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ကုန်းတွင်းပိတ်နိုင်ငံမဟုတ်တာကြောင့် အခြားအခြားသော နိုင်ငံတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံသားတိုင်း၊ ကျောင်းသား ကျောင်းသူတိုင်း စစ်ပညာ တတ်မြောက်မယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ခမ်းနားတဲ့စိတ်ဓာတ် ရှိနေမယ်ဆိုရင် ဘယ်နိုင်ငံကမှ စိုးမိုးစွက်ဖက်နိုင်မှာ မဟုတ်ပါဘူး။ အင်အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေမှာပါ။ ပြည်သူတွေ ပူးပေါင်းပါဝင် ထောက်ပံ့ပေးမှသာ အင်အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေါ် လာမှာပါ။ ကိုယ်ကိုယ်တိုင်လည်း ဝင်ရောက်တာဝန်ထမ်းဆောင်မှသာ စာနာနားလည်နိုင်မှာဖြစ်တာကြောင့် စိတ်ခွန်အားတွေ နိုးကြားပြီး တိုင်းပြည်ကာကွယ်ရေးမှာ များစွာ အထောက်အကူပြုနိုင်ပါစေလို့ တိုက်တွန်းလိုပါတယ်။

 

mdn

မောင်ဇွဲထက်အောင်

(စတုတ္ထနှစ် ရုက္ခဗေဒ၊ဒဂုံတက္ကသိုလ်)

တက္ကသိုလ် လေ့ကျင့်ရေးတပ်မှာ ပထမနှစ်တန်းမြင့်စစ်ပညာ သင်တန်းကိုတက်ရောက်ခဲ့ပါတယ်။ ရှေးဘုရင် လက်ထက်ကဆိုရင် ယောကျ်ားကောင်း ယောကျ်ားမြတ်ဆိုတာ အဋ္ဌာရသက် ၁၈ ရပ်ကို တတ်မြောက် ရမယ်လို့ သတ်မှတ်ထားတာပါ။

ကျွန်တော်တို့ တက္ကသိုလ် လေ့ကျင့်ရေးတပ် စတက်တဲ့ အခြေခံပထမနှစ်ကနေပြီး တန်းမြင့်ဒုတိယနှစ်ထိ လေးနှစ် ဆက်တိုက် နည်းစနစ်ကျကျ တတ်မြောက်ဖို့အတွက် တပ်မှူးဗိုလ်ကြီးမင်းဝင်းမွန်နဲ့အတူ သင်တန်းနည်းပြအရာရှိ၊ အရာခံ၊ ဆရာကြီးတွေ ကောင်းစွာသင်ကြား ပေးခဲ့တာပါ။ ယခုလက်တွေ့အချိန်မှာ ကိုယ်လုပ်ရမယ့်လုပ်ငန်းကိစ္စတွေ အဆင်ပြေအောင်၊ အခက်အခဲတွေ ကြုံလာတဲ့အခါမှာလည်း ဖြေရှင်းတတ်အောင်၊ အုပ်ချုပ်မှုအပိုင်းမှာလည်း ဂျူနီယာညီငယ်၊ ညီမငယ်လေးတွေကိုလည်း ဘယ်လိုအုပ်ချုပ်ရမယ်ဆိုတာ သင်ကြားပြသပေးနိုင်တဲ့အတွက် ကျွန်တော်တို့ သင်တန်းတက်ရောက်ခဲ့ရတာ အကျိုးကျေးဇူး များစွာ ရရှိစေပါတယ်။

ဒီသင်တန်းကို တက်ရောက်ပြီးတဲ့နောက်ပိုင်းမှာ အများတကာနဲ့ ရင်ပေါင်တန်းပြီးတော့ ဘယ်အဖွဲ့အစည်းမဆို ပါဝင်နိုင်တဲ့ စိတ်အား ထက်သန်မှုကိုလည်း ရရှိလာပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်အတွက် ကျောင်းသားလူငယ်တွေဟာ အလွန်ပဲအရေးကြီးပါတယ်။ ဥပမာအနေနဲ့ပြောရရင် တိုင်းပြည်ရဲ့အနာဂတ်ဟာ လှေတစ်စင်းဆိုရင် နိုင်ငံတော် အကြီးအကဲတွေဟာ ပဲ့အနေနဲ့ ထိန်းပေးသူတွေပါ။ ရှေ့ဆက်ဖို့ဆိုတာ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ အားပြိုင် လှော်ခတ်ကြဖို့ အရေးကြီးပါတယ်။ နိုင်ငံအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံတော်နဲ့အတူ ကိုယ်တိုင်ပါဝင် ကြိုးစားမှသာ အောင်မြင်မှုပန်းတိုင်ကို တက်လှမ်းနိုင်မှာပါ။ နိုင်ငံနဲ့ ပြည်သူ အကျိုးရှိစေမယ့် လုပ်ဆောင်မှုတွေကို တစ်ထောင့်တစ်နေရာကနေ အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

 

mdn

မအေးငြိမ်းသူ

(စတုတ္ထနှစ်ရုက္ခဗေဒ၊ဒဂုံတက္ကသိုလ်)

ကျွန်မက ဒဂုံတက္ကသိုလ် စတုတ္ထနှစ် ရုက္ခဗေဒမှာ ပညာသင်ကြားနေတဲ့ မအေးငြိမ်းသူပဲဖြစ်ပါတယ်။ ကျွန်မက တက္ကသိုလ် လေ့ကျင့်ရေးတပ်မှ အခြေခံဒုတိယနှစ်သင်တန်းကို တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ကျွန်မတို့လူငယ်တွေအနေနဲ့ နိုင်ငံတော် ကာကွယ်ရေးအတွက် နိုင်ငံတကာ နဲ့ ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် ကျွန်မတို့လို လူငယ်တွေရဲ့ ကြိုးစား အားထုတ်မှု အထူးလိုအပ်ပါတယ်။ လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုကို နိုင်ငံတော်အနေနဲ့ ယုံကြည်မှုရှိရှိနဲ့ ထောက်ပံ့ ပေးစေချင်ပါတယ်။ ကိုယ်တတ်မြောက်ထားတဲ့ ပညာ ရပ်တွေနဲ့ နိုင်ငံတော်ကာကွယ် ရေးမှာ တစ်ထောင့်တစ်နေရာ ကနေ ကူညီဖို့ရှိနေပါတယ်။

တက္ကသိုလ်လေ့ကျင့်ရေး အရန်တပ်ရင်းဟာ အခြေခံစစ်ရေး သဘောတရားတွေ သင်ကြားပေးတဲ့ သင်တန်းဖြစ်တဲ့အတွက် သင်တန်းတက်ပြီးနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်။ စည်းစနစ်ကျလာတယ်။ အချိန်တွေကို စီမံခန့်ခွဲတတ်လာတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း ပိုပြီးတိုးတက်လာတယ်။ ယူနီဖောင်းဝတ်ထားတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတယ်။ သူများနဲ့ယှဉ်ရင် ငါဟာ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ လူပါလားလို့ ခံစားချက်တွေဖြစ်လာတယ်။ Camp တွေ သွားတဲ့အခါမှာလည်း ကိုယ့်အားကိုယ်ကိုးတဲ့စိတ်တွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်တဲ့စိတ်တွေ၊ အသင်းအဖွဲ့နဲ့ နေတတ်တဲ့စိတ်တွေ၊ စုပေါင်း လုပ်ဆောင်နိုင်တဲ့စိတ်တွေ ဖြစ်ပေါ် စေပါတယ်။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ လူငယ်တွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင်တွေဖြစ် တာကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ လူငယ်တွေကိုပဲ အားကိုးရမှာပါ။ ကျောင်းသား လူငယ်တွေ ဒီလိုသင်တန်းမျိုးကိုတက်စေချင်ပါတယ်။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တက်ပြီးတဲ့အခါမှာ အနည်းဆုံး တော့ မိမိကိုယ်ကိုကာကွယ် တတ်လာစေပါတယ်။ ကိုယ့်မိသားစု၊ ကိုယ်နေထိုင်တဲ့ပတ်ဝန်း ကျင်၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် နဲ့ နိုင်ငံတော်ကို ကာကွယ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်။ နိုင်ငံကိုချစ်တဲ့ မျိုးချစ်စိတ်တွေလည်း တက်ကြွလာစေပါတယ်။ ရန်ကုန် မှာ UTC သင်တန်းဖွင့်ရင် သင်တန်းဆက်တက်ဖို့ အသင့်ရှိနေပါတယ်။ တက်ရောက် သင်ကြားဖို့လည်း တိုက်တွန်းလိုပါတယ်။ အနည်းဆုံးတော့ မိမိနိုင်င အကြောင်း၊ တပ်မတော်သားတွေ တိုင်းပြည်အတွက် ဘယ်လို ကာကွယ်ပေးနေတယ်ဆိုတာ တစ်စိတ်တစ်ဒေသ ဖြစ်စေ၊ လက်တွေ့ကျကျဖြစ်စေ နားလည် သဘောပေါက်လာစေမှာပါ။