နိုင်ငံတော်၏ပုံရိပ်ကို ထုဆစ်ခြင်း

၁၄  ဇန်နဝါရီ

နိုင်ငံတည်ဆောက်ရေးဟုဆိုလျှင် လမ်း၊ တံတား၊ လျှပ်စစ်မီးတိုင်၊ သောက်သုံးရေ ပေးပို့စနစ်၊ ရေဆိုးနှင့် မိလ္လာစွန့်ပစ်စနစ်၊ အမှိုက်စွန့် စနစ် စသည့်အခြေခံအဆောက်အအုံများ၊ လူနေတိုက်တာ အိမ်ခြေများ။ စက်ရုံအလုပ်ရုံကြီးများ၊ ကျောင်း တက္ကသိုလ်၊ လွှတ်တော်၊ ဟိုတယ်။ ဆေးရုံ၊ အစိုးရ ပုဂ္ဂလိကရုံးကြီးများ အစရှိသည့် ရုပ်ပိုင်းဆိုင်ရာများ သာမကဒြပ်မဲ့ဖြစ်သော နိုင်ငံတော်၏ ပုံရိပ်၊နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ ပြည်သူလူထု၏ ကျေနပ် ပျော်ရွှင်မှု အစရှိသည်တို့ ပါဝင်၏။

ထို့ကြောင့် နိုင်ငံတော်တည်ဆောက်ရေး စီမံကိန်းများရေးဆွဲ ပြင်ဆင်သည် ဆိုလျှင် ဘယ်လိုနိုင်ငံမျိုး တည်ဆောက်မလဲဟူသည့် မဟာဗျူဟာနှင့် မှန်းဆချက်တို့ကို ဦးစွာချမှတ်ရလေသည်။ မည်သည့် ပုံရိပ်က ဦးစားပေးလဲ၊ မည်သည့်ရုပ်ဒြပ်က အရင်စရမလဲ၊ မည်သည်တို့ကို ကန့်သတ်မလဲ၊ မိမိနိုင်ငံတော်ကို မည်သို့မည်ပုံ ဖြစ်စေချင်သလဲ။ မည်သို့မည်ပုံ မြင်ချင်သလဲ ဟူသည်တို့က အခြေခံဖြစ်ပါသည်။

ထိုရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဘယ်သူတွေက စီမံကိန်းများ ရေးဆွဲမလဲ၊ ဘယ်သူတွေက မူဝါဒချမှတ်မလဲ၊ ဘယ်သူတွေက ဘယ်လိုဆုံးဖြတ် အကောင်အထည်ဖော်မလဲ ဟူသည့် အစီအမံများ လိုအပ်ပါသည်။ ။

ထိုသို့ လုပ်ငန်းစဉ်များဆောင်ရွက်သည့်အခါ အဓိက ဦးဆောင် အကောင်အထည်ဖော်ရမည့်သူများက အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူ နိုင်ငံရေးခေါင်းဆောင်များဖြစ်ပါသည်။ ဆုံးဖြတ်ချက်ချနိုင်သည့် တာဝန် ယူထားသူများဟု ယေဘုယျအားဖြင့် ဆိုရပါမည်။

ထိုလုပ်ပိုင်ခွင့်ရထားသည့် ခေါင်းဆောင်တို့သည် ပြည်သူလူထု အများစုက ရွေးချယ်တာဝန်ပေးသည့် ပြည်သူ့ကိုယ်စားပြု ခေါင်းဆောင်မျိုးရှိသလို မိမိဘာသာအင်အားသုံး စိုးမိုးအုပ်ချုပ်နေသည့် အာဏာရှင် ခေါင်းဆောင်မျိုးလည်း ရှိ၏။

အာဏာရှင်တို့သည် မိမိထင်ရာမြင်ရာ သင့်ရာတော်ရာတို့ကို ကိုယ့်သဘောကျ ဦးတည်ချက်ထားပြီး ပန်းတိုင်ကို သတ်မှတ်၏။ ပြည်သူကိုယ်စားပြုခေါင်းဆောင်တို့က ပြည်သူလူထု၏ သဘောဆန္ဒနှင့် ညှိနှိုင်း ၍ နိုင်ငံ၏ပုံရိပ်ကို တည်ဆောက်၏။ အာဏာရှင်စနစ်တွင် နိုင်ငံ၏ပုံရိပ် တည်ဆောက်ရေးဟူသည် အာဏာရှင်တို့ပေါ်တွင် လုံးလုံးလျားလျား မူတည်နေ၏။ ပြည်သူကိုယ်စားပြုစနစ် တစ်နည်းဆိုရလျှင် ဒီမိုကရေစီ စနစ်တွင်မူ နိုင်ငံသားတို့ပေါ်တွင် များစွာမူတည်နေ၏။ ။

အာဏာရှင်တို့ ဦးဆောင်သည့်အခါ အများအားဖြင့် ငါတကောကော လုပ်ခြင်းဖြင့် တိုင်းပြည်ပျက်ရ၊ ဆုံးရှုံးမှုများစွာဖြင့် ပြည်သူလူထု ဒုက္ခရောက်ကြရလေ့ရှိသည်။ အချို့သောအာဏာရှင်တို့ နိုင်ငံအကျိုးကို ရှေးရှုသည့်အယူအဆ အတွေးအမြင်ဖြင့် ဦးဆောင်သည့်အခါတွင် တိုင်းပြည်တိုးတက်ရေးအတွက် အင်အားရှိသလောက် စိတ်တိုင်းကျ ရဲရဲလုပ်ကိုင်ရင်း စိတ်ရှိသလောက်တွန်းနိုင်ခြင်းဖြင့် ဖြစ်ထွန်းအောင်မြင် ခဲ့သည်တို့လည်း နိုင်ငံတကာသမိုင်းတွင် ရှိပါ၏။ သို့သော်လည်း အာဏာရှင်ဟူသည် မိမိသဘောသက်သက်ဖြင့် တကောကော လုပ်ခွင့်ရလာသည့်အခါ ကိုယ်ကျိုးစီးပွားရှာလာနိုင်ခွင့်၊ အမှားအယွင်းကြီး မှားယွင်းနိုင်ခွင့် တို့နှင့်အတူ အခွင့်ထူးခံမှုတို့က တားဆီးမရအောင် ကြီးထွားလာလေ့ ရှိသည်ပဲဖြစ်၏။

ထို့ပြင် အာဏာရှင်တို့သည် အာဏာကို ရာသက်ပန်ပိုင်စိုးရန် ကြိုးစား၏။ သို့မဟုတ် သားစဉ်မြေးဆက်ဖြစ်စေ၊ မိမိတို့ ချုပ်ကိုင် ထိန်းကွပ်နိုင်သူ လက်အောက်ခံတို့ကိုဖြစ်စေ အာဏာကို အမွေပေးသလို လက်ပြေဝင်း လက်လွှဲပေးအပ်ကြ၏။ ဒီမိုကရေစီစနစ်တွင်မူလုပ်ပိုင် ခွင့်အာဏာရရှိမှုဟူသည် ပြည်သူလူထု ထောက်ခံအားပေးသည့် ကာလတစ်ခုအတွက်သာ ဖြစ်ပေသည်။

ထို့ပြင် ဒီမိုကရေစီစနစ်တွင် ခေါင်းဆောင်တို့သည် မည်မျှပင် မှန်ကန်သည်၊ ကောင်းမွန်သည်ဟု မိမိယုံကြည်သည်ဖြစ်စေ ပြည်သူအားလုံး၏ သဘောထားကို ခြုံငုံညှိနှိုင်းရသည့် သဘောသဘာ၀ရှိ၏။ ပြည်သူလူထုထဲတွင် မည်မျှပင် ထောက်ခံသူအများစုရှိသည် ဖြစ်စေ၊ ဆန့်ကျင်ဘက်အင်အားစုဆိုသည်က ရှိမြဲဖြစ်သည့်အတွက် ထိုအင်အားစုများနှင့် ညှိနှိုင်းရသည်လည်း ရှိ၏။ ထို့ကြောင့် လုံးတွင်ကျယ် မြန်ဆန်သော အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရေး ဟူသည်ကမူ ဖြစ်တောင့်ဖြစ်ခဲ့။

ပုံမှန်အားဖြင့်ဆိုလျှင် ဖြည်းဖြည်းနှင့်မှန်မှန် အကောင်အထည်ဖော်ကြရလေ့ရှိသည်။ သို့သော်လည်း ခေါင်းဆောင်တို့၏ ကိုယ်ကျိုးရှာမှု၊ အမှားအယွင်းပြုမှုတို့ရှိလာလျှင် ဒီမိုကရေစီစနစ်တွင်သာ ပြည်သူလူထုက ထိန်းကျောင်းပေးနိုင်ခွင့် ရှိလေသည်။

အထက်တွင်ဆိုခဲ့သလို ဒီမိုကရေစီစနစ်တွင် ဘယ်လိုနိုင်ငံအဖြစ် တည်ဆောက်မည်လဲဆိုသည်ကို နိုင်ငံသားတို့ကသာ ရွေးချယ်ရမည်။ နိုင်ငံတော်၏ပုံရိပ်ကို နိုင်ငံသားတို့သာ ပုံဖော်ခွင့်ရသင့်၏။ ဤသည်ပင် အခြေခံမူဖြစ်၏။ ထိုမူကို အာမခံရသည်က ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်၏။ အခြေခံဥပဒေသည် ပြည်သူလူထု၏ သဘောဆန္ဒနှင့်အညီ ဖြစ်မှသာ ပြည်သူလူထုတည်ဆောက်လိုသော နိုင်ငံတော်၏ပုံရိပ် အစစ်အမှန် ဖြစ်ပေလိမ့်မည်။ ။

ဤသည်ပင် ဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သည့်အားလျော်စွာ နိုင်ငံတော်၏ပုံရိပ်သည် ပြည်သူလူထု၏ အဆုံးအဖြတ်ပေါ်တွင်သာ တည်ရှိစေသင့်သည် ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း