နိုင်ငံတော်၏လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် မူတည်ပြီးမှသာ လေယာဉ်ကွင်းများကို တိုးချဲ့သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ပြောကြား

နေပြည်တော် ၁၆ မေ

 

လေယာဉ်ကွင်းကို ဆောက်လုပ်ပြီးသော်လည်း လေယာဉ်မလာလျှင် အားလုံးအတွက် နစ်နာမည် ဖြစ်သောကြောင့် မိမိအနေဖြင့်  နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် မူတည်ပြီးမှသာ လေယာဉ်ကွင်းများကို တိုးချဲ့သွားမည်ဖြစ်သည့်အတွက် မည်သည့်အချိန်ဆိုသည်ကို မပြောနိုင်သေးပါကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ တွင် ကျင်းပခဲ့ပြီး ပခုက္ကူ မဲဆန္ဒနယ်မှ ဦးပိုက်ကို မေးမြန်းသည့် “ပခုက္ကူမြို့နယ်တွင် လေယာဉ်ကွင်း ဖောက်လုပ်ရန်အတွက်  သိမ်းဆည်းပြီး လျော်ကြေးငွေပေးအပ်ခဲ့သော မြေယာများနှင့် ပတ်သက်၍ ယနေ့အချိန်ထိ လေယာဉ်ကွင်းသစ် တည်ဆောက်ခြင်း မရှိသေးသဖြင့် မည်သည့်ကာလတွင်  တည်ဆောက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က “မူလလေယာဉ်ကွင်းဟောင်းသည် ပြေးလမ်း ပေ ၃၆၀ဝ၊ အကျယ် ပေ ၉၀ မြေကြီးကွင်းဖြစ်ပြီး တွင်အော်တာ လေယာဉ်ငယ်များသာ ဆင်းနိုင်ခြင်း၊ လူနေအိမ်ခြေများ တိုးချဲ့လာသဖြင့် ပြေးလမ်းနှင့် လေဆိပ်ကို တိုးချဲ့မရနိုင်ခြင်း၊ ရေရှည်ကာလတွင် အသုံးပြု၍ မရနိုင်သောကြောင့် လေယာဉ်ကွင်း နေရာအသစ်ကို ရှာခဲ့သည်ဟု  သိရပါကြောင်း၊ လေယာဉ်ကွင်းအသစ်ကို ပခုက္ကူမြို့၏ မြောက်ဘက် ၄ မိုင်ခန့်နှင့် ပခုက္ကူ-ရေစကြို ကားလမ်း အနောက်ဖက်၊ ပန်းတိုင်းချုံကျေးရွာ၏ အနောက်ဘက်  ၁ မိုင်ခန့်တွင် အသင့်တော်ဆုံးဖြစ်သည့် မြေနေရာတွင် လေယာဉ်ပြေးလမ်း အလျားပေ ၈၅၀ဝ၊ အကျယ် ပေ ၁၀ဝ နှင့်  (၃၀ဝx၃၀ဝ)ပေရှိသည့် လေယာဉ် ရပ်နားနေရာကိုလည်း ဆောက်လုပ်ခဲ့ပါကြောင်း၊ ပြေးလမ်းအမျိုးအစားမှာ နိုင်လွန်ကတ္တရာ ဖြစ်ပါကြောင်း၊ ပြေးလမ်းခံနိုင်ရည်အားမှာ ၁ သိန်း ၅ သောင်းကျော်ဖြစ်ပါကြောင်း၊ လေဆိပ်အဆောက်အဦမှာ ပေ (၁၈၀x၆၀) ရှိသည့် တစ်ထပ်သံကူကွန်ကရစ် ဖြစ်ပါကြောင်း၊ လေဆိပ် လေကြောင်းထိန်းမျှော်စင်နှင့် လေကြောင်းဆက်သွယ်ရေး ကိရိယာလည်း ရှိပါကြောင်း၊ လေယာဉ် အဆင်းအတက် ပြုလုပ်ရန်အတွက် ဝန်ထမ်းများလည်း ခန့်ထားပါကြောင်းနှင့် ထိုလေယာဉ်ကွင်းထဲသို့ တပ်မတော်လေယာဉ်၊ စင်းလုံးငှားလေယာဉ်၊  ဘဏ်လေယာဉ် စသည့်လေယာဉ်များသည် တစ်နှစ်လျှင် အကြိမ် ၂၀ ခန့် ဆင်းသက်ပါကြောင်း” ဖြေကြားသည်။

 

လေယာဉ်ကွင်းကို မည်သည့်အချိန်တွင် စတင်မည်နှင့် စပ်လျဉ်း၍ National Transport Master Plan ကို ဂျပန်နိုင်ငံအစိုးရ JICA အကူအညီဖြင့် ပြုလုပ်ခဲ့ပါကြောင်း၊ Nippon Koei Co.,Ltd အကြံပေးကုမ္ပဏီနှင့် လေယာဉ်ကွင်းများ၏ ဦးစားပေးအစီအစဉ်ကို ပြုလုပ်ပါကြောင်း၊ လေယာဉ်ကွင်းအတွက် ဆောက်လုပ်ရမည့်  အဆောက်အဦများအတွက် တွက်ချက်ထားပါကြောင်း၊ မည်သည့်အချိန်တွင် ဆောက်လုပ်မည်နှင့်စပ်လျဉ်း၍  ဘတ်ဂျက်အစီအစဉ်အရ ဖလမ်းလေယာဉ်ကွင်းကိုသာ ဆောက်လုပ်မည်ဖြစ်ပါကြောင်းနှင့် ကျန်သည့် လေယာဉ်ကွင်းများကို အကူအညီများဖြင့် ဆောက်လုပ်ရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

 

ဆောက်လုပ်ရာတွင် အလားအလာအရှိဆုံး ဟဲဟိုး၊ မော်လမြိုင်၊ ကော့သောင်း လေဆိပ်များကို PPP ဖြင့် ခေါ်ထားပါကြောင်း၊ ပခုက္ကူလေယာဉ်ကွင်းကို အသုံးပြုရာတွင် ညောင်ဦးမှ တစ်ဆင့်သွားရကြောင်းနှင့် ညောင်ဦးတွင်ဆင်းမည့် ခရီးသည်တစ်ချို့တွင် ပခုက္ကူခရီးသည် များလာသည်ကိုလည်း သိရှိရပြီး သို့သော်လည်း ပခုက္ကူလေယာဉ်ကွင်းသည်  ဦးစားပေးအစီအစဉ်တွင် မပါသေးပါကြောင်း၊ ညောင်ဦးသည် လေယာဉ်အသေးသာ ဆင်းသက်၍ရပါကြောင်း၊ ဤလေယာဉ်ကွင်းကို နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေနေများပေါ်တွင် မူတည်၍ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ လေယာဉ်ကွင်းကို ဆောက်လုပ်ပြီးသော်လည်း လေယာဉ်မလာလျှင် အားလုံးအတွက် နစ်နာမည်ဖြစ်သောကြောင့် မိမိအနေဖြင့်  နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် မူတည်ပြီးမှသာ လေယာဉ်ကွင်းများကို တိုးချဲ့သွားမည်ဖြစ်သည့်အတွက် မည်သည့်အချိန်ဆိုသည်ကို မပြောနိုင်သေးပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြန်လည်ဖြေကြားသည်။

 

MDN