နိုင်ငံတော်၏ မီးရှူးတန်ဆောင် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကြီး

ဘကြီးကောင်း

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းကကျင်းပခဲ့သော အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဆဋ္ဌအစည်းအဝေး ဒုတိယနေ့တွင် သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၏ လက်ရှိအကျိုးတော်ဆောင် ဆရာတော်သက်တော် (၇၇) နှစ် သိက္ခာတော် (၅၇) ဝါရှိ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာစန္ဒိမာဘိဝံသအား လစ်လပ်လျက်ရှိသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် ရွေးချယ် တင်မြှောက်တော်မူခဲ့သည်။

ကမ္ဘာ့နိုင်ငံများကပါ အလေးဂရုပြု လေးစားကြည်ညို
ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရ တော်မူသော သန်လျင်မင်း ကျောင်းဆရာတော်ကြီးသည် ပရိယတ္တိ ဝိသာရဒဂုဏ်၊ ပိဋကတ္ထယဆေကဂုဏ်၊ ပိယဂုဏ်၊ ဂရုဂုဏ်၊ ဘာဝနီယ ဂုဏ်၊ ဗျတ္တပဋိဗလဂုဏ်တို့နှင့် ပြည့်စုံတော်မူသည့်အပြင် ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးနှင့်တွဲဖက်၍ အကျိုးတော်ဆောင်ဆရာတော်အဖြစ် ရှစ်နှစ်တိုင်တိုင် သံဃာ့အဖွဲ့အစည်းကြီးကို ဦးဆောင်ဦးရွက် ပြုတော်မူခဲ့သည်။ ထို့အတူ နိုင်ငံတော်အစိုးရနှင့် ဆရာဒကာ လက်တွဲ ညီစွာ သံဃာ့အဖွဲ့အစည်းကြီး ညီညွတ်ရေးနှင့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို နှစ်ရှည်လများ ဆောင်ရွက်တော်မူခဲ့ သည့်အပြင် မြန်မာနိုင်ငံရှိ သံဃာထုတစ်ရပ်လုံးသာမက ထေရဝါဒ နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများကပါ အလေးဂရုပြု လေးစားကြည်ညိုမှုကို ခံယူရရှိတော်မူသည်။

အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအား နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ အကျိုးတော်ဆောင် ဆရာတော်အဖြစ် ရွေးချယ်တင်မြှောက်တော်မူခဲ့ပါသည်။

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကြီးကို ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးတွင် စတင်ဖွဲ့စည်းခဲ့သည်။ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏလိုဏ်ဂူတော်ကြီး၌ ၁၃၄၂ ခုနှစ် နယုန်လဆန်း ၁၁ ရက်နေ့မှ ၁၄ ရက်အထိ (၂၄-၅-၁၉၈၀ မှ ၂၇-၅-၁၉၈၀ အထိ) လေးရက်တိုင်တိုင် ကျင်းပပြုလုပ်ရာ သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းမှ သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် ဆရာတော် ၁၂၁၈ ပါး ကြွရောက် တော်မူခဲ့ကြသည်။

မြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် မြန်မာနိုင်ငံတော် သံဃာတော်များ၏ သာသနာဝင် မှတ်တမ်းတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဝင် ဆရာတော် ၂၉၉ ပါးကိုလည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ၃၃ ပါးကိုလည်းကောင်း၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ၈၁ ပါး ကိုလည်းကောင်း သံဃာ့ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ခဲ့ပါသည်။

သံဃာအဖွဲ့အစည်းများမပေါ်ပေါက်မီက မြန်မာနိုင်ငံတွင် အသျှင်ဥက္ကဋ္ဌ လူသေလူဖြစ်ဝါဒ၊ ယင်းတပည့်များ၏ သမာဒိဋ္ဌိသုတေသနဝါဒ၊ ရွှေအဘိဓမ္မာဝါဒ၊ စိတ် စိတ်အတိုင်းထားဆိုသည့် ကျောက်သင်္ဘောဝါဒ၊ မိုးညိုဆရာတော်ဝါဒ၊ ရေတာရှည်ရှင်မာလာဝရဝါဒ၊ ကျောက်ပုံတောရ ဆရာကြီး ဦးစံရင်၏ဝါဒ စသည်ဖြင့် ထေရဝါဒ ပိဋကတ်တော်ကို ဆန့်ကျင်ဘက်ပြုလုပ်ဟောပြောပွဲများသည် တစ်နိုင်ငံလုံးအနှံ့ဖြစ်ခဲ့ ပေသည်။

စာတတ်ပေတတ်ဆရာတော်ကြီးများအမှူးပြုသည့် သံဃာထုကြီးသည် မခံမရပ်ဖြစ်၍ ယင်းအယူဝါဒများ ဟောပြောနေခြင်းကို ပိတ်ပင်တားမြစ်ပေးရန် နိုင်ငံတော်အစိုးရသို့ မေတ္တာရပ်ခံခဲ့ကြသည်။ သို့သော်လည်း ဥပဒေဖြင့်အုပ်ချုပ်ရသောအစိုးရဖြစ်၍ တားမြစ်ပိတ်ပင်ရန် ဥပဒေမရှိသောကြောင့် အစိုးရအနေဖြင့် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့ချေ။

ဂိုဏ်းပေါင်းစုံသံဃာ့ညီညွတ်ရေးကြီး တည်ဆောက်နိုင်ပြီးသောအခါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဥပဒေနှင့်အညီ ဖွဲ့စည်းပေးသည့် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့များက ယင်းအယူဝါဒများကို စစ်ဆေး၍ အဓမ္မဝါဒအဖြစ် ဝိနိစ္ဆယဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။ ယင်းဝိနိစ္ဆယ ဆုံးဖြတ်ချက်ကိုမလိုက်နာဘဲ အဆိုပါအဓမ္မဝါဒများကို ဟောပြောရေးသားပါက ထောင်ဒဏ်ငါးနှစ်အထိ အပြစ်ပေးနိုင်သော ဥပဒေတစ်ရပ်ကို နိုင်ငံတော်က ပြဋ္ဌာန်းပေးခဲ့သည်။

အလားတူပင် ထေရဝါဒပိဋကတ်တော်နှင့်မညီညွတ်သော ဗုဒ္ဓဘာသာအမည်ခံ တရားပွဲများနှင့် ဝိနည်းသိက္ခာပုဒ်တော်နှင့် မညီညွတ် သောဘုန်းကြီးတရားပွဲများကိုလည်း သက်ဆိုင်ရာသံဃနာယက အဖွဲ့အဆင့်ဆင့်တို့က တားမြစ်ပိတ်ပင်ခြင်းပြုနိုင်ခဲ့သည်။
ရဟန်းတုနှင့် ရဟန်းအစစ်၊ သာမဏေတုနှင့် သာမဏေစစ်ခွဲခြား သိရှိနိုင်ရန် သံဃာ့ဆန္ဒဖြင့် ပြဋ္ဌာန်းထားသည့် သာသနာတော်ဝင် မှတ်တမ်းကို ကိုင်ဆောင်တော်မူကြသည်။ ရဟန်းတု၊ ရဟန်းယောင်၊ ရှင်သာမဏေအတုအယောင်ပြုလုပ်ပါကလည်း ထောင်ဒဏ်သုံးနှစ် အထိ အပြစ်ပေးရန် ဥပဒေပြဋ္ဌာန်းပေးခဲ့သည်။ ဤဥပဒေအရ မိမိဘာသာသင်္ကန်းဝတ်၍ ရဟန်းယောင်၊ သာမဏေယောင်ဆောင်ပြီး အလှူခံစားသောက်နေသူများကို ရှင်းလင်းနိုင်ခဲ့သည်။ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်းများကိုလည်း နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က စည်းကမ်းတကျ သတ်မှတ်ပေးနိုင်ခဲ့သည်။

ထို့အတူ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကြီးနှင့် သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးဟူသော ဦးတည်ချက်သုံးရပ်ကိုချမှတ်ကာ “သံဃာ့ကိစ္စ သံဃာဆောင်ရွက်” မူအရ သာသနာတော်ကိစ္စတို့ကိုဆောင်ရွက်နိုင်ခဲ့ကြသည်။

ဝိနည်းဓမ္မကံမှုခင်းများကို အစိုးရတရားရုံးများတွင် အမှုဆိုင်ကြရ
နယ်ချဲ့အင်္ဂလိပ်အစိုးရလက်ထက်တွင်မူ ရဟန်းသံဃာများသည် ပိုင်ဆိုင်မှုအငြင်းပွားသည့်ဝိနည်းဓမ္မကံမှုခင်းများကို အစိုးရတရားရုံးများတွင် အမှုဆိုင်ကြရသည်။ တရားလို၊ တရားပြိုင်ဘုန်းတော်ကြီးများသည် တရားသူကြီးက “မောင်မင်း”ဟု ခေါ်ဆိုခြင်းကိုခံကြရသည်။ အမှုစစ်ခံရာ၌ လူတရားသူကြီးများသည် အမြင့်မှာထိုင်ကြ၍ တရားလို၊ တရားပြိုင် ဘုန်းတော်ကြီးများသည်အနိမ့်မှနေ၍ အစစ်ခံ ကြရသည်။ အချို့သောဗုဒ္ဓဘာသာ မြန်မာတရားသူကြီးများမှာ အနေရ အထိုင်ရခက်လျက်ရှိကြသည်။ ဘုန်းတော်ကြီးများသည် ရုံးခွန်တော် တံဆိပ်ခေါင်းဖိုး၊ ရှေ့နေခ၊ သမ္မန်ခများ ပေးဆောင်ကြရလေသည်။

ထို့အတူ အင်္ဂလိပ်အစိုးရခေတ်တွင် ဂျီစီဘီအေ(၂၁)ဦး၊ ငါးပွင့်ဆိုင် ဓားမပါတီ၊ တို့ဗမာအစည်းအရုံး စသည်ဖြင့် နိုင်ငံရေးပါတီများ ကွဲပြားရာသို့လိုက်၍ ရဟန်းသံဃာများလည်း ကွဲပြားခဲ့ကြရလေသည်။ ရှေးခေတ်က ဘာသာရေးအယူဝါဒကိုအကြောင်းပြု၍ သံဃာကွဲပြားရ သော်လည်း နောက်ပိုင်းခေတ်တွင် နိုင်ငံရေးဝါဒများကို အကြောင်းပြု၍ သံဃာကွဲပြားခဲ့ရသည်။ ဒကာကွဲသဖြင့် ဆရာကွဲခဲ့ရသည်။ နိုင်ငံရေး ဟူသည် အောင်မြင်လာသည်နှင့်အမျှ လုပ်ပိုင်ခွင့်အာဏာ၊ နာမည်ကျော်ကြားမှု၊ အရိုအသေခံရမှုများနှင့် ဆက်စပ်နေရာ နိုင်ငံရေး ခေါင်းဆောင်ဘုန်းကြီးများသည် ဝိနည်းသိက္ခာပုဒ်တော်များကို လုံခြုံအောင် ထိန်းသိမ်းရန်ခက်ခဲလာတော့သည်။

ဤနည်းအားဖြင့် အင်္ဂလိပ်အစိုးရလက်အောက်တွင် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ သာသနာတော်ကြီးသည် သံဃာ့ဂိုဏ်းအမျိုးမျိုးကွဲပြားခြင်း၊ အယူဝါဒအမျိုးမျိုး ကွဲပြားခြင်းများဖြစ်ပေါ်ခဲ့၍ သာသနာ့ဦးသျှောင် ဆရာတော်ကြီးများအနေဖြင့် သာသနာ့အညစ်အကြေးများကို သုတ်သင်ခြင်း မပြုနိုင်ခဲ့ကြချေ။ ဘုန်းကြီးကျောင်းများကို ဆောက်ချင်သည့်နေရာ၌ ဆောက်ခဲ့ကြ၍ ဘုရားစေတီများကိုလည်း တည်ချင်သည့်နေရာ တည်ခဲ့ကြသည်။ ကျောင်းထိုင်ဘုန်းကြီး ဂုဏ်အင်္ဂါအရည်အချင်းလုံးဝမရှိသော်လည်း အမွေရလျှင် ကျောင်းထိုင် ဖြစ်နိုင်သည်။ ကျောင်းဝယ်နိုင်လျှင် ကျောင်းထိုင်ဖြစ်နိုင်သည်။ “ငါ့ကျောင်း ငါထိုင် ဘယ်သူဆိုင်သလဲ” ဟူသော ဝါဒလွှမ်းမိုးလာသည်။

ကျောင်းဝင်းထဲ၌လည်းကောင်း၊ ကျောင်းများပေါ်၌ လည်းကောင်း၊ လင်စုံမယားဖက် အိမ်ထောင်သားမွေးမှုများကို လက်ခံလာကြသည်။ အင်္ဂလိပ်အစိုးရလက်ထက်က ရန်ကုန်မြို့ရှိ ကျောင်းတိုက်ကြီး အချို့မှာ ဒုစရိုက်သမားများ၏ စတည်းချခိုအောင်းရာဌာနများ ဖြစ်လာတော့သည်။ တောရွာကျောင်းများတွင်လည်း နွားမွေးခြင်း၊ လှည်းထောင်ခြင်း၊ ပြိုင်လှေထောင်ခြင်း၊ ဆေးကုခြင်း၊ ဗေဒင်ဟောခြင်း စသော မိစ္ဆာအာဇီဝမှုများ ပြန့်ပွားလာခဲ့သည်။
 စာတတ်ပေတတ် ဓမ္မ ကထိကဆရာတော်ကြီးများ အထင်အရှားရှိသော်လည်း တရားနာ ပရိသတ်သည် စာမတတ်၊ ပေမတတ် အသံကောင်း၊ ရုပ်ချောသော ဓမ္မကထိကများကို အားပေးခဲ့ကြသည်။

ဝိနိစ္ဆယအက်ဥပဒေကို ပြဋ္ဌာန်း

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရဟန်းသံဃာတော်များ နှင့်စပ်လျဉ်းသည့် ဝိနည်းဓမ္မကံမှုခင်းများကို တရားရုံးများတွင် လူသာမန်တို့ကဲ့သို့ တရားဥပဒေများဖြင့် စီရင်ဆုံးဖြတ်လျက်ရှိနေခဲ့ခြင်းမှာ သာသနာတော်အတွက် ကြည်ညိုဖွယ်ရာ မဖြစ်သည့်အပြင် ဝိနည်းတရားတော်နှင့်လည်း ညီညွတ်မှုမရှိသောကြောင့် ရဟန်း သံဃာတော်အချင်းချင်း ဖြစ်ပွားသော ဝိနည်းဓမ္မကံမှုခင်းများကို ရဟန်းသံဃာတော်များကိုယ်တိုင် စစ်ဆေးဆုံးဖြတ်ပိုင်ခွင့်ရရှိစေရန်အတွက် ၁၃၁၁ ခုနှစ် ဝိနိစ္ဆယအက်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။ ယင်းဝိနိစ္ဆယဌာနများ၏ ဖြေရှင်းဆုံးဖြတ်ချက်များကို မကျေနပ်သူ များပြားလာခဲ့သဖြင့် ၁၃၁၆ ခုနှစ်တွင် ဝိနိစ္ဆယပြင်ဆင်ချက် အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ရပြန်သည်။ 

ယင်းပြဋ္ဌာန်းချက်အရ မူလဝိနိစ္ဆယအက်ဥပဒေသည် “၁၃၁၁ ခုနှစ် ဝိနိစ္ဆယဌာနနှင့် ဝိနိစ္ဆယခုံအက်ဥပဒေ”ဟူ၍ အမည်ပြောင်းလဲလာခဲ့သည်။ ဤဥပဒေအရ ဝိနိစ္ဆယဌာနနှင့် ဝိနိစ္ဆယခုံတို့ အပြိုင်အဆိုင် ဖြစ်လာကြရာ တစ်ဖက်အမှုသည်က ဝိနိစ္ဆယခုံအဆုံးအဖြတ်ခံယူလို၍ အခြားအမှုသည်က ဝိနိစ္ဆယဌာန၏ အဆုံးအဖြတ်ကို ခံယူလိုသည်။ ဤနည်းအားဖြင့် ဝိနိစ္ဆယဌာနနှင့် ဝိနိစ္ဆယခုံတို့သည် အချင်းချင်း အပြန်အလှန် နှောင့်ယှက်ဟန့်တားနေသဖြင့် ထိုခေတ်က ဝိနည်းဓမ္မကံ မှုခင်းများကို မည်မည်ရရ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိပေ။ ဆုံးဖြတ်ပြီးသောအမှုများကိုလည်း လူတရားရုံးများတွင် ဇာရီပြုလုပ်နေရသဖြင့် ဝိနိစ္ဆယဆုံးဖြတ်ချက်ကို လိုက်နာအောင် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ချေ။ ထို့ပြင် နိုင်ငံတော်ဝိနိစ္ဆယဌာနက ဆုံးဖြတ်ပြီးအမှုများကို တရားလွှတ်တော်ချုပ်က စာချွန်တော်ဖြင့် ပယ်ဖျက်ပစ်ခဲ့သဖြင့် ဝိနည်းဓိုရ်ဆရာတော်ကြီးများသည် လွန်စွာစိတ်ပျက်ခဲ့ကြသည်။

လွတ်လပ်ရေးခေတ်ဦးပိုင်းတွင် ရဟန်းပျိုအဖွဲ့နှင့် ကျောင်းထိုင်ဆရာတော်များအဖွဲ့ ကွဲပြားလာခဲ့သည်။
ထို့နောက် ကျောင်းထိုင်ဆရာတော်များအဖွဲ့သည် ဒုတိယကျောင်းထိုင် ဆရာတော်များအဖွဲ့နှင့် တတိယကျောင်းထိုင် ဆရာတော်များအဖွဲ့ဟူ၍ ထပ်ဆင့် ကွဲပြားလာခဲ့ပြန်သည်။ ရဟန်းပျိုအဖွဲ့သည် အာဏာရပါတီနှင့် ပူးတွဲနေသဖြင့် အတိုက်အခံပါတီများကလည်း ရဟန်းပျိုအဖွဲ့နှင့် အပြိုင်အဆိုင် ရဟန်းငယ်အဖွဲ့ကို အားပေးအားမြှောက်ပြုခဲ့သည်။ ကျောင်းထိုင်ဆရာတော်များအဖွဲ့သည် ရဟန်းပျိုအဖွဲ့နှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် စာသင်သားတပ်ဦးနှင့် သောတုဇနအဖွဲ့များကို အားပေး အားမြှောက်ပြုခဲ့သည်။ စာသင်သားတပ်ဦးနှင့် ရဟန်းပျိုအဖွဲ့တို့သည် သွေးမြေကျသည်အထိ ပဋိပက္ခပြင်းထန်ခဲ့ရသည်။ 

၁၉၅၈ ခုနှစ် နိုင်ငံရေးပါတီအကွဲအပြဲ ပဋိပက္ခသည် ရဟန်းသံဃာများအပေါ် ဂယက်ရိုက်ခဲ့ပြန်သည်။ ရွှေဝါရောင်သံဃာအဖွဲ့၊ ပြည်ထောင်စုသံဃာအဖွဲ့၊ သောတုဇနအဖွဲ့၊ ရဟန်းငယ်အဖွဲ့၊ ရဟန်းပျိုအဖွဲ့၊ ကျောင်းထိုင်ဆရာတော်များ အဖွဲ့အချို့တို့သည် သူ့ပါတီ၊ ကိုယ့်ပါတီအနိုင်ရရှိရေးအတွက် မဲဆွယ်တရားများ ကြိုးကြိုးစားစား ဟောပြောခဲ့ကြလေသည်။

နေလိုလလို ထွန်းလင်းတောက်ပနေခဲ့

ဤသို့ဖြင့် သာသနာတော်သည်နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ လူမှုရေးနယ်ပယ်၌ နယ်ကျွံခဲ့ရလေသည်။ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီး၏ဆုံးဖြတ်ချက်အရ သံဃာ့ဂိုဏ်းကြီးကိုးဂိုဏ်းသည် တစ်ခုတည်းသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီး၏ လက်အောက်၌တည်ရှိကြ၍ ရပ်ကွက်/ကျေးရွာအုပ်စု သံဃနာယက အဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့၊ ပြည်နယ်၊ တိုင်းဒေသကြီး သံဃ နာယကအဖွဲ့များဖွဲ့စည်း၍ ဝိနည်းဓိုရ်ဆရာတော်များကို ရွေးချယ်တင်မြှောက်ပြီးလျှင် ဆင့်ကဲဆင့်ကဲ ကြပ်မတ်ကွပ်ကဲအုပ်ချုပ်နိုင်ခဲ့သဖြင့် ယနေ့အခါတွင် မြန်မာနိုင်ငံ၏ ထေရဝါဒဗုဒ္ဓသာသနာတော်သည် ကမ္ဘာ့အလယ်တွင် နေလိုလလို ထွန်းလင်းတောက်ပနေခဲ့ခြင်း ဖြစ်ပေသည်။

သို့ဖြစ်ရကား နှစ်ပေါင်း ၁၀၀ အတွင်း တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့ဖူးသေးသည့် သံဃာ့ညီညွတ်ရေးကြီးကို ခဲခဲယဉ်းယဉ်း ကြိုးပမ်းတည်ဆောက်ခဲ့ပြီးမှ ဖြစ်တည်လာခဲ့သော နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ကြီးနှင့် သံဃနာယကအဖွဲ့များ အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရေးအတွက် ခေတ်အဆက်ဆက်နိုင်ငံတော်အစိုးရတို့နှင့်အတူ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားအား လုံးက အလေးအမြတ်ပြု ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် တင်ပြလိုက်ရပါသည်။ ။