နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်နိုင်မည့် ဇီဝလောင်စာသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် အစီအစဉ် မရှိသေးဟုဆို

နေပြည်တော် ၁၃ မတ်

 

နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်နိုင်မည့် ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ယနေ့ကျင်းပ သည့်  ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောသည်။

 

မြို့သစ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တစ်ခုဖြစ်သော လယ်သမားတို့၏ နှစ်စဉ် စိုက်ပျိုးရာမှ ထွက်ရှိလာသော အရိုး၊ အရွက်နှင့် ကိုင်းဖျားကိုင်းနားများကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် နိုင်ငံတော်မှ အစီအစဉ်ရှိ မရှိ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က  ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

“ ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံကို စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရန်အတွက် ဇီဝလောင်စာ သစ်ပင် များ စဉ်ဆက်မပြတ် စိုက်ပျိုး၍ လောင်စာစုဆောင်းထားခြင်းများ ပြုလုပ်ရန်လိုအပ်ပြီး ယခု လယ်သမားတို့၏ နှစ်စဉ်စိုက်ပျိုးရာမှ ထွက်ရှိလာသော အရိုး၊ အရွက်နှင့် ကိုင်းဖျားကိုင်းနားများကိုသာ အသုံးပြု မည်ဆိုပါက မဂ္ဂါဝပ်အဆင့်ရှိသော ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရန် ခဲယဉ်းမည်ဖြစ်တယ်” ဟု  ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောသည်။

 

အလားတူ ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်မည်ဆိုပါက နည်းပညာပိုင်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိနှင့် ဓာတ်အားစနစ် တည်ငြိမ်မှုအပေါ် အကျိုးသက်ရောက်မှုများကိုပါ လေ့လာ ဆန်းစစ်ဆောင်ရွက်သွားရမှာ ဖြစ်သည်ဟု ဆိုသည်။

 

ထို့အပြင် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က “ ဇီဝလောင်စာဖြစ်သော သစ်ကိုင်း၊ သစ်ရွက်များမှ ဓာတ်အား ထုတ်လုပ်ခြင်းသည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးအစားဖြစ်ပြီး ကျေးလက်ဒေသမှာ လယ်ကူစွာရရှိနိုင်ခြင်း၊ ကာဗွန်ထုတ်လုပ်မှု နည်းပါးခြင်း၊ အခြားလောင်စာစွမ်းအင်များ အသုံးပြုမှုကို လျှော့ချနိုင်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှုကို အထောက်အကူပြုသည့် အားသာချက်များရှိသော်လည်း ဇီဝလောင်စာကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဖြင့် အိုဇုန်းလွှာထိခိုက်မှုကို ဖြစ်စေသော မီသိန်းဓာတ်ငွေ ထွက်ရှိခြင်း၊ သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေခြင်း၊ Raw Material များ သယ်ယူရာတွင် လမ်းပန်းခရီးသွားလာရေးကို ထိခိုက်စေခြင်း၊ အခြားလောင်စာများနှင့် နှိုင်းယှဉ်ပါက Efficiency နည်းပါးခြင်းနှင့် ကုန်ကျမှုစရိတ် ကြီးမြင့်ခြင်း စသည့် အားနည်းချက်များလည်း ရှိတယ်လို့” ပြောကြားသည်။

 

“ မြန်မာနိုင်ငံမှာ ဓာတ်အားထုတ်လုပ်တဲ့ အထဲမှာ သိရသလောက် ရေအား၊ ကျောက်မီးသွေးက လွဲလိုရှိရင် ဒီသဘာဝဓာတ်ငွေ့ဟာ ဈေးချိုတဲ့စွမ်းအင် ဖြစ်ပါတယ်၊ ဒီစွမ်းအင်ကို ဝယ်သုံးရင်တောင်မှ   တစ်ယူနစ်ကို လောင်စာဖိုးဟာ ကျပ် ၆၀ လောက် ကျပါတယ်၊ ကျပ် ၆၀ လောက်ကျတဲ့ ကုန်ကျစရိတ်ကို တွက်ကြည့်လို့ရှိရင် မဂ္ဂါဝမ် ထောင်နဲ့ချီပြီး ထုပ်လုပ်လိုက်မယ်ဆိုရင် ဓာတ်ငွေ့လောင်စာဖိုး သက်သက်ကိုပဲ ၄ ဘီလီယံ နီးပါးလောက် ဝယ်ရမှာ ဖြစ်ပါတယ်၊ အဲ့ဒီ အမေရိကန်ဒေါ်လာ ၄ ဘီလီယံလောက်ကို တောင်သူတွေရှိက နေပြီးတော့ Bio mass မှာ ပါဝင်တဲ့ သစ်ပင်၊ သစ်ကိုင်း၊ သစ်ရွက်တွေ အပါအဝင် လိုအပ်လာရင် ကြီးမြန်တဲ့ သစ်ပင်တွေစိုက်ပြီး ထုတ်လုပ်လိုက်ရင် တောင်သူတွေဘက်မှာ ပြည်ပကို ထွက်သွားမယ့် စွမ်းအင်ဖိုးတွေဟာ တောင်သူတွေ အိတ်ကပ်ထဲကို ရောက်သွားနိုင်တယ်၊ အလုပ်အကိုင်  အသစ်တွေ များစွာလည်း ပေါ်ပေါက်နိုင်တယ်၊ ဒါကိုရည်ရွယ်ပြီ မေးပေးခဲ့တာ ဖြစ်တယ် ” လို့ မေးခွန်းရှင် ဦးသာအောင်က ပြောပါတယ်။

 

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် တစ်နှစ်လျှင် ၁၃  ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းထိ တိုးတက်လျက်ရှိပြီး ၂၀၁၈ ခုနှစ် မတ်လတွင် အမြင့်ဆုံး ဝန်အား ၃၂၀၈ မဂ္ဂါဝပ်အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်ခဲ့ တယ်လို့ သိရသည်။

 

တိုးတက်လိုအပ်နေသော ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်စေရန် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သော ရေအား၊ လေအား၊ နေစွမ်းအင်တို့ အပါအဝင် ရနိုင်သမျှသော အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ဓာတ်အားစနစ်တည်ငြိမ်းရေးကိုလည်း ထည့်သွင်းတွက်ချက်ရသဖြင့် ပြန်လည် ပြည့်ဖြိုးုမြဲစွမ်းအင်များမှ လျှပ်စစ်ထုတ်လုပ်မှု ပါဝင်တဲ့အချိုးမှာ ကန့်သတ်ချက်များ ရှိနေတယ်လို့ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့သည်။

 

သူရိန်၊ မျိုးထက်ဦး(MDN)