နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓ သာသနာပြု (ဗဟို) ကျောင်းနှင့် ထေရဝါဒ ဗုဒ္ဓသာသနာပြု သီလရှင်ကျောင်းတို့သို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ  ၁၆

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်၌လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါ၍ လဟယ်မြို့ ထေရဝါဒဗုဒ္ဓ သာသနာပြု (ဗဟို) ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်းတို့သို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

 

ဖူးမြော်ကြည်ညို

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသုမန အမှူး ပြုသည့် သံဃာတော်များအား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် သာသနာတော် ထွန်းကားပြန့်ပွား ရေးဆိုင်ရာများ၊ ကလေးငယ်များ ပညာသင်ကြားရေး ဆိုင်ရာများ နှင့်ပတ်သက်၍ လိုအပ်သည်များ ကို မေးမြန်းလျှောက်ထားပြီး နဝကမ္မ အလှူတော်ငွေများ၊ ဆွမ်းဆန်တော်၊ ဆီနှင့် စားသောက် ဖွယ်ရာပစ္စည်းများနှင့် လဟယ် မြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ တို့ကို ဆက်ကပ် လှူဒါန်းသည်။

 

လှည့်လည်ကြည့်ရှု

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှု၍ ကျောင်းရေရှည်တည်တံ့ ခိုင်မြဲရေး၊ သန့်ရှင်းသာယာမှု ရှိစေရေးတို့အတွက် အမြဲမပြတ် ဆောင်ရွက်ပေးနိုင်ရေး နယ်မြေခံ တာဝန်ရှိသူများကို မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဆက်ကပ်လှူဒါန်း

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ထေရဝါဒဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းသို့ ရောက်ရှိ ကြပြီး သာသနာ့နွယ်ဝင်သီလရှင် ဆရာကြီး ဒေါ်ပညာသိင်္ဂီနှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများကို ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် သာသနာရေးဆိုင်ရာများ၊ ပညာသင်ကြားရေးဆိုင်ရာများနှင့် သီလရှင်ကျောင်းအတွက် လိုအပ်ချက်များကို မေးမြန်း လျှောက်ထားကာ နဝကမ္မအလှူ တော်ငွေများ၊ ဆွမ်းဆန်တော်၊ ဆီနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ သီလရှင်ဝတ်စုံများကို ဆက်ကပ်လှူဒါန်းသည်။

 

ထိန်းသိမ်းမှုများဆောင်ရွက်

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ထေရဝါဒ ဗုဒ္ဓသာသနာပြုသီလရှင် ကျောင်းဝင်းအတွင်းနှင့် ဆွမ်းစားဆောင်တို့အား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် လိုအပ်သည့် ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးရန် တာဝန် ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

 သတင်းစဉ်