နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ခွန်စံလွင် ဟိုပုံးမြို့၊ ပန်လျန်းဘုန်းတော်ကြီးကျောင်း ဆရာတော်အားဖူးမြော်၍ လှူဖွယ်ဝတ္ထုနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း၊ မီးဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ  


နေပြည်တော်   မေ     ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ယနေ့နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စ‌ငေါအုပ်စု ပန်လျန်းကျေးရွာရှိ ပန်လျန်းဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက် ဖူးမြော်သည်။
ဉီးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ တာဝန်ရှိသူများသည် စငေါကျေးရွာအုပ်စု ပန်လျန်းဘုန်းတော်ကြီးကျောင်းဆရာတော် ဦးစန္ဒေဘာသနှင့် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကြပြီး  လှူဖွယ်ဝတ္ထုနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။  
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် အကြမ်းဖက် သောင်းကျန်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် ပန်လျန်း ဘုန်းတော်ကြီးကျောင်း ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ငွေကျပ်သိန်း (၅၀) နှင့် ဖက်ရမ်းကျေးရွာအုပ်စု ပုံးအယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ပြန်လည်ဆောက်လုပ်နိုင်ရန် ငွေကျပ် သိန်း (၅၀) တို့ကို ကျောင်းထိုင်ဆရာတော်များထံသို့ ဆက်ကပ်လှူဒါန်းကြသည်။    

 

mdn


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက် သောင်းသူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် ပန်လျန်း ကျေးရွာနှင့် နမ့်ဟူးကျေးရွာရှိ မီးဘေးသင့်ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားပြီး နေအိမ်ပြန်လည် တည်ဆောက်နေမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ ရောက်ရှိပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြဆွေးနွေးပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်