နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများနှင့် MNDAA ၊ TNLA ၊ AA အဖွဲ့တို့မှ တာဝန်ရှိသူများ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် နိုင်ငံရေးအရဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၊ ၁၁-၁၂-၂၀၂၃ ရက်နေ့ ရခိုင်ပြည်နယ် ဗောဓိကုန်းရဲကင်းစခန်း၊ ကရင်ပြည်နယ် ကော့ကရိတ်၊ ကျိုက်ဒုံတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ် လားရှိုးမြို့သို့သွားရောက်ပြီး ယာယီတိုက်ပွဲရှောင်ပြည်သူများနှင့်ပတ်သက်၍ ကူညီပံ့ပိုးမှုများ၊ နေရပ်ဒေသတွင်  ပြန်လည်အခြေချနိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ကျွန်တော်တို့ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီက တာဝန်ရှိတဲ့သူတွေ နဲ့ MNDAA ၊ TNLA ၊ AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုပေါ်မှာ မူတည်ပြီး၊ တိုးတက်မှု အခြေအနေအပေါ်မှာမူတည်ပြီး ဒီလကုန်ခန့်မှာလည်း  ထပ်မံဆွေးနွေးသွားဖို့ ရှိကြောင်း ပြောကြားလိုပါတယ်။

 

ဒီနေ့မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ရခိုင်ပြည်နယ်ဘက်မှာတော့ ဗောဓိကုန်းရဲကင်းစခန်းကို အဝေးကနေ လာရောက်ပစ်ခတ်တာရှိခဲ့ပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ကော့ကရိတ်၊ ကျိုက်ဒုံလမ်းဆုံမှာ ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝ ပြန်လည်တည်ငြိမ်စေရေးတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက မနေ့ကတော့ နိုင်ငံတော်
ဝန်ကြီးချုပ် လားရှိုးမှာသွားရောက်ပြီး ယာယီတိုက်ပွဲရှောင်ပြည်သူများနဲ့ တွေ့ဆုံခဲ့ပါတယ်။ စစ်သည်/ရဲမေများနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာယီတိုက်ပွဲရှောင် ပြည်သူများနဲ့ပတ်သက်ပြီး ကူညီပံ့ပိုးမှုများ ပြန်လည်ပြီးနေရပ်ဒေသမှာ အမြန်ဆုံး အခြေချနိုင်ဖို့လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို အထူးအလေးထားပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနများ အနေနဲ့လည်း၊ ဝန်ကြီးများအနေနဲ့လည်း မနေ့ကခရီးစဉ်မှာ သက်ဆိုင်ရာဌာနတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ လိုအပ်ချက်တွေကို အမြန်ပြန်လည်ဖြည့်ဆည်းပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ပြန်လည်ကောင်းမွန်လာ‌စေရေး၊ တည်ငြိမ်လာစေရေး အစွမ်းကုန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောလိုပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။