နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို ထုတ်လုပ်မှုပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေးလုပ်ငန်းစဉ်ှနှစ်ခုဖြင့် ဆောင်ရွက်လျက်ရှိ

mdn

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ထံမှ ပေးပို့သည့်သဝဏ်လွှာ

(၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်နေ့)

 

၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီးချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ အသီးသီးတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားများ နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၃၃) ကြိမ်မြောက်ရှိပြီ ဖြစ်ပါသည်။

ယခင်နှစ်များက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဗဟိုအဆင့်အခမ်းအနားကို နေပြည်တော် MICC-Iတွင်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အခမ်းအနားများကို ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့်လည်းကောင်း၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ များကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင်လည်းကောင်း တစ်ပြိုင် တည်း ကျင်းပခဲ့ကြပါသည်။ ယခုနှစ်တွင် COVID-19 ကပ်ရောဂါ အခြေအနေကြောင့် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အခမ်းအနားများ၊ ပြပွဲပြိုင်ပွဲများကို ကျင်းပပြုလုပ်နိုင်ခြင်းမရှိဘဲ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီးပွဲများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် လားရှိုးမြို့များ တွင်လည်းကောင်း၊ အစပျိုးဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖျက်ဆီး ပွဲကို ကွတ်ခိုင်မြို့ ၌လည်းကောင်း ကန့်သတ်လူဦးရေဖြင့် ဆောင်ရွက်ခဲ့ပါသည်။

မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းကျဆင်းစေရန် ကျောင်းသားလူငယ် ဘဝမှစတင်၍ တိုက်ရိုက်အသိပညာပေးခြင်း၊ သွယ်ဝိုက်အသိပညာပေးခြင်း၊ တို့ကို ဆောင်ရွက်လျက်ရှိပြီး ကျောင်းအဆင့် မူးယစ်ဆေးဝါး အသိပညာပေးရေး အဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်များ၊ ဆောင်ပုဒ် များ ဖြန့်ဝေခြင်း၊ ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားခြင်း၊ ပြပွဲပြိုင်ပွဲများ ကျင်းပခြင်းနှင့် ဆရာ/ဆရာမများအား အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ပို့ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါ သည်။

နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းများကို ထုတ်လုပ်မှုပပျောက်ရေးနှင့် သုံးစွဲမှု ပပျောက်ရေး လုပ်ငန်းစဉ်နှစ်ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်မှု ပပျောက်ရေး လုပ်ငန်းစဉ်အောက်တွင် တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေး၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေး၊ မွေးမြူရေး၊ သီးနှံအစထိုးစိုက်ပျိုးရေးနှင့်အစပျိုးဓာတုပစ္စည်းများ ထိန်းချုပ်ကြီးကြပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ သည်။ ထို့အတူ သုံးစွဲမှုပပျောက်ရေး လုပ်ငန်းစဉ်အောက်တွင်လည်း ဆေးကုသရေး၊ ပြန်လည် ထူထောင်ရေး၊ ကျောင်းသား လူငယ်များအား အသိပညာပေးရေး၊ ပြည်သူ များအား ပညာပေးလှုံ့ဆော်ရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှု အကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုကြီးကြပ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါသည်။

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှဖွဲ့စည်းပေးထားသော ဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ များကို နေပြည်တော်ကောင်စီ တိုင်းဒေသကြီး/ ပြည်နယ် နှင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ အစိုးရမဟုတ်သောအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အသင်း အဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များကိုပါ ထည့်သွင်းဖွဲ့စည်းပြီး မူးယစ် ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ခြင်းများကို တိုက်ဖျက်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှ စတင်ဖွင့်လှစ်ထားရှိခဲ့ရာ ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်ဇွန်လ ၂၀ရက်နေ့အထိ ပေးပို့တိုင်ကြားလာသည့် အမှုများအနက် အမှုပေါင်း ၁၁၉၆ မှု ဖွင့်လှစ်နိုင်ခဲ့ပြီး တရားခံ(အမျိုးသ) ၁၅၄၃ ဦး တရားခံ(အမျိုးသမီး) ၃၀၃ ဦး စုစုပေါင်း ၁၈၄၆ ဦး အား ဖမ်းဆီး အရေးယူနိုင်ခဲ့ပါသည်။

နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့များမှ အထူးစစ်ဆင်ရေးများဆောင်ရွက်မှုများကြောင့် မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မြောက်မြားစွာကို ၂၀၂၀ ပြည့်နှစ်ကာလတွင် သိမ်းဆည်းရမိခဲ့၍ ထူးခြားစွာအောင်မြင်မှု ရလဒ်များ ရရှိနေသည်ကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်နေရပါသည်။

မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် ဘက်ပေါင်းစုံ၊ နည်းလမ်းစုံ ပါဝင်သည့် ချဉ်းကပ်မှုများနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်၍ ၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာဆိုင်ရာ ကုလသမဂ္ဂအထူးညီလာခံ UNGASS အစည်းအဝေး၏ လုပ်ငန်းအကြံပြုချက်များကို အခြေခံသည့် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒအသစ်နှင့် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၁၈ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်ကို အကောင်အထည်ဖော်မည့် အမျိုးသားမဟာဗျူဟာစီမံချက်ကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရေးဆွဲအတည်ပြုခဲ့ပြီး ဒေသအလိုက်  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မိမိဒေသ အခြေအနေများနှင့် ကိုက်ညီသည့် ၂ နှစ်တာ လုပ်ငန်းစီမံချက် (Action Plan) များ ရေးဆွဲဆောင်ရွက်နေပြီ ဖြစ်ပါသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်ရာ၌ တရားရေးစနစ်များ ပိုမိုတောင့်တင်း ခိုင်မာလာစေရေး၊ စိတ်ဆင်းရဲခြင်းနှင့် အတိဒုက္ခခံစားရခြင်း များကို ဖြစ်စေသော ရာဇဝတ်မှု ကွန်ရက်များကို နှိမ်နင်းရေးနှင့် ကျန်းမာရေး၊ လူ့အခွင့်အရေးဆိုင်ရာ တုံ့ပြန်မှုများ ရရှိနိုင်ရေးတို့အတွက် ထိရောက်သော ဆောင်ရွက်မှုများ လိုအပ်မည်ဖြစ်ပါသည်။

လူအများသည် ဆေးကုသမှုခံယူရာတွင် ထိန်းချုပ်မှုမရှိသည့် ဆေးဝါး များကြောင့် မယုံနိုင်ဖွယ်ရာ နာကျင်မှုများကိုလည်း ကြုံတွေ့ခံစားကြရသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ လူအများသည် လိုအပ်သည့်အချိန်တွင် နာကျင်မှု သက်သာရာရစေသော ဆေးဝါးများကို ရရှိရန်အတွက် အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးထားရမည်။ မူးယစ်ဆေးဝါးဆိုင်ရာနောက်ဆက်တွဲ အန္တရာယ် များဖြစ်သည့် HIV/AIDS ၊ အသည်းရောင်အသားဝါရောဂါများ ပြုစုကုသခြင်း၊ ဆေးသုံးစွဲသူများအတွက် စဉ်ဆက်မပြတ်သော ကာကွယ်စောင့်ရှောက်မှု၊ ပြုစုကုသမှု အစရှိသည့် လူမှုရေးနှင့် ကျန်းမာရေး လိုအပ်ချက်များအရ ဆေးဝါးသုံးစွဲခြင်းများကိုလည်း ပိုမိုနားလည်မှုရှိလာစေရန်နှင့် လုပ်ဆောင်နိုင် သည် မှန်သမျှကို လုပ်ဆောင်ပေးရပေမည်။

၂၀၁၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး ပြဿနာဆိုင်ရာ ကုလသမဂ္ဂအထူး ညီလာခံ UNGASS အစည်းအဝေးတွင် တရားမဝင်သယ်ဆောင်ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါး အလွဲသုံးမှုတို့နှင့် ဆက်နွယ်သောကိစ္စရပ်များကို ကျယ်ကျယ် ပြန့်ပြန့် ကိုင်တွယ်နိုင်ရေးအတွက် ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ တုံ့ပြန် မှုများရရှိနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါသည်။ လူသားဆန်၍ ထိရောက်သော လမ်းကြောင်းသစ် တစ်ခုဆီသို့ နိုင်ငံအစိုးရများသည် အတူတကွ လိုက်ပါ ဆောင်ရွက်ကြမည် ဖြစ်ပါသည်။ မူးယစ်ဆေးဝါး အလွဲသုံးမှု၊ တရားမဝင်ရောင်းဝယ်မှုများနှင့် မူးယစ် ဆေးဝါးကြောင့် ဖြစ်ပေါ်တတ်သောအန္တရာယ်များ လျှော့ချနိုင်ရန်နှင့် ပိုမို ကောင်းမွန်သော ငြိမ်းချမ်းလုံခြုံမှုရရှိရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူအခွင့်အရေးနှင့် သာတူညီမျှမှုရှိစေရေးတို့ကို မြှင့်တင်ပေးသော ချဉ်းကပ် မှုများအား တစ်ညီတစ်ညွတ်တည်း ဆောင်ရွက်နိုင်ခဲ့သည့် ပြည်သူများကို လည်း ချီးကျူးဂုဏ်ပြုရမည် ဖြစ်ပါသည်။

 

ထို့အပြင် လက်ရှိကမ္ဘာနှင့်တစ်ဝန်းတွင် ဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ coviD -19 မှာကာလကြာရှည်စွာ ဖြစ်ပွားနေသည့်အတွက်စီးပွားရေးကျဆင်း မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိရပါသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုလုပ်ငန်းများ မူးယစ် ဆေးဝါးဈေးကွက်များ အပြောင်းအလဲဖြစ်ပေါ်လာနိုင်သည့်အတွက် တားဆီးကာကွယ်ရေး ဆောင်ရွက်နေကြသော တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် ကြိုတင် ပြင်ဆင် ကာကွယ်တားဆီးသွားရန်လည်း လိုအပ်မည်ဖြစ်ပါသည်။

 

ယခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်မှာ “Better knowledge for better care" “ထိထိရောက်ရောက် စောင့်ရှောက်ဖို့ ဘက်စုံအသိအမြင် လေ့လာစို့” ဆိုသည့်အတိုင်း ထိရောက်သည့် စောင့်ရှောက်မှုဖြစ်စေရေးအတွက် ဘက်ပေါင်းစုံအသိပညာ တိုးပွားစေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မူးယစ် ဆေးဝါးပြဿနာကို ဖြေရှင်းရာ၌ အန္တရာယ်နှင့်စိန်ခေါ်မှုများ ရှိနေမည် ဖြစ်သော်လည်း မိမိတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိ နေပြီး ရေရှည်ကောင်းမွန်သော နည်းလမ်းများဆီသို့ ဦးတည်မည့် ပြီးပြည့်စုံ သော သဟဇာတဖြစ်သော တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိသော ချဉ်းကပ်မှု တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မျှော်လင့် မိပါကြောင်း ဖော်ပြလိုက်ပါသည်။ ။