နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ကျင်းပ

နေပြည်တော်   ၁၅   အောက်တိုဘာ 

 

နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောကြားသည်။

 

 

သီးသန့်အစည်းအဝေးသို့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ် ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ အစိုးရနှင့် တပ်မတော်တို့မှ တာဝန်ရှိသူများ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးယွက်ဆစ်၊ အတွင်းရေးမှူး ဦးစိုင်းငင်း၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ချင်းအမျိုးသား တပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ဗဟိုကော်မတီဝင် စောမြရာဇာလင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)ဥက္ကဋ္ဌ စောမိုရှေး၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) အတွင်းရေးမှူး ဒေါက်တာနော်ကပေါ်ထူး၊ မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၊ ဗဟိုကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး(LDU)ဥက္ကဋ္ဌ ကြာခွန်ဆာ၊ အတွင်းရေးမှူး ကြာဆော်လမွန်၊ NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

သီးသန့်အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားသည်။

 

 

   

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားသည်။

 

 

ဆက်လက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးက အမှာစကား ပြောကြားသည်။

 

 

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အစည်းအဝေးကို ခေတ္တရပ်နားသည်။

 

 

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်အစိုးရနှင့်  NCA  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး   ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ အကျိုးဆောင်များအဖြစ် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က ဆောင်ရွက်ကြသည်။

 

 

 

အစည်းအဝေး၌ ၂၀၁၈ ခုနှစ်တွင် ၂၁ ရာစု-ပင်လုံ ညီလာခံ (၁) ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် ပင်လုံညီလာခံ (၂) ကြိမ် ကျင်းပမည်ဖြစ်ပြီး ယင်းပင်လုံညီလာခံ (၃)ကြိမ်မှ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများရရှိအောင် ဆောင်ရွက်မည့် အချိန်ဇယားနှင့် လုပ်ငန်းအစီအစဉ်များ၊ လက်ရှိ နိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်း လွယ်ကူအောင် ဆောင်ရွက်ရေးကိစ္စရပ်များ၊ နိုင်ငံရေးဆွေးနွေးမှုတွင် ခေါင်းဆောင်များအကြား သဘောတူညီချက်ရရှိပြီး ဆက်လက်ဆောင်ရွက်မည့် ပုံစံကျင့်သုံးမည့်ကိစ္စရပ်များ၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်အောင်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

 

 

အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီချက်ရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ခွဲမထွက်ရကိစ္စ၊ တစ်ခုတည်းသောတပ်မတော် ထားရှိရေးမူ ချမှတ်နိုင်ရေးကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)