နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု မိတ်ဆက်ရှင်းလင်းပွဲ လှည်းကူး၌ကျင်းပ

 

လှည်းကူး  ၂၅  ဇွန်

 

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု မိတ်ဆက်ရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦစွာ မြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဒေါ်သီတာအေးက ဇူလိုင် ၁ ရက်တွင် စတင်ကျင့်သုံးဆောင်ရွက်မည့် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်သူဇာမွန်က မှုခင်းစီမံခန့်ခွဲခြင်း၏ အနက်အဓိပ္ပာယ် ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ တွဲဖက်မြို့နယ် တရားသူကြီး ဒေါ်စုမြတ်မွန်က မှုခင်းစီမံခန့်ခွဲမှုစစ်ဆေးမည့် အမှုအမျိုးအစားခွဲခြင်း၊ အချိန်စံနှုန်း သတ်မှတ်ခြင်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်တေဇာလွင်က မှုခင်းစီမံခန့်ခွဲမှုစစ်ဆေးမည့် အမှုများတွင် အသုံးပြုရမည့် ပုံစံများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများမှ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်တရားသူကြီး ဒေါ်သီတာအေးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်တရားသူကြီး ဒေါ်သီတာအေးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

နိုင်လင်း၊ ဖြုတ်ကလေး