နိုင်ငံသားနှင့် ရွေးကောက်တင်မြှောက်ပိုင်ခွင့်ဆိုင်ရာအကြောင်း တစေ့တစောင်း

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲများ ကျင်းပပါတော့မည်။ မဲဆွယ်လှုပ်ရှားမှု ပုံရိပ်များကို ရန်ကုန်မြို့အပါအဝင် တိုင်းဒေသကြီး ပြည်နယ် နေရာအတော်များများတွင် တွေ့မြင်နေရပြီဖြစ်ပါသည်။ နိုင်ငံရေး ပါတီအသီးသီးမှ ရွေးကောက်တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ တင်သွင်းကြရာတွင် ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ ၈(ခ) နှင့် ငြိစွန်း၍ ပယ်ချခံရမှုများလည်းရှိနေပါသည်။ ကာယကံရှင် နှင့် ပြင်ပဝေဖန်သူအချို့တို့က ရှုထောင့်အမျိုးမျိုးမှ အမြင်အမျိုးမျိုးဖြင့် ဝေဖန်နေကြသည်ကိုလည်း ကြားသိရပါသည်။

 

မဲပေးခွင့်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်မရှိ၊ အားလုံး၏ အမြင်တွင် ရှင်းလင်းစွာ နားလည်နိုင်ကြပါသည်။ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ (ထောင်ကျနေသူ၊ စိတ်ပေါ့သွပ်သူ၊ လူမွဲစာရင်းဝင်နေသေးသူ၊ သာသနာ့ဝန်ထမ်း----စသည်---စသည်ဖြင့်) မဟုတ်လျှင် အသက် ၁၈နှစ်ပြည့်ပြီး မဲစာရင်းတွင်အမည်ပါဝင်သူ နိုင်ငံသားတိုင်း မဲပေးခွင့်ရှိကြောင်း ပြည်သူများ နားရည်ဝနေကြပြီဖြစ်ပါသည်။ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်နှင့် ပတ်သက်၍ စာရေးသူအနေဖြင့် မိမိသိရှိလေ့လာထားသည်များကို ဝေမျှလိုပါသည်။

 

နိုင်ငံသားအရည်အချင်း သတ်မှတ်ချက်

 

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်း သတ်မှတ်ချက်များအနက် နိုင်ငံသားအရည်အချင်းနှင့် ပတ်သက်၍ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၀(ခ)တွင် “နိုင်ငံသား မိဘ(၂)ပါးမှ မွေးဖွားသော နိုင်ငံသား” ဖြစ်ရမည်ဟု ပါရှိပါသည်။ ထို့အတူ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ ၈(ခ)တွင်လည်း ထိုစာသားအတိုင်းပင် ပြဋ္ဌာန်းထားပါသည်။ တစ်ဖန် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိ (မရှိ) သူများအတွက် ပြဋ္ဌာန်းချက်တွင်လည်း ပုဒ်မ-၁၀(င)တွင် “မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးစလုံးမှ ဖြစ်စေ၊ မွေးဖွားသည့် နိုင်ငံသားများသည် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရ” ဟု သတ်မှတ်ထားပါသည်။ ဥပဒေစကားရပ်များဖြစ်သော်လည်း ရိုးရှင်းပြီး နားလည်လွယ်သည့် စကားလုံးအသုံးအနှုန်းများဖြစ်၍ လိုရင်းအဓိပ္ပာယ်ကို မြင်သာထင်သာစေသည့် ပြဋ္ဌာန်းချက်များ ဖြစ်ပါသည်။

 

ကမ္ဘာတည်သရွေ့

 

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူ(၆)ချက်တွင် “နိုင်ငံတော်သည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက် ဦးတည်သည်” ဟု ထည့်သွင်းထားပါသည်။ ထာဝစဉ် ဦးထိပ်ပန်ဆင်ရမည့် တာဝန်တစ်ခုဖြစ်ပေရာ ဒို့တာဝန်အရေး(၃)ပါးတွင်လည်း တစ်ပါးအဖြစ် ထည့်သွင်းဖော်ညွှန်းထားပါသည်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေမှသာလျှင် ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံလည်း တည်ရှိနေမည်ဖြစ်ပါသည်။ အချုပ်အခြာအာဏာ၏ ခက်မ(၃) ဖြာဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များတွင် နိုင်ငံသားများ၏ကိုယ်စား တာဝန်ယူကြရမည့် လွှတ်တော် ကိုယ်စားလှယ်များကို (၅)နှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်ခြင်းသည် ဒီမိုကရေစီနိုင်ငံတိုင်း၏ ကျင့်စဉ်တစ်ခုဖြစ်ပါသည်။

 

မြန်မာနိုင်ငံသည် ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းခါစဖြစ်ပါသည်။ လွတ်လပ်ရေးကာလ နှစ်(၇၀)မျှဖြစ်သော်လည်း တစ်နိုင်ငံလုံး လွှမ်းခြုံသော ငြိမ်းချမ်းသည့်ကာလဟူ၍ မရှိခဲ့။ ကြမ်းတမ်းသည့်ခရီးလမ်းကို လျှောက်လှမ်းခဲ့။ လျှောက်လှမ်းဆဲဖြစ်ပါသည်။ နှစ်(၂၀၀)ကျော်မျှ လွတ်လပ်ရေးသက်တမ်း ရှိခဲ့ကြသည့် ဒီမိုကရေစီနိုင်ငံကြီးများ၏ ကျင့်စဉ်များအတိုင်း တစ်သဝေမတိမ်း ချက်ချင်း၊ လက်ငင်းလိုက်နာကျင့်သုံး အကောင်အထည်ဖော်ရန် ခက်ခဲနေဦးမည်ဖြစ်ပါသည်။ ဒီမိုကရေစီခရီးပန်းတိုင်သို့ အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မယိမ်းမယိုင် ထိန်းသိမ်းကိုင်တွယ်ကြရပါမည်။ အချုပ်အခြာအာဏာကို ထိန်းကိုင်ကြရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရှိသင့်ရှိထိုက်သည့် အရည်အချင်းများကို ဒီမိုကရေစီစနစ်ကျင့်သုံးခါစ မိမိနိုင်ငံ၏ ရေ၊ မြေ သဘာဝ၊ လူမှုဓလေ့ ဖွဲ့စည်းနေထိုင်မှု စရိုက်လက္ခဏာများနှင့် လိုက်လျောညီစွာ သတ်မှတ်ပြဋ္ဌာန်းထားရသည်မှာ မျက်မှောက်ကာလ နိုင်ငံ၏အခြေအနေအရ သဘာဝကျလှပါသည်။ အတွေ့အကြုံများ ရင့်ကျက်လာသည်နှင့်အမျှ လွှတ်တော်သက်တမ်းကာလအလိုက် ပြောင်းလဲဖြေလျှော့လာမည်သာ ဖြစ်ပါသည်။

 

နိုင်ငံသား

 

၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံတွင် “မွေးရာပါ နိုင်ငံသား” နှင့် “ဥပဒေအရ နိုင်ငံသား”ဟူ၍ရှိပါသည်။ ကမ္ဘာ့နိုင်ငံများတွင်လည်း မည်သည့်နိုင်ငံရေးစနစ်ကို သုံးသည်ဖြစ်စေ မြန်မာနိုင်ငံနည်းတူ နိုင်ငံသား နှစ်မျိုး နှစ်စားရှိကြစမြဲ ဖြစ်ပါသည်။ နိုင်ငံမဖြစ်ထွန်းမီ မူလအစကပင် နေထိုင်ပေါက်ဖွားလာကြသော ဇာတိဖွားနိုင်ငံသားများ၊ တစ်နည်းအားဖြင့် “မွေးရာပါ နိုင်ငံသားများ ”ရှိကြသကဲ့သို့ အခြားဒေသပင်ရင်းနိုင်ငံတစ်ခုမှ ပြောင်းရွှေ့အခြေချ နေထိုင်ပေါက်ဖွားလာသူများအား ထိုနိုင်ငံ၏ ဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားသော “ဥပဒေအရ နိုင်ငံသား”များ ရှိကြပါသည်။

 

မွေးရာပါနိုင်ငံသား

 

မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံအဖြစ် ရှေးများမဆွကပင် နေထိုင်လာခဲ့ကြသော တိုင်းရင်းသားများနှင့် ၎င်းတို့မှ မွေးဖွားလာကြသူများကို ၁၉၈၂ ခုနှစ် ဥပဒေတွင် “မွေးရာပါ နိုင်ငံသား” များအဖြစ် သတ်မှတ်ထားပါသည်။ ၎င်းတို့အား နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ “နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးထားပါသည်။ မွေးရာပါနိုင်ငံသားများ မဟုတ်သော်လည်း ဖျက်သိမ်းပြီးခဲ့သည့် ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်မှုနှင့် ရွေးချယ်ရေး အက်ဥပဒေများအရ နိုင်ငံသားဖြစ်ခွင့်ပြုခဲ့သူများကို ၁၉၈၂ခုနှစ်၊ ဥပဒေအရ နိုင်ငံသားအဖြစ် ဆက်လက်အသိအမှတ်ပြုခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား” များ ထုတ်ပေးထားပါသည်။

 

ဥပဒေအရနိုင်ငံသား

 

၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကို ၁၅ - ၁၀ - ၁၉၈၂ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ထိုနေ့မတိုင်မီက ၁၉၄၈ ခုနှစ် အက်ဥပဒေများအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခဲ့ကြသော်လည်း ပြီးပြတ်မှုမရှိဘဲ စိစစ်ဆဲအမှုတွဲလက်ကျန်များအဖြစ် ကျန်ရှိနေသူများနှင့် လျှောက်လွှာတွင်အမည်ပါရှိပြီး အသက် ၁၈ နှစ် မကျော်သေးသော သား/သမီးများအား ၁၉၈၂ ခုနှစ်၊ ဥပဒေအရ “ဧည့်နိုင်ငံသား” များအဖြစ် သတ်မှတ်၍ “ ဧည့်နိုင်ငံသား စိစစ်ရေးကတ်ပြား” များ ထုတ်ပေးပါသည်။

အခွင့်အရေးရှိသော်လည်း ယခင်ဥပဒေအရ လျှောက်ထားခဲ့ကြခြင်းမရှိဘဲ ၁၅- ၁၀- ၁၉၈၂ ရက်နေ့ နောက်ပိုင်းတွင် လျှောက်ထားလာကြသူများအား ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေတွင် “နိုင်ငံသားပြုခွင့်ရသူ” များအဖြစ် သတ်မှတ်၍ နိုင်ငံသားပြုခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး “နိုင်ငံသားပြုခွင့် စိစစ်ရေးကတ်ပြား” များ ထုတ်ပေးပါသည်။

 

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ နောက်ပိုင်းတွင် ရောက်ရှိလာကြသော နိုင်ငံခြားသား မိဘတစ်ဦးဦး (One side FRC)မှ မွေးဖွားပြီး အသက် ၂၂ နှစ် မကျော်လွန်မီ “နိုင်ငံခြားသား (FRC)” အဖြစ်ကို စွန့်လွှတ်ကြောင်း၊ နိုင်ငံတော် ၏ သစ္စာကိုခံယူကြောင်း၊ နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသောတာဝန်နှင့် အခွင့်အရေးများကို သိရှိကြောင်း” စာဖြင့်ရေးသား၍ ကတိသစ္စာပြုသူများကိုလည်း ၁၉၈၂ ခုနှစ်၊ ဥပဒေတွင် “နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်၍ နိုင်ငံသားပြုခွင့်စိစစ်ရေး ကတ်ပြား” များ ထုတ်ပေးထားပါသည်။

 

အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား (၃-ခေါက်ချိုး)

 

မြန်မာနိုင်ငံအတွင်း နေထိုင်သူများအား ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေနှင့် ၁၉၅၁ ခုနှစ်၊ နည်းဥပဒေများအရ ထုတ်ပေးထားသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားများ ဖြစ်ပါသည်။ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုထားသည့် ကတ်ပြားမဟုတ်ပါ။ ကိုလိုနီလက်အောက်ခံဘဝ နှစ်ပေါင်း ၁၂၄ နှစ်မျှ ကာလအတွင်း အိမ်နီးချင်းဒေသများနှင့် အခြားသော ရေခြား၊ မြေခြား ဘဝတူ ကိုလိုနီနယ်မြေများမှ ဝင်ရောက်အခြေချ နေထိုင်လာသူများနှင့် ၎င်းတို့မှ ဆင်းသက်ပေါက်ပွားလာသူများ၊ ဒေသခံများနှင့် သွေးနှော၍ မွေးဖွားလာသူများ၊ နိုင်ငံခြားသားစစ်မှုထမ်းများ စသည့်အလွှာမျိုးစုံတို့အား လွတ်လပ်ရေးနှင့်အတူ လွတ်လပ်ရေး၏အမွေအဖြစ် ဆက်လက်လက်ခံခဲ့ရပါသည်။

အမျိုးသားမှတ်ပုံတင် သက်သေခံကတ်ပြား (၃-ခေါက်ချိုး)ကိုင်ဆောင်သူများတွင် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် (FRC) ကိုင်ဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရသူ နိုင်ငံခြားသားစစ်မှုထမ်းများနှင့် အစိုးရအမှုထမ်း နိုင်ငံသားများအား မှီခိုသူ နိုင်ငံခြားသူဇနီးနှင့် သားသမီးအချို့ပင် ပါဝင်နေခဲ့ကြပါသည်။ ထို့ကြောင့် ကတ်ပြား၏ရှေ့စာမျက်နှာတွင် “မည်သည့် နိုင်ငံသားဟု ဖော်ပြခြင်းဖြင့် ဤလက်မှတ်ကိုင်ဆောင်သူသည် အကယ်စင်စစ် ထိုနိုင်ငံသား ဖြစ်ကြောင်း သက်သေခံအလျဉ်း မဖြစ်စေရ”ဟုဖော်ပြထားသည့် မှတ်ချက်ပြုစာသားပါရှိသည်ကို ကတ်ပြားကိုင်ဆောင်ခဲ့ဖူးသူတိုင်း မှတ်မိကြပါလိမ့်မည်။ ကတ်ပြားတွင် ပါရှိသည့် ကိုင်ဆောင်သူ၏ အကြောင်းအရာကို ဖော်ပြသော စာတိုင်အမှတ်စဉ်(၈) ခုအနက်၊ အမှတ်စဉ်(၅) “မွေးဖွားရာဒေသနှင့် နိုင်ငံသား” စာတိုင်၌ “မြန်မာ(သို့မဟုတ်)မြန်”ဟု ဖော်ပြလေ့ရှိသည့်အချက်ကို ရည်ညွှန်း ထားခြင်းဖြစ်ပါသည်။ ထိုကတ်ပြား (၃-ခေါက်ချိုး)ကိုင်ဆောင်သူများကိုလည်း ၁၉၈၂ခုနှစ်၊ ဥပဒေနှင့်အညီစိစစ်၍ အကျုံးဝင်သည့် နိုင်/ဧည့်/ပြု နိုင်ငံသား စိစစ်ရေးကတ်ပြား တစ်မျိုးမျိုးဖြင့် လဲလှယ်ထုတ်ပေးလျက်ရှိပါသည်။

 

မတူကွဲပြားသော်လည်း

 

အိမ်နီးချင်းနယ်စပ်ဒေသများနှင့် ရေခြား၊ မြေခြားဒေသများမှ ဝင်ရောက် အခြေချပေါက်ဖွားဆင်းသက် ရောယှက်နေထိုင်လာမှုသဘာဝအရ ဖော်ပြပြီးခဲ့သည့်အတိုင်း မွေးရာပါနိုင်ငံသားနှင့် ဥပဒေအရ နိုင်ငံသားဟူ၍ ဖြစ်တည်လာခဲ့ကြပါသည်။ ၎င်းတို့သည် နိုင်/ ဧည့်/ ပြု နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးကိုင်ဆောင်ထားကြပြီး အချို့မှာ အသွေးအရောင်နှင့် ရုပ်ရည်သွင်ပြင် လက္ခဏာတို့သည် တိုင်းရင်းသားများနှင့် မတူကွဲပြားခြားနားနေကြသည် ဖြစ်သော်လည်း ၎င်းတို့အားလုံးမှာ ၁၉၈၂ခုနှစ်ဥပဒေအရ အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍအားလုံးတွင် ခွဲခြားထားခြင်းမရှိ၊ ညီတူညီမျှ ခံစားခွင့် ရှိကြသူများ ဖြစ်ပါသည်။ နိုင်/ဧည့်/ပြု နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်။ ဥပဒေပါတာဝန်များကို ထမ်းဆောင် ရမည်။ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်ဟု ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။

 

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်

 

နိုင်/ဧည့်/ပြု နိုင်ငံသားအားလုံးတို့သည် မဲပေးနိုင်သည့် အခွင့်အရေး ရှိကြပါသည်။ သို့သော် ရွေးကောက်တင်မြှောက်ခံကြမည်ဆိုလျှင်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များအတိုင်း လိုက်နာကြရမည် ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၂၀(ခ)နှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ-၈(ခ)ပါအတိုင်း ရွေးကောက်တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်းများသည် မွေးဖွားချိန်တွင် ၎င်းတို့၏မိဘ(၂)ဦး စလုံးသည် နိုင်ငံသားများဖြစ်ကြရပါမည်။ နိုင်ငံသားဟုဆိုရာတွင် နိုင်/ဧည့်/ ပြု၊ အားလုံး အကျုံးဝင်သက်ဆိုင်ပါသည်။

 

နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူအချို့နှင့် ဧည့်/ ပြု နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူအားလုံးတို့သည် ဥပဒေအရ နိုင်ငံသားများ ဖြစ်ကြပါသည်။ ယခုအချိန်တွင် ၎င်းတို့သည် နိုင်ငံသားများဖြစ်ကြသော်လည်း၊ ၎င်းတို့အား မွေးဖွားစဉ်က မိဘတစ်ဦးဦးသည်လည်းကောင်း၊ နှစ်ဦးစလုံးသည်လည်းကောင်း “နိုင်ငံခြားသား (FRC)”များ ဖြစ်ကြပါသည်။ လက်ရှိအခြေအနေ ပစ္စုပ္ပန်ကာလ၌ ဖြစ်တည်နေခြင်း ယေဘုယျသဘောကို ဆောင်ယူ၍ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ-၁၀(၃)တွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိ (မရှိ)သူများစာရင်း၌ “ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူများ” ဟု ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ အနာဂတ်ကာလ လွှတ်တော်သက်တမ်းတစ်ခုခုတွင် ဥပဒေပြုအမတ်များ ရရှိလာမည့် လက်ဆောင်ပဏ္ဏာတစ်ခုဖြစ်သည်ဟု ရှုမြင်သုံးသပ်မိပါသည်။

 

နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူများတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရသူများလည်း ရှိပါသည်။ ၎င်းတို့မှာ ဖျက်သိမ်းခဲ့သည့် ၁၉၄၈ ခုနှစ်၊ နိုင်ငံသားဖြစ်မှုနှင့် ရွေးချယ်ရေးအက်ဥပဒေများအရ နိုင်ငံသားလက်မှတ်(UCC) ကိုင်ဆောင်ခဲ့သူများဖြစ်ပါသည်။ ထိုသူတို့သည် ၁၉၈၂ ခုနှစ် ဥပဒေပုဒ်မ-၆အရ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခွင့်ရခဲ့သော် လည်း မွေးဖွားစဉ်က မိဘတစ်ဦးဦးသည် နိုင်ငံခြားသား(FRC)ဖြစ်ခဲ့သဖြင့် ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ ၈(ခ)၊ ၁၀ (င)တို့နှင့် ငြိစွန်းနေကြခြင်း ဖြစ်ပါသည်။

 

ထိုသူများအနက် ယခင်တပ်မတော်အစိုးရလက်ထက် ဝန်ကြီးဌာနတစ်ခုတွင် ဒုတိယအဆင့်အမြင့်ဆုံးရာထူးတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်ဖျက်ခံခဲ့ရပြီး အလားတူ အခြားတစ်ဦးမှာ မိမိဆန္ဒသဘောအရ အမည်စာရင်းမှ ရုပ်သိမ်းသွားခဲ့သည့် ဖြစ်စဉ်များရှိခဲ့ပါသည်။

 

အနာဂတ်တွင်အကျုံးဝင်ရွေးကောက်ခံဖို့ပြင်

 

ယခုအချိန်တွင် ဥပဒေအရဖြစ်လာကြသည့် နိုင်/ဧည့်/ပြု နိုင်ငံသားများသည် မွေးဖွားစဉ်က မိဘတစ်ဦးဦးသည် နိုင်ငံခြားသား(FRC)ဖြစ်ခဲ့ကြသဖြင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်နှင့် အလှမ်းဝေးနေကြမည်ဖြစ်သော်လည်း ၎င်းတို့မှ မွေးဖွားသော သားသမီးများသည် မကြာမီကာလတွင် ထိုအခွင့် အရေးများကို ရရှိကြတော့မည်ဖြစ်ပါသည်။ ၎င်းတို့မှ မွေးဖွားသော သား/ သမီး အချို့သည် ယခုအချိန်၌ အသက်(၁၈-၂၀)အရွယ်သို့ရောက်ရှိနေကြပြီ ဖြစ်ပါသည်။ အသက်(၂၅)နှစ်ပြည့်ရန် (၄-၅)နှစ်သာ လိုပါတော့သည်။ အနာဂတ်ကာလတွင် ကျင်းပမည့် ရွေးကောက်ပွဲများတွင် ၎င်းတို့သည် ဧည့်ပြု နိုင်ငံသားများပင် ဖြစ်နေကြစေကာမူ လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ရရှိကြမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။  ။