နိုင်ငံသားများ၏ မူလတာဝန်ဝတ္တရားနှင့်အညီ

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် အဆိုပါဥပဒေသည် စတင်၍အာဏာတည် အသက်ဝင်လာပြီဖြစ်ပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည် အသက်ဝင်လာသည့် ကိစ္စနှင့် ပတ်သက်၍ လတ်တလောတွင် ပြည်သူများကြား၌ ပြောဆိုဝေဖန်သုံးသပ်မှုများ ဖြစ်ပေါ်နေသည်ကို ကြားသိရပါသည်။ တစ်ချိန်တည်းတွင် နိုင်ငံတော်၏ဆောင်ရွက်ချက်များကို အစဉ်တစိုက်နှောင့်ယှက်နေကြသော ပြည်ပအခြေစိုက် အကြမ်းဖက်အားပေး မီဒီယာများနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများက ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်လာကြသည်ကိုလည်း ကြားသိနေရပါသည်။ နိုင်ငံတော်ကို ချစ်မြတ်နိုးသည့် ပြည်သူများက အသိအမှတ်ပြု ထောက်ခံနေကြသည်ကိုလည်း ကြားသိနေရပါသည်။

ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်နှင့် ပြည်သူလူထု တစ်ရပ်လုံးနှင့်သက်ဆိုင်သော အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ရှေးရှုပြဋ္ဌာန်းထားခြင်းဖြစ်၍ နိုင်ငံသား တစ်ယောက်အနေဖြင့် အလေးအနက်ထားရမည့် ကိစ္စတစ်ရပ်ဖြစ်ပါသည်။ နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် သက်ဆိုင်ရာနိုင်ငံအလိုက် အခြေခံဥပဒေ ပြဋ္ဌာန်းဆောင်ရွက်နေကြပါသည်။ ပြဋ္ဌာန်းထားသော အခြေခံ ဥပဒေများတွင် နိုင်ငံသားအခွင့်အရေး၊ တာဝန်နှင့်ဝတ္တရားများ အသီးသီးပါရှိပါသည်။ ပြဋ္ဌာန်းထားသော အခြေခံဥပဒေနှင့်အညီ နိုင်ငံသားများက လိုက်နာဆောင်ရွက်ကြရပါသည်။ ဤအချက်များကို မည်သည့်နိုင်ငံမျှ ချန်လှပ်ထားခြင်းမရှိဘဲ အလေးထားဆောင်ရွက်နေကြပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို  ယခုမှအရေးပေါ်  အသစ်ပြဋ္ဌာန်းလိုက်ခြင်း မဟုတ်ပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ၁၉၅၉ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းထားခဲ့ပါသည်။ ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်၌ ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ယနေ့ကာလတွင် အာဏာအသက်ဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ လူ့အသိုက်အဝန်း တစ်ခုတွင် လိုအပ်လာလျှင် လူတိုင်းလူတိုင်း မိမိနိုင်ငံ၊ မိမိအသိုက်အဝန်းကို ကာကွယ်စောင့်ရှောက်ကြရပါသည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၌ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်ဟု ပါရှိသည်။ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟူသော အချက်နှင့် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟူသည့်အချက်တို့ ပြဋ္ဌာန်းပါရှိသည်။ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန်လိုအပ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ တာဝန်နှင့် ဝတ္တရားများကို သတိပြုမိရန်လိုအပ်သည်။

မျက်မှောက်ကာလတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို ထိပါးနှောင့်ယှက်ဖျက်ဆီးနေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သောင်းကျန်းသူအဖျက်သမားများက တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို နှောင့်ယှက်ဖျက်ဆီးနေကြသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ပြင်ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုပါ ထိပါးစော်ကားသည့်လုပ်ရပ်များ လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ သောင်းကျန်းသူ အဖျက်သမားများ၏ လုပ်ရပ်များကြောင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ များစွာထိခိုက် နစ်နာလျက်ရှိသည်။

ပြည်တွင်းရန်၊ ပြည်ပရန်တို့ကို တပ်မတော်သည် အစဉ်အမြဲကာကွယ်စောင့် ရှောက်ပေးလျက်ရှိရာတွင် ပြည်သူများက တပ်မတော်ကို အားဖြည့်ကူညီပေးရန် လိုအပ်သည်။ တိုင်းပြည်တွင် အန္တရာယ်ရန်စွယ်များမှ ကင်းဝေးပြီး တည်ငြိမ် အေးချမ်းစွာဖြင့်  နေထိုင်လုပ်ကိုင်နိုင်ကြမှသာ  ပြည်သူများ  စိတ်အေးချမ်းသာမည် ဖြစ်သည်။ တိုင်းပြည်ကာကွယ်ရေးတာဝန်ကို တပ်မတော်နှင့်အတူ ပြည်သူလူထုတစ်ရပ်လုံး အသိစိတ်ဓာတ် ရှိစွာဖြင့် ပါဝင်ကူညီကြရန်လိုအပ်သည်။ နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေး၊ တာဝန်နှင့်ဝတ္တရားများအရလည်းကောင်း၊ ပြဋ္ဌာန်းထားသော ပြည်သူ့ စစ်မှုထမ်းဥပဒေအရ လည်းကောင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အရလည်းကောင်း ပြည်သူအားလုံး   နိုင်ငံတော်ကာကွယ်ရေးတွင်  ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ကြေးမုံ