နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ

မြိတ်   ၂၂   ဇွန်  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းသည် မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ပုလဲ ရတနာခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

တွေ့ဆုံဆွေးနွေးပွဲ၌  ဝန်ကြီး ဦးကျော်မင်း က  ကိုဗစ်ကာလ ဖြစ်သည့်အတွက် ပြည်သူများ၏ကိုယ်စား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကာလလည်း နီးလာပြီဖြစ်သည့်အတွက် ရွေးကောက်ပွဲကာလမှာ လူဦးရေ စာရင်းကိစ္စနှင့် ပတ်သက်၍သော်လည်းကောင်း၊ မှတ်ပုံတင်ကိစ္စနှင့် ပတ်သက်၍သော်လည်းကောင်း အပြန်အလှန် ဆွေးနွေးကြဖို့အတွက် ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း၊

 

မြိတ်မြို့နယ်မှာ လူဦးရေအားဖြင့် (၂၀၃၆၉၉) ဦး ရှိကြောင်း၊ ကော်မရှင်က ပေးထားတဲ့စာရင်းအရ လူဦးရေ လေးသောင်းကျော် နိုင်ငံသားစိစစ်ရေးကတ်ပြား မရသေးကြောင်း၊ (၉၀၀၀) ကျော်မှာ အိမ်ထောင်စုစာရင်း မရသေးကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရှိရကြောင်း၊ နိုင်ငံတိုင်းမှာ နိုင်ငံသားများရဲ့ ရပိုင်ခွင့် (၂) ခုရှိပါတယ်။ နိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား (သို့) နိုင်ငံသားကတ်ပြား ရရှိရမည်ဖြစ်ကြောင်း၊ ဒုတိယအချက်က အုပ်ချုပ်တဲ့ အစိုးရတစ်ရပ်ကို မိမိကိုယ်တိုင် ပါဝင်ရွေးချယ်ခွင့် နိုင်ငံသားတိုင်း၏  အခွင့်အရေး ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေမှူးများက ရပ်ကွက်/ကျေးရွာများအလိုက် ပြည်သူများ၏ နိုင်ငံသား စိစစ်ရေးပြုလုပ်ရန် လိုအပ်ချက်များ၊ ဘာသာခြား သွေးနှောများ၏ နိုင်ငံသား စိစစ်ရေးပြုလုပ်ရန် အခက်အခဲများ၊ ရွှေ့ပြောင်းလုပ်သားများ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ရန် လိုအပ်ချက်များ စသည်တို့ကို ဆွေးနွေး တင်ပြခဲ့ကြသည်။

 

ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ယာယီမြို့နယ်ဦးစီးမှူး ဦးညီညီဇော်နှင့် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးယဉ်ထွေးတို့က နိုင်ငံသားဖြစ်ကြောင်း အထောက်အထား မရှိသူများအားလုံးကို ယာယီကတ်ပြား ကိုင်ဆောင်ခွင့်ရှိသည့် အခြေအနေများ၊ မှတ်ပုံတင် ကိုင်ဆောင်ခွင့် နှင့်ပတ်သက်၍ ပြည်သူများအား အသိပေးဆောင်ရွက်မှုများ၊ အိမ်ထောင်စုစာရင်း ပြုလုပ်ရန်လိုအပ်ချက်များနှင့် NRC နှင့်ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးနေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ကြီးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )