နိုင်ငံရေးယဉ်ကျေးမှုနှင့် ဒီမိုကရေစီ

 

 

ပိုက်တင်

 

Many liberation and political movements that valiantly opposed authoritarian regimes often behave in markedly undemocratic ways when in power themselves.

 

william Gumede က သူ့ရဲ့ The Poverty of Ideas ဆိုတဲ့ အက်ဆေးစာအုပ်ထဲမှာ အခုလိုပဲ ရေးသားထားတာဖြစ်တယ်။ ဆိုလိုတာက အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တဲ့ လွတ်လပ် ခွင့်နဲ့ နိုင်ငံရေးလှုပ်ရှားမှု တော်တော်များများ (လူတော်တော်များများ)ဟာ သူတို့ကိုယ်တိုင်က အာဏာရလာတဲ့အခါမှာ ဒီမိုကရေစီနည်းလမ်း မကျတဲ့ နည်းလမ်းတွေနဲ့ ပြုမူလုပ်ဆောင်တာကို မကြာခဏ မြင်တွေ့ရတယ်ဆိုတဲ့ သဘောပါ။

 

လွတ်လပ်ရေးနဲ့သက်ဆိုင်တဲ့နိုင်ငံရေးယဉ်ကျေးမှု

 

ဥရောပနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ တော်တော်များများမှာ အရည်အသွေးပြည့် ဒီမိုကရေစီ (quality democracy) ကို တည်ဆောက်ထိန်းသိမ်းနိုင်စွမ်း မရှိရခြင်းရဲ့ တစ်ခုသော အကြောင်းရင်းကတော့ တော်လှန်ရေးမှမဟုတ် လွတ်လပ်ရေးနဲ့သက်ဆိုင် တဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ဒီမိုကရက်တစ် နိုင်ငံရေးယဉ်ကျေးမှုအဖြစ်သို့ မပြောင်းလဲနိုင်ကြ လို့ဘဲလို့ သူကအဲဒီစာအုပ်မှာ ဆိုထားပါတယ်။ ဒီမိုကရေစီဟာ အမှန်တကယ်ပဲ ဖြစ်ထွန်းနေပြီလား၊ ရှင်သန်နေပြီလားဆိုတာကို တိုင်းတာဖို့အတွက် နည်းလမ်းတစ်ခုကတော့ အဲဒီ ဒီမိုကရက်တစ် နိုင်ငံရေးယဉ်ကျေးမှုကို ဖွံ့ဖြိုးလာအောင် လုပ်နေပြီလားဆိုတာပဲ ဖြစ်တယ်။ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေဟာ အနှစ်သာရပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ပုံသဏ္ဌာန်အရဖြစ်နေခြင်း၊ ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲတွေ ရှိနေခြင်းတို့ကို ကြည့်မြင်ပြီးတော့ ဒီမိုကရက်တစ် နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားနေပြီလို့ လွဲမှားစွာ ကောက်ချက်ချတတ်တယ်။

 

တကယ်တော့ နိုင်ငံရေးယဉ်ကျေးမှုက အစိုးရအင်စတီကျူးရှင်းပုံစံတွေကို အဆုံးအဖြတ် ပေးတယ်၊ အစိုးရအဖွဲ့မှာ အာဏာက ဘယ်လို ဖြန့်ကြက်သလဲ၊ လူ့အဖွဲ့အစည်းနဲ့ အစိုးရအဖွဲ့တို့ မှာ ဘယ်သူတွေဆီ လုပ်ပိုင်ခွင့်တွေ အပ်နှင်းထား သလဲ၊ မူဝါဒတွေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာ မှာ ဘယ်သူတွေက ဘယ်လိုပါဝင်ခွင့်ရှိသလဲ၊ နိုင်ငံသားတွေက သူတို့ခေါင်းဆောင်တွေအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတယ်လို့ သဘောထား သလား စတာတွေအားလုံးက နိုင်ငံရေး ယဉ်ကျေးမှုနဲ့ပဲ သက်ဆိုင်တယ်။ ဒီမိုကရက်တစ် နိုင်ငံရေး ယဉ်ကျေးမှု ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ နိုင်ငံရေးယဉ်ကျေးမှုက ပြည်သူလူထုရဲ့ နိုင်ငံရေးစနစ်တစ်ရပ်လုံး (အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ ဥပဒေပြုရေး၊ ဗျူရိုကရေစီ၊ နိုင်ငံရေး ပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ) အပေါ် နားလည်သဘောပေါက်မှုပုံစံ၊ နိုင်ငံရေးဖြစ်စဉ်နဲ့ မူဝါဒချမှတ်မှုလုပ်ငန်းစဉ် စသည်တို့အပေါ် ရိုက်ခတ်မှု၊ သက်ရောက်မှုရှိတယ်။ ပြဋ္ဌာန်းတယ်။

 

ဒီမိုကရက်တစ် နိုင်ငံရေးယဉ်ကျေးမှုဆိုတဲ့ စကားရပ်ကို အပြည့်အစုံ နားလည်အောင် လွယ်လွယ်ကူကူနဲ့ ဖွင့်ဆိုပြလို့ မရနိုင်ပေမဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလိကတွေရဲ့ ပြုမူပုံတွေနဲ့ပတ်သက်လို့ ကျင့်ဝတ်ဆိုင်ရာစံနှုန်းတွေနဲ့ အဆင့်အတန်းတွေကို ပြဋ္ဌာန်းပေးတဲ့အရာ ဖြစ်တယ်လို့တော့ ပြောလို့ရတယ်။

 

နိုင်ငံရေးအဖြေကောင်းတွေကို ရှာဖွေဖော်ထုတ်ပေးနိုင်ရေး

 

တိုးတက်တဲ့အမြင်ရှိကြတဲ့ ပညာရှင်၊ ပညာတတ်တွေ (intellectaul) တို့ရဲ့ အခန်းကဏ္ဍက ဒီမိုကရက်တစ် နိုင်ငံရေးယဉ်ကျေးမှုကို တည်ဆောက် ရေးမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ကြတယ်။ အရည်အသွေးမြင့်တဲ့ ဒီမိုကရေစီ (quality democracy) ဖြစ်ထွန်းပေါ်ပေါက်ရေးမှာ အင်ထဲ လက်ကျူဝဲလို့ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်ပြီး ပုံဖော်နိုင်မှ နိုင်ငံရေးယဉ်ကျေးမှုဟာ မြင့်မား လာနိုင်မယ်လို့ဆိုတယ်။ ဥပမာအားဖြင့် ပညာရှင်၊ ပညာတတ်တွေအနေနဲ့ အရေးပါတဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ် (issue) တစ်ခုကို ဒီဘိတ်တွေ၊ ဆွေးနွေးအဖြေရှာမှုတွေ ပြုလုပ်နိုင်ရင် အစိုးရအတွက်ရော နိုင်ငံသား တွေအတွက်ပါ ကောင်းမွန်တဲ့ အဖြေတွေရရှိနိုင်ပြီး အစိုးရရဲ့ အမှားနဲ့ အားနည်းချက်တွေကို ထောက်ပြ ပြောဆိုခြင်းကလည်း ဒီမိုကရက်တစ် နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို ဖြစ်ထွန်းပေါ်ပေါက်စေဖို့ မရှိမဖြစ် အရေးပါလှတာ ဖြစ်တယ်။ ပညာတတ်တွေက အတွေ့အကြုံ အသိပညာမြင့်မားတာ ဖြစ်တာနဲ့အညီ နိုင်ငံရေးအဖြေကောင်းတွေကို ရှာဖွေ ဖော်ထုတ်ပေးနိုင်ရေး ဝိုင်းဝန်းနိုင်ကြတာဖြစ်တယ်။ ဒီကိစ္စဟာ ဒီမိုကရေစီ ရှင်သန်ဖြစ်ထွန်းရေးအတွက်ဆိုရင် ရွေးကောက်ပွဲတွေထက်ပင် များစွာပိုလို့ အရေးပါတယ်လို့ဆိုတယ်။

 

ဒီမိုကရေစီရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုတဲ့သဘောတရားက ပီပြင်ဖို့ဆိုရင် လွတ်လပ်တဲ့ဆွေးနွေးမှုတွေ (free discussions) ကို ပြည်သူလူထုကြားမှာ များများလုပ်ပေးဖို့လိုတယ်လို့ Jrgen Habermas က ဆိုတယ်။ ပြည်သူအများရဲ့ ဆွေးနွေးမှုတွေက မတူညီတဲ့ အတွေးအမြင်တွေကို လေးစားမှု၊ ဗဟုဝါဒတို့အပေါ် လေးစားမှုကို မြှင့်တင် ပေးနိုင်တယ်လို့ Amartya Sen က ဆိုတယ်။ ဒီမိုကရေစီမရင့်သေးတဲ့ လူ့အဖွဲ့အစည်းမှာ ဒီဘိတ် တွေ၊ ဆွေးနွေးမှုတွေလုပ်ဖို့ အင်မတန်ခက်တယ်။ အထူးသဖြင့် မတူကွဲပြားမှုတွေများလေ ပိုခက်ခဲလေ ဖြစ်တယ်။ ဒါပေမဲ့ မတူကွဲပြားမှုတွေများလေ ဒီမိုကရေစီ စစ်မှန်ခိုင်မာဖို့ဆိုရင် ဒီဆွေးနွေးမှုတွေက ပိုလိုအပ်လေလည်း ဖြစ်တယ်။

 

ဒီမိုကရက်တစ် တန်ဖိုးတွေ မြင့်မားလာဖို့ဆိုရင် အများပြည်သူရဲ့ ဝေဖန်မှု၊ ဆွေးနွေးပြောဆိုမှုတွေဟာ ပဓာနကျသလို အင်မတန်မှလည်း အရေးပါတယ်။ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်တွေကို ဖော်ထုတ်ဖို့ သာမက ဘယ်ကိစ္စကို အစိုးရတွေက ဦးစားပေး ဖြေရှင်းသင့်တယ်၊ ဘယ်ကိစ္စကို အာရုံစိုက်သင့်တယ် ဆိုတာတွေကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် သိမြင်နိုင်ဖို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ဆွေးနွေးမှုတွေဟာ ဒီမိုကရက်တစ် ယဉ်ကျေးမှု မြင့်မားလာဖို့ အသက်သွေးကြောတွေပဲ။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ဝေဖန်ပိုင်းခြားတဲ့တွေးခေါ်မှုဟာ ဟိုးရှေးခေတ်အေသင်မှာ လိုအပ်တယ်လို့ ဆိုက ရေးတီးက ဖော်ထုတ်ခဲ့သလိုပဲ ခေတ်သစ်ဒီမိုကရေစီမှာလည်း မပြောင်းမလဲ လိုအပ်နေဆဲဖြစ်တယ်။ ဝေဖန်ပိုင်းခြား တွေးခေါ် ခြင်းကနေပဲ ဒီမိုကရက်တစ် နိုင်ငံရေးယဉ်ကျေးမှုကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးတယ်။ ဝေဖန်ပိုင်းခြားသိမြင်မှုမရှိဘဲ တစ်ဖက်ပိတ် တွေးခေါ်မှုဟာ ဒီမိုကရေစီကို လုံးပါးပါးစေမှာသာ ဖြစ်တယ်။

 

လူမျိုးစုဒီမိုကရေစီ

 

အာဏာရှင်စနစ်တွေတုန်းက နိုင်ငံရေး ယဉ်ကျေးမှုက ဒီမိုကရက်တစ်နိုင်ငံရေးကို တည်ဆောက်ခြင်း လုပ်ငန်းအပေါ် သက်ရောက်တယ်၊ လွှမ်းမိုးမှုရှိတာအမှန်ပဲ။ အာဏာရှင်စနစ်ကို အဆုံးသတ်ပြီးတော့ တောင်အာဖရိကနိုင်ငံဟာ ၁၉၉၄ ခုနှစ်မှာ မတူညီတဲ့ နိုင်ငံရေးအစဉ်အလာတွေ ပေါင်းစည်းပြီးတော့ ဒီမိုကရေစီကိုစတင်ခဲ့တယ်။ လူမျိုးစုဒီမိုကရေစီ (racial democracy) ဆိုတဲ့ပုံစံနဲ့ အာဏာရှင်ခေတ်တုန်းက ဘယ်လိုပဲ ဟန်ဆောင် ခဲ့ပေမဲ့ အသားအရောင်ခွဲခြားရေး ယဉ်ကျေးမှု (apartheid culture)ဟာ ဘယ်လိုမှ ဒီမိုကရေစီ မဖြစ်နိုင်ခဲ့ဘူး။ တော်လှန်ရေးကာလမှာ အသား အရောင်ခွဲခြားရေးအစိုးရကို ထိထိရောက်ရောက် တိုက်ခိုက်ဖို့အတွက် တော်လှန်ရေးလှုပ်ရှားမှုတွေမှာ တော်လှန်ရေး သမားတွေ (လူမည်းတွေ) က ဗဟိုချုပ်ကိုင်မှုစနစ်မျိုးနဲ့ပဲ လုပ်ကိုင်ခဲ့ကြတယ်။ တော်လှန်ရေး ကာလတုန်းက ဆုံးဖြတ်ချက်တွေကို ဗဟိုကပဲ အများဆုံးချမှတ်ခဲ့တယ်။ ရန်သူက အကျိုးအမြတ်ရသွားနိုင်တာကြောင့် ဆိုပြီးတော့ တော်လှန်ရေးမှာ ဝေဖန်မှုတွေကို လက်မခံခဲ့ဘူး။ အာဏာရလာတဲ့ နောက်ပိုင်းမှာ ဒီဓလေ့က နိုင်ငံရေး ယဉ်ကျေးမှုကို ဆက်လက်ပြဋ္ဌာန်းတာ တွေ့ရတယ်။ အာဖရိကရဲ့တခြားနိုင်ငံတွေမှာလည်း ခပ်ဆင်ဆင်ပဲ။ အရင်ခေတ်ဟောင်းက နိုင်ငံရေးယဉ်ကျေးမှုက ခေတ်သစ်ကို ပြဋ္ဌာန်းတာတွေရှိတယ်။

 

လွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့

 

နိုင်ငံသားတွေကိုကြည့်မယ်။ အာဏာရှင်စနစ်အောက်မှာ အနေကြာလာတဲ့အခါ ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုနဲ့ အသားကျဖို့အင်မတန် ခက်ခဲတယ်။ ငါနဲ့မတူငါ့ရန်သူ။ ငါထောက်ခံတဲ့သူ မှန်တယ်။ ဒီထက်ဆိုးတာက အစိုးရတွေကို ဝေဖန် ပိုင်းခြားတဲ့အမြင်နဲ့ကြည့်တတ်ဖို့၊ ထောက်ပြတတ်ဖို့ လေ့ကျင့်ပေးရ အင်မတန်ခက်ကုန်တယ်။ ဒါဟာယဉ်ကျေးမှု အဟောင်းက အသစ်အပေါ် ရိုက်ခတ်မှုပဲ။ တောင်အာဖရိက လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့အာဏာရလာတော့ သူတို့ကို ထောက်ခံသူတွေဟာ အစိုးရရဲ့အားနည်းချက်တွေကို မျက်စေ့လျှမ်းကုန်ကြတယ်။ အများကြိုက် အသစ်စက်စက် အစိုးရသစ်ကို အခွင့်အရေး ပိုပေးသင့်တယ်လို့ ထင်မြင်ယူဆလာကြတယ်။ လွတ်မြောက်ရေး လှုပ်ရှားမှုကြီးတစ်ခုလုံးနဲ့ နိုင်ငံတော်ကြီးတစ်ခုလုံးကို ထပ်တူလို ရှုမြင်ကြ တယ်။ Liberation movements were seen as the embodiment of the nation as a whole. အဲဒီအခါ ဒီမိုကရေစီရဲ့ အရည်အသွေးကစပြီး ထိခိုက်တော့တာပဲ။ ANC အာဏာရယူပြီး အစပိုင်းနှစ်တွေမှာ ထောက်ခံသူတွေဟာ ဝေဖန်ဖို့အတွက် ဆန္ဒမရှိဘဲ တိတ်ဆိတ် နေကြတော့တယ်။

 

Alarmingly, quite legitimate criticism of the ANC government has been portrayed as disloyal, the critics being labelled racists or enemies of the state. This has often led to the withdrawal of intellectuals from public debate. ANC ကို ဥပဒေနဲ့အညီ ဝေဖန်မှုတွေကို သစ္စာဖောက်မှုလို့ မှတ်ယူကြတယ်။ ဝေဖန်သူတွေဟာ လူမျိုးရေးဝါဒီတွေ နိုင်ငံတော်ရဲ့ရန်သူ တွေလို့ တံဆိပ်ကပ်ခံရတယ်။ အဲဒီမှာတင်ပဲ ပညာရှင်တွေ၊ ပညာတတ်တွေ (Intellectuals)တွေက ဝေဖန်မှု၊ ဆွေးနွေးမှုတွေ မလုပ်တော့ဘဲ နောက်ဆုတ် ကုန်ကြတယ်။ ဒီမိုကရေစီတည်ဆောက် ရေးဟာ နစ်နာမှုနဲ့ စကြုံရတော့တယ်။ Mbeki သမ္မတဖြစ်တော့ ANC ထိပ်တန်းခေါင်းဆောင် တစ်ယောက်က သမ္မတအပေါ် အကြွင်းမဲ့ သစ္စာရှိဖို့ မှားယွင်းစွာတောင်းဆိုတော့တယ်။ သာမန်လောက် ဝေဖန်မှုတွေကိုတောင် အဲဒီကာလမှာ သည်းမခံတော့ဘူး။ ဒီမိုကရက်တစ်ယဉ်ကျေးမှုက ကျဆုံးလု ဖြစ်ခဲ့တယ်။

 

သင်ခန်းစာယူစရာတွေ။ ဒီမိုကရက်တစ် နိုင်ငံရေးယဉ်ကျေးမှုကို လွယ်လွယ်ထူထောင်လို့ မရဘူး။ သူက quality democracy ဖြစ်ဖို့ သော့ချက်ကျတယ်။ ခက်ခဲသည်ဖြစ်စေ ကြိုးစားထူထောင်ရမယ်။ အရင်ဆုံးတာဝန်ရှိတာက ခေါင်းဆောင်တွေ။ လူထုကခေါင်းဆောင်တွေ အရိပ်အကဲကိုကြည့်တယ်။ ခေါင်းဆောင်တွေညံ့ရင် လူထုက ညံ့နေဦးမှာပဲ။ ခေါင်းဆောင်တွေ တော်မှ၊ ထက်မြက်မှ၊ သဘောထားမှန်မှ၊ စေတနာမှန်မှ ဒီမိုကရက်တစ် နိုင်ငံရေးယဉ်ကျေးမှုကို ထူထောင် နိုင်မယ်။ ဒီမိုကရေစီ အရည်အသွေးပြည့်နိုင်မယ် ဖြစ်ပါကြောင်း။ ။