နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်အောင် ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်လိုပါတယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ဦးစိုင်းကျော်ညွန့် (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ နိုင်ငံရေးပါတီများ အစုအဖွဲ့ အတွင်းရေးမှူး) က ဒီနေ့ကတော့ အခုလက်ရှိ အစိုးရလက်ထက်မှာ ပထမဦးဆုံး NCA လက်မှတ်ရေးထိုးတဲ့ နှစ်ဖွဲ့ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာက ဒီအဖွဲ့နှစ်ဖွဲ့က နဂိုကတည်းက ပါခဲ့တယ်။ NCCT နဲ့  NCA ဆွေးနွေးစဉ်ကတည်းက  အဖွဲ့ဝင်အနေနဲ့  ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေဖြစ်ပါတယ်။  အကြောင်းမတိုက်ဆိုင်လို့  အခု အချိန်အထိ ကြန့်ကြာမှုတွေ ရှိနေတာဖြစ်ပါတယ်။

 

NCA ကို ပြုပြင်ရင်းနဲ့  နှစ်ဖက်စေ့စပ်ညှိနှိုင်းရင်းနဲ့ ဒီအဖွဲ့ နှစ်ဖွဲ့ဟာ  အခုလက်မှတ်ရေးထိုးနိုင်ပါတယ်။  ဘာပဲပြောပြော ကျွန်တော်တို့သွားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးထဲမှာ အရွေ့တစ်ခု ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်    အဖွဲ့တွေလည်း   ကျန်နေသေးတယ်ဆိုတော့  ကျွန်တော်တို့ ဆက်လုပ်ရဦးမှာပါ။   ပြီးတော့ NCA ဆိုတာကလည်း အဆုံးပန်းတိုင် မဟုတ်ပါဘူး။ NCA ဆိုတာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ရယ်၊    ဖက်ဒရယ်ပြည်ထောင်စု   ဖြစ်လာဖို့အတွက်  နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆွေးနွေးနိုင်ဖို့ အရင်ဦးဆုံးထိုးရတဲ့ စာချုပ်ပဲဖြစ်တယ်။ ဒါကြောင့်  ဒီ NCA လမ်းကြောင်းကနေပဲဖြစ်စေ၊ မည်သည့်လမ်းကြောင်းကနေပဲဖြစ်စေ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီးတော့    နိုင်ငံရေးဆွေးနွေးပွဲတွေမှာ   ပါဝင်လာနိုင်အောင် ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်လိုပါတယ်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

 

MDN