နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၃၀ သြဂုတ် 

 

အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။

 

စားပွဲဝိုင်းဆွေးနွေးပွဲတွင် UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးနှင့် ဦးဇော်ဌေးတို့က ဆွေးနွေးမည့်အစီအစဉ်များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် လက်ရှိအခြေအနေများကို ရှင်းလင်းပြောကြား ကြသည်။

 

ထို့နောက် ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများက အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဖက်ဒရယ်စနစ်ဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် ပါမောက္ခ ခရစ်စတီးနား မာရေး (Professor Christina Murray)က ၎င်း၏ တောင်အာဖရိက၊ ကင်ညာနှင့် ယီမင်နိုင်ငံများ၏ နိုင်ငံရေးဆွေးနွေးမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့မှု အတွေ့အကြုံများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ကြသည်။

 

တပ်မတော်အစုအဖွဲ့မှ ပါဝင်သင့်ပါဝင်ထိုက်သူ ဦးစစ်အေးက ''အလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတကာ နိုင်ငံရေးဆွေးနွေးပွဲတွေက သဘောတူညီချက်တွေရရှိဖို့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွန်ဖြတ်သန်းရပြီး ဘုံသဘောတူညီချက်ရရှိအောင် ဆောင်ရွက်ခဲ့မှု အတွေ့အကြုံတွေကို ဖလှယ်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အစိုးရအဆက်ဆက်က ဆောင်ရွက်ခဲ့ပေမယ့် အောင်မြင်မှုတွေရှိသလို မအောင်မြင်တာတွေလည်း ရှိပါတယ်။ တစ်ပိုင်းတစ်စ အောင်မြင်တာတွေလည်း ရှိပါတယ်။ အဲဒီလို အနေအထားကနေပြီး ဒီမိုကရက်တစ် အစိုးရလက်ထက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ခဲ့ပါတယ်။

 

''ဒီမိုကရက်တစ်အစိုးရ ဒုတိယသက်တမ်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံကို ဆက်ပြီးဆောင်ရွက်နေပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဘုံသဘောတူညီချက်တွေက ရှိတုန်းပါပဲ။ အဲဒီတော့ နိုင်ငံတကာအတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ဘယ်လိုအားသာချက်ဖြစ်အောင် ဆောင်ရွက်မလဲဆိုတာကို ဒီသုံးရက်အတွင်းမှာ ဆွေးနွေးအဖြေရှာကြမှာ ဖြစ်ပါတယ်''ဟု ပြောသည်။

 

ယနေ့ကျင်းပသည့် စားပွဲဝိုင်းဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ၊ ပူးတွဲကော်မတီဝင်များနှင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့မှ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၃ဝ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၏ စားပွဲဝိုင်းဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်ဇင်