နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခု

ဇန်နဝါရီ

အရင်းအနှီးစုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့က နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအရေးပါကြောင်း သတေသီများစွာတို့က လက်ခံထားကြသည်။ အရင်းအနှီးဟုဆိုရာတွင် ရုပ်ဝတ္ထု အရင်းအနှီး၊ ငွေကြေးအရင်းအနှီးတို့သာမက လူသားအရင်းအနှီးလည်း ပါဝင်သည်။ နိုင်ငံတစ်နိုင်ငံရှိ လူများ၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ရေးရာနှင့် သဘောထားအယူအဆများ မြင့်မားသည်နှင့်အမျှ ထိုနိုင်ငံသည် တန်ဖိုးမြင့်မားသော လူသားအရင်းအမြစ်ကို  ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်လာရသည်။ လူသားအရင်းအမြစ် မြင့်မားရေးအတွက် အစွမ်းကုန်ဆောင်ရွက်ပြီး အထိရောက်ဆုံး အသုံးချခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြသည်။ သဘာဝသယံဇာတ မရှိသလောက် နည်းပါးသော နိုင်ငံအချို့တွင် လူသားအရင်းအမြစ်ကို မြှင့်တင်ကာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် တည်ထောင်နိုင်ခဲ့ကြသည့် ခေတ်ပြိုင်သာဓကများ မိမိတို့တွေ့မြင်ခဲ့ကြရပြီး ဖြစ်သည်။

 

 

မိမိတို့သည် ပထဝီအနေအထားအရ လည်းကောင်း၊ သဘာဝသယံဇာတ ပိုင်ဆိုင်မှုအရ လည်းကောင်း ဘုရားသခင်က မျက်နှာသာပေးခံရသည့်နိုင်ငံ (God-Favoured Nation) ဟု ပညာရှင်များက ရှုမြင်ထားကြသည်။ လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၇၀ ကာလ၏ အများစုသော ဆယ်စုနှစ်များမှာ ပြည်ပမှအတတ်ပညာ၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုများ စသည်တို့ကို မိမိတို့ကိုယ်တိုင်က ပိတ်ဆို့ဟန့်တားကာ အထီးကျန် နေထိုင်ခဲ့ခြင်းနှင့် ပိတ်ဆို့ဟန့်တား အရေးယူမှုခံရခြင်းတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောဘဝသို့ ရောက်ခဲ့ရသည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သည့် ပညာရေးကဏ္ဍတွင်လည်း မူဝါဒမှားယွင်းမှု၊ ပညာရေးစနစ်မှားယွင်းမှု၊ ပညာရေးဆိုင်ရာ အသုံးစရိတ် သုတေသနအသုံးစရိတ်တို့ နည်းပါးမှု စသည်တို့ကြောင့် လူသားအရင်းအမြစ် နိမ့်ကျမှု ဖြစ်ပေါ်ခဲ့ရသည်။

 

 

တစ်ချိန်တစ်ခါတုန်းက မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က အရှေ့တောင်အာရှမှာတင် မဟုတ်ဘူး၊ အာရှတိုက်တစ်ဝန်းမှာဆိုရင် နံပါတ်တစ်ပြေးတာပဲ၊ အခုအဲလိုမဟုတ်ဘဲနဲ့ နံပါတ်နောက်ဆုံးလောက်ကနေ ဖြစ်နေတယ်။ အဲဒါကတော့ ပညာရေးစနစ် မမှန်ကန်ခဲ့လို့၊ အဲ့ဒီတော့ ပြင်ယူရမှာပဲ၊ ဒါပေမယ့် ပညာရေးစနစ်တစ်ခုကို ပြင်တယ်ဆိုတာ နေ့ချင်းညချင်းလို့ မရဘူးဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကယားပြည်နယ်ဒေသခံလူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားခဲ့သည်။

 

 

ယခုအခါ မိမိတို့နိုင်ငံတွင်  ကျောင်းသင်ပညာရေး၊ တက္ကသိုလ်ပညာရေးစနစ်ကို မြှင့်တင်ခြင်းနှင့်အတူ တစ်ဖက်တွင်လည်း အသက်မွေးဝမ်းကျောင်း ပညာရေးကိုပါ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရန် အကောင်အထည်ဖော်လျက်ရှိသည်။ ကျောင်းသင်ပညာရေးကို လမ်းဆုံးသည်အထိ ဆက်လက်လျှောက်လှမ်းနိုင်စွမ်း မရှိသူများအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာရေးသို့ ကူးပြောင်းကာ မိမိတို့အနာဂတ်အတွက် လိုအပ်သော အတတ်ပညာတစ်ခုကို ရယူနိုင်ကြမည်ဖြစ်သည်။ ကျောင်းသင်ပညာရေးဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း ပညာရေးဖြစ်စေ အဓိကအားဖြင့် လိုအပ်ချက်မှာ အမှန်တကယ် သင်ယူတတ်မြောက်နိုင်စေရေးပင် ဖြစ်သည်။ သင်ယူမှု ပြီးမြောက်လာသူများ အနေဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်လာရာတွင် အခက်အခဲ အထစ်အငေါ့တစ်စုံတစ်ရာမရှိဘဲ အံဝင်ခွင်ကျဖြစ်ဖို့လိုသည်။

 

 

ပြုပြင်ပြောင်းလဲလာသည့် ပညာရေးစနစ်နှင့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ပညာရေးဝန်ထမ်း များ၏ လိုက်ပါဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ဖြစ်ပေါ်လာသည့် ရလဒ်များကို  မျက်ခြည်မပြတ် စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ကြားမှု သင်ယူမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ပညာသင်ယူမှု မပြီးဆုံးမီ ကျောင်းထွက်နှုန်းများ လျော့နည်းရေးနှင့် သက်မွေးဝမ်းကျောင်းပညာ သင်ယူနိုင်ရန် အခွင့်အလမ်းများ အလွယ်တကူယူနိုင်ရန် ဖော်ဆောင်ပေးခြင်းတို့ဖြင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်နိုင်ပါစေကြောင်း။