နိုင်ငံကြီးသားစိတ်ထား

သတင်းဆောင်းပါး - ဗညားကျန်းထော

"Every man is his own historian."
လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကို ကိုယ်တိုင်ပဲ
ရေးနေကြရတာဖြစ်ပါတယ်။
(ဆိုရိုးစကား)
(၁)
မျက်စိရှေ့မှောက်မှာပင်  နိုင်ငံကြီး၊ နိုင်ငံငယ်များ တိုးတက်ဖွံ့ဖြိုး သွားကြသည်ကိုမြင်ရသည်။ သူတို့ခေါင်းဆောင်များက အမြော်အမြင် ကြီးကြသည်။ ပြည်သူများက ပူးပေါင်းပါဝင်ခဲ့ကြသည်။
မျက်စိရှေ့မှောက် နှစ်ပေါင်း ၂၀၊ ၃၀ ကာလလောက်တွင် အချို့ နိုင်ငံများ လုံးချာလည်လိုက်နေကာ ဘာမှသိသိသာသာ  တိုးတက်လာ သည်ကို  မတွေ့ရပေ။သူတို့နိုင်ငံခေါင်းဆောင်များက အရည်အချင်း နည်းကြသည်။  ပြည်သူများကလည်း တိုင်းပြည်ကိုကောင်းအောင် ပါဝင်ဆောင်ရွက်လိုစိတ် နည်းကြပေသည်။

အရှေ့ကိုလျှောက်ကြသူများက  နှေးသူဖြစ်စေ၊   မြန်သူဖြစ်စေ အရှေ့ကိုတော့ ရောက်သွားကြလေသည်။ အနောက်ကိုရွေ့သူများကား ရှေးယခင်က ချမ်းသာသူဖြစ်စေ၊  ဆင်းရဲသူဖြစ်စေ နောက်သို့သာ ရောက်သွားကြလေသည်။ သြော်...မင်းနှင့်ပြည်သူလက်တွဲညီညာမှ ပြည်သာမည် ဖြစ်ကြောင်း  သင်ခန်းစာများ  အထင်အရှားတွေ့မြင် နေရပေသည်။

(၂)
နိုင်ငံသူ၊ နိုင်ငံသားများ၏ စွမ်းဆောင်ရည်ကအခြေခံကျကြောင်း တွေ့ရသည်။ ပြည်သူပြည်သားများက သူ့နေရာနှင့်သူ ခေတ်နှင့်အညီ တတ်မြောက်ကျွမ်းကျင်ကြပါက      အိမ်ထောင်စုမိသားစုများ ချောင်လည်ကြသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လက်မှုပညာ၊ စက်မှု ပညာ၊ ကူးသန်းရောင်းဝယ်ရေး၊   ဝန်ဆောင်မှု  စီးပွားရေးလုပ်ငန်း အမျိုးမျိုးမှာ အတတ်ပညာရှိမှ ထိရောက်သည်။

အခြေခံပညာကတော့ ကလေးသူငယ်နှင့်လူငယ်များကို သာမန် စာဖတ်တတ်ရုံ အသိပညာဖြည့်ဆည်းနိုင်အောင် အခြေခံဗဟုသုတ အသိအမြင် ပထဝီဝင်၊သမိုင်းရာဇဝင်၊ သိပ္ပံ၊ သင်္ချာ၊  ပြည်သူ့နီတိ၊ မြန်မာစာ၊ အင်္ဂလိပ်စာတို့ကို ကျောင်းမှာ  သင်ကြားပေးကြပါလိမ့်မည်။ မပြည့်စုံပါ။ ထမင်းအိုးတည်နိုင်လောက်သောဝင်ငွေကို  ရအောင် လုပ်မပေးနိုင်ပါ။ စိုက်ပျိုးရေးအထက်တန်းကျောင်း၊ စက်မှုအထက်တန်း ကျောင်း အနည်းငယ်သော အရေအတွက်မှအပ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်   အထက်တန်းတို့သည်   အသက်မွေးဝမ်းကျောင်း ပညာရပ်  အတတ်ပညာတို့ကို သင်မပေးပါ။  

တက္ကသိုလ်၊  ကောလိပ်၊ သိပ္ပံစသည်တို့ကသာ သက်ဆိုင်ရာ ပညာရပ်၊ ဘာသာရပ်အသီးသီးကို   တတ်မြောက်ကျွမ်းကျင်အောင် ဒီပလိုမာ၊ ဘွဲ့၊  ဘွဲ့လွန်  စသည့်ဒီဂရီများ ချီးမြှင့်ကြသည်။ 

ဘွဲ့လက်မှတ်ရသော်လည်း  အသက်မွေးမှုအတွက် အာမခံချက် အတတ်ပညာကား ပြည့်စုံချင်မှပြည့်စုံပါလိမ့်မည်။  ဘယ်တက္ကသိုလ်မှ မတက်ခဲ့ရဖူးသော်လည်း ဘွဲ့မရဘဲ   ချမ်းသာကြွယ်ဝနေကြသူ၊ စီးပွားရေးမှာ အောင်မြင်သူများ မြန်မာနိုင်ငံမှာလည်းရှိသည်။ ယူဒီ ဦးခင်မောင်ဝင်း၊ ကျောက်စိမ်းဘုရားဒကာ ဦးစိုးနိုင်၊  အောင်သမာဓိ ဦးအောင် စသည့် ပုဂ္ဂိုလ်မျိုးများ ရှိကြပေသည်။ ကမ္ဘာမှာလည်းရှိ၏။ ဟောင်ကောင်သူဌေးကြီး လီကာရှင်း၊ အမေရိကန်မှ မတ်ဇူကာဘတ်၊ အက်ပဲကွန်ပျူတာစတင်သူ စတိဗ်ပေါလ်ဂျော့ဘ်၊  အမေဇုန်ကုမ္ပဏီ ထူထောင်သူ ဂျက်ဖ်ဘေးဇော့  စသော  အောင်မြင်ထင်ရှား သန်းကြွယ် သူဌေး၊  လုပ်ငန်းရှင်ကြီးများအကြောင်းကို   ရှာဖွေဖတ်ရှုလေ့လာ ကြည့်သည်။ သူတို့ကိုယ်တိုင် ကိုယ်တွေ့ဘဝဖြတ်သန်းမှုအရ အကျပ် အတည်း၊ အခက်အခဲ၊  အလွဲအချော်၊ အတားအဆီးအမျိုးမျိုးတို့ကို ရင်ဆိုင်ကျော်လွှားရကြောင်း ဝန်ခံကြသည်။ အနှိမ်ခံရ၊အထင်သေးခံရ၊ လူရာသွင်းခြင်းမခံရ၊ ငယ်ရွယ်စဉ်စာတော်သော်လည်း အနည်းငယ် သာ အသိအမှတ်ပြုခံရပြီး ကြောင်တောင်တောင်၊ ငေါင်တောင်တောင် ကောင်ဟု   ပတ်ဝန်းကျင်က   ထင်မြင်ယူဆခြင်းကို ခံခဲ့ရပေသည်။ မိမိစိတ်အားထက်သန်သောအရာတွင်သာ အချိန်ပေးအရေးထားကာ အများစုနှင့်   ရောရောနှောနှော  မဆက်ဆံနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

(၃)
အတန်းပညာ ကျောင်းပညာကို အရေးမကြီးဘူးဟု မပစ်ပယ်စေ လိုပါ။ ကျောင်းသင်ပညာရေးသည် ၁ဝဝဖိုးပေးလာသည်ကို ၄၀ ဖိုးလောက်သင်ရခဲ့သည်ဆိုလျှင်ပင် သာမန်အဆင့်အတန်းဝင်သည်။ ဥပမာဆိုရလျှင်  အမှတ် ၂၀ ရာခိုင်နှုန်းအောက်ရောက်နေလျှင်တော့သင်ညံ့နေသည်ဟု မှတ်ယူကြပါလိမ့်မည်။ အမှတ် ၃၀ လောက်သာ ရခဲ့လျှင် သင်သည် ဤဘာသာရပ်တွင်  ကြိုးစားရန်  လိုအပ်နေသေး ကြောင်း မှတ်ချက်ပြုခံရမည်။ မည်သို့ဆိုစေ ၄၀ ရာခိုင်နှုန်းအထက်မှာ ရှိနေအောင် စာသင်သူကျောင်းသားတစ်ယောက်အနေဖြင့်  တာဝန် ကျေသင့်လှပေသည်။

ထွန်းပေါက်အောင်မြင်ကြီးပွားကြသူ သူဌေးများ၊  နိုင်ငံရေးသမား များ၊ အနုပညာဖန်တီးသူများ၊ တတ်မြောက်ကျွမ်းကျင်သူ ပညာရှင်ကြီး များအားလုံး(အားလုံး)မှာ   တူညီနေခဲ့ကြသော   အချက်တစ်ခုကိုမူ ထင်ထင်ရှားရှားစာဖတ်သူများ သတိထားမိကြပေလိမ့်မည်။ သူတို့ အားလုံး စာကြမ်းပိုးအကြီးစားကြီးများ ဖြစ်ကြသည်။

အောင်မြင်သောပုဂ္ဂိုလ်မှန်သမျှ    စာတော်တော်ဖတ်ကြသည်။ ထူးချွန်သူမှန်သမျှက    စာဖတ်သောအကျင့်စွဲကြသည်။   ဆင်းရဲစဉ် ကလည်း    စာများများဖတ်သည်။   အောင်မြင်လာစဉ်မှာလည်း စာအဆက်မပြတ်ဖတ်သည်။   ထိပ်ဆုံးရောက်အောင် ခေါင်းဆောင် သို့မဟုတ်    သန်းကြွယ်သူဌေးလုပ်ငန်းရှင် ဖြစ်နေကြချိန်မှာလည်း စာကောင်းပေကောင်းများကို မလွတ်တမ်းရှာဖွေဖတ်ရှုနေကြပေသည်။

ပေါ်လွင်လှသော    အကြောင်းအကျိုးကွင်းဆက်မှာ   စာများများ ဖတ်ကြသူများသည် တော်ကြသည်။အရည်အချင်းမြင့်မားကြသည်။ ထူးခြားထူးချွန်ကြသည်။ နိုင်ငံအတွက်ဖြစ်စေ၊ သူနှစ်သက်ရာ ရွေးချယ် ခဲ့သော နယ်ပယ်တွင်ဖြစ်စေ    စာဖတ်အားကောင်းကြသူများသည် အမြဲတစေ  သွေးနေ သနေသောဓားကဲ့သို့ အစဉ်ထက်မြက်နေကြသည်။ ဝမ်းစာပြည့်ဝသဖြင့် သူတို့လက်နှင့်ထိသမျှ ရွှေဖြစ်ကြရသည်။ စွမ်းရည် မြင့်မားစွမ်းအားတောက်ပြောင်ကြလေသည်။ စာသင်ခန်းမှာ ဆရာ သင်ပြနိုင်သည်မှာ   ပဏာမမိတ်ဆက်၊   အရိပ်အမြွက်မျှသာဖြစ်၏။ ရှေ့ဆက်ကာ   အရင်းအမြစ် အသိပညာအတတ်ပညာတို့ကို တိုးပွား အောင် ကြိုးစားလေ့လာဆည်းပူးရမည်မှာ မိမိကိုယ်တိုင်လုပ်ရမှာ။

(၄)
စာကြည့်တိုက်များသို့သွားရမည်။   စာအုပ်များကို    ရှာဖွေပြီး ဖတ်ချင်သမျှ  ငှားယူဖတ်ရှုကြည့်ရမည်။   ဝတ္ထုဖြစ်စေ၊   ကဗျာဖြစ်စေ၊ အတ္ထုပ္ပတ္တိဖြစ်စေ၊   ခရီးသွားမှတ်တမ်းဖြစ်စေ၊   ဟင်းချက်နည်း၊ အလှပြင်နည်း၊  သစ်ပင်ပြုစုနည်း၊ ကလေးကျန်းမာအောင်ပျိုးထောင်
နည်း၊ စက်ချုပ်နည်း၊ အင်္ဂလိပ်စာရေးသားနည်း၊ ဂျပန်စကားပြောနည်း၊ မလေး(ဘဟာဆာမလေးရှား)ဖြင့် ပြောဆိုဆက်ဆံနည်း၊ ဘာကြည့်ချင် သလဲ၊ ဘာသိချင်သလဲ၊ ဘာတတ်ချင်သလဲ၊ ဘာသင်ချင်သလဲ။ စာအုပ် များထဲတွင် အစုံရှိသည်။ စာအုပ်ထဲတွင် အကုန်ရှိနေသည်။ မိမိက အားထုတ်မှုပြုကာ ဆည်းပူးလေ့လာသင်ယူပါက သူများထက်စီးပွား တက်အောင် လုပ်ဆောင်နိုင်မည်။ လူမှုရေးကောင်းမွန်အောင် ဆက်ဆံ နိုင်မည်။   ပတ်ဝန်းကျင်ကို   သာယာလှပအောင်ဖြစ်စေ၊   တိုးတက် ဖွံ့ဖြိုးအောင်ဖြစ်စေ ပါဝင်ကူညီနိုင်ပေမည်။

လူတိုင်းလူတိုင်း   ပြည်သူတိုင်းက  နေ့စဉ်နေ့စဉ်သောက်ရေအိုးက ရေသောက်ဖြည့်တင်းနေကြသကဲ့သို့ စာအုပ်စာပေဖတ်ရှုလေ့လာခြင်း ဖြင့် မိမိဘဝကို ပိုမိုလှပသန်မာကြံ့ခိုင်အောင် ဆောင်ရွက်ကြပါလျှင် မိမိတို့နေထိုင်ရာ ရပ်ရွာရပ်ကွက်သာမက မြို့၊ ခရိုင်၊ ပြည်နယ်၊ နိုင်ငံ၊ ကမ္ဘာသူ၊   ကမ္ဘာသားများအတွက်ပင်   ပိုမိုတိုးတက်စည်ပင်သော ကမ္ဘာလောကဖြစ်အောင် ပါဝင်ထူထောင်နိုင်ကြမည် ဖြစ်၏။

(၅)
ပြုသူကပြု၊ ဖျက်သူကဖျက်။ လုပ်သူကလုပ်၊ဘေးထိုင်ဘုပြောသူကပြော။ မညီမညွတ်ဖရိုဖရဲဖြစ်ချင်ရာဖြစ်၊ လုပ်ချင်ရာ  လုပ်နေကြသူ တချို့၏ မူရင်းအဓိကလက်သည်တရားခံသည်  လမ်းကြောင်းအမှန်နှင့် ဖြစ်ရပ်ဖြစ်စဉ်အမှန်တရားကို မမြင်ခြင်း။
အဝိဇ္ဇာမှောင်အတိကျကာ   Delusion   အမှားကို  အမှန်ထင်၊ Illusion အရှိတရားကိုမမြင်။ အယူအဆ အထင်အမြင်သဘောထားလွဲချော်နေကြခြင်းက အရင်းမူလတရားပေတည်း။
လူဆိုသည်ကား မှားတတ်သည်။
သူသူငါငါ အမှန်တည့်တည့်ကို အလွယ်တကူမမြင်။ အပြစ်တင် စရာ မဟုတ်။ အသွားတစ်တိုင်သွားသူကို ဆွဲခေါ်လျှင် အပြန်တစ်တိုင် (နှစ်မိုင်)လာရမည်ပင်။

ရှေးလူကြီးများက အသွားတစ်တိုင်၊ အပြန်တစ်တိုင်  ဟူသော သဘောကို  ခရီးလမ်းအကွာအဝေးသဘောသာမက  ရူးသွပ်သူကို ကုသရာတွင်လည်း    တစ်ပတ်ကြာရူးသွပ်သူကို   တစ်ပတ်ကုလျှင် ပျောက်လွယ်သော်လည်း   တစ်လကြာမျှရူးနေသူကို   တစ်လကြာ လောက် ဆေးဝါး၊ ဓာတ်စာ စသဖြင့် အချိန်ယူကာ ကုသပျောက်ကင်း စေရခြင်းသဘော။      


အတွေးအမြင် အယူအဆလွဲချော်ခဲ့ရသူတချို့ ကိုလည်း    အမှန်သိသူ၊      ပကတိအရှိတရားကို နားလည်သူ၊    ဖြစ်နေပျက်နေသော   အခြေအနေ အမှန်တရားကိုမြင်နေကြသော   ပြည်သူအများ ထုကြီးက      ဝိုင်းဝန်းဖေးမ    အမှန်မြင်အောင် မှန်ထောင်ပြသကဲ့သို့   သိမြင်စေရန်   စာဖတ်ကြ အောင်   တိုက်တွန်းပါ။  ဘာသာရေးအဆုံးအမ၊ တရားတော်များ၏   လမ်းမှန်ညွှန်ပြ၊   လောကီ လောကုတ္တရာ   လက်တွေ့ကောင်းကျိုးရစေမည့် သဘောတရား၊ အသိဉာဏ်ရစေမည့် စာကောင်း ပေကောင်းများနှင့် ထိတွေ့ရင်းနှီးအောင် ဆွဲဆောင် စည်းရုံးကြရမည်ဖြစ်သည်။   နိုင်ငံတော်အစိုးရက စိတ်ရှည်သည်းခံဇွဲသန်သန်ဖြင့်  လွဲချော်ခဲ့သူများ ကိုပင်  သဘောထားကြီးစွာ  ဖြူစင်သောမေတ္တာ       စေတနာအရင်းခံဖြင့်   လက်တွဲရန်    ကမ်းလှမ်း  ဖိတ်ခေါ်နေသည်ကို ကြည့်ပါလေ။ စိတ်ရှည်ရှည် ထား၍ လက်တွဲခေါ်ကြရပေမည်။ ခရီးကရှည်သေး သည်။    သွားကြရမည့်  ရှေ့ခရီးသည်  နောင်လာ နောက်သား ကောင်းစားစေရေးအတွက်   မြော်ရည် လျက်   တိုးတက်အောင်မြင်   စည်ပင်သာယာသော ပြည်ထောင်စုကြီးဖြစ်အောင် ထောင့်စုံဘက်စုံက လက်တွဲညီညာပါဝင်ထူထောင် တည်ဆောက်ကြ ရမည့်   (အောင်အတိတ်  အောင်နိမိတ်ပြည့်စုံလှ သော မင်္ဂလာအချိန်)  ကာလမဟုတ်ပါလား။

(၆)
“ဘဝဆိုတာ    ခရီးတစ်ခုပဲ။    ပန်းတိုင်တစ်ခု မဟုတ်။ တိုးတက်ကြီးပွားလိုစိတ် ရည်မှန်းချက် မရှိဘဲ ဘာမှစလို့ မရပါဘူး။  စိတ်အားထက်သန် တဲ့     အားထုတ်လုပ်ဆောင်မှုရှိမှသာ   ကြီးမား သော   အောင်မြင်မှုအောင်ပွဲတွေက   ရရှိလာမှာ   ဖြစ်ပါတယ်။”

ရာ့ဖ်ဝါလ်ဒိုအယ်မာဆင်(၁၈၀၃-၁၈၈၂)
အမေရိကန်ကဗျာဆရာ စာရေးဆရာ
ဆရာ၊    ဆရာမများရော၊     ကျောင်းသား၊ ကျောင်းသူများရော၊ ကလေး၊ လူငယ်၊ လူကြီး၊ မြို့ရော တောပါ တစ်လုံးတစ်စည်းတည်း (မိသားစု တစ်အိုးတစ်အိမ်ပမာ) အောက်ပါခံယူချက်အမြင်မှာ  တူညီစုစည်းရပေမည်။  (Unity   of   Attitude)ဤသည်မှာ   နိုင်ငံကြီးသား   စိတ်ထားပင်ဖြစ်ပေ သည်-
၁။ အမုန်းဖယ်ရှား  မေတ္တာစိတ်သာ  ပွားကြ မည်။
၂။     စည်းလုံးညီညာ သာယာအောင်ကြိုးစား မည်။
၃။    ဖြစ်အောင်လုပ်မည်။
၄။    အဆက်မပြတ်(မရမချင်း) ထပ်ခါထပ်ခါ
    အောင်မြင်သည်ထိ လုပ်ဆောင်နေမည်။
၅။    လုပ်သင့်သည်ကို မဖြစ်မနေလုပ်မည်။
၆။    အလုပ်ကို အလေးထားကာ လေးစားစွာ လုပ်ကြမည်။ (မလုပ်သင့်သည်ကို မလုပ် မိအောင် ရှောင်ကြဉ်မည်)
မိမိတို့နိုင်ငံသည်  ၂၁ ရာစု  အချိန်ကာလ၏ သမ္ပတ္တိတရားနှင့်     အဘက်ဘက်က     ပြည့်စုံ ဆိုက်ရောက်လာသော “အာရှခေတ်သစ်” ကမ္ဘာ့ အခြေအနေမှာ  နောက်ကျ  ကျန်ရစ်မနေရလေ အောင် ပြည်သူပြည်သားအားလုံးက တစ်ယောက် မကျန်   နိုင်ငံကြီးသား  စိတ်ထားပြည့်စုံကြပါစေ။ သုဝဏ္ဏသာမ    မြားဆိပ်ပြယ်သော၊   မိဘနှစ်ပါး  မျက်စိနှစ်ကွင်း  အလင်းရကာ သားရွှေအိုးထမ်း လာသည်ကို    မြင်ရသောအဖြစ်သို့   ဤသစ္စာ စကားဖြင့်  မေတ္တာပါးလိုက်ပါသည်။          ။