နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည်သည်များ တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ဘဏ္ဍာနှစ်အတွင်း ၃၈၃၀၀၀ ဦးကျော် ဝင်ရောက်လည်ပတ်

တာချီလိတ် ၃၁ သြဂုတ် 

 

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ ထိုင်းနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည်စုစုပေါင်း ၃၇၇၁၅၇ ဦး၊ မိုင်းဖြတ်နှင့် ကျိုင်းတုံခရီးစဉ်အဖြစ် ခရီးသည် ၃၅၉၇ ဦး၊ တာချီလိတ်မြို့မှ လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းသို့ ၂၉၁၄ ဦး စုစုပေါင်း ၃၈၃၆၆၈ ဦး ဝင်ရောက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

 

 

မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် လေ့လာရန်  ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့်   နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ  သြဂုတ် ၂၄ ရက်မှ သြဂုတ် ၃၀ ရက်အထိ  ညအိပ်နှင့် နေ့ချင်းပြန်ခရီးသည်ပေါင်း ၂၃၄၃၀ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တာချီလိတ်ရုံးခွဲမှတစ်ဆင့် သိရသည်။

 

 

 

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ထိုင်းနိုင်ငံနှင့် တတိယနိုင်ငံသားများ ညအိပ်နှင့် နေ့ချင်းပြန်ခရီးသည်ပေါင်း ၂၃၂၄၄ ဦး၊  မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့ ခရီးစဉ်တွင် ၇၃ ဦး၊ ဗီဇာဖြင့် တာချီလိတ်မြို့မှတစ်ဆင့် ပြည်တွင်းသို့ ၁၁၃ ဦး ဝင်ရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

 

 

 

 

အဆိုပါ ခရီးသွားဧည့်သည်များသည် နေ့ချင်းပြန်ခရီးအဖြစ် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင် ရုပ်ထု၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ ဝမ်ကောင်းရပ်ကွက်ရှိ မြို့မဈေး၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ကိုးမြို့ရှင်နတ်နန်း၊ ပဒေါင်ကျေးရွာ၊ အာခါဈေး၊ တရုတ်ဘုံကျောင်းသို့လည်းကောင်း၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ သမိုင်းဝင် ဆုတောင်းပြည့် စွန်တောင်းစေတီ၊ ဘီလူးရှာ၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ  မဟာမြတ်မုနိဘုရား၊ စွန်တောင်းစေတီ၊ ရပ်တော်မူဘုရား၊ ဟိုခုံကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ ကျော့မ်ဆရီစေတီ၊ ပါလျန်ကျောင်း၊ သစ်တစ်ပင်တောင်၊ နောင်တုံကန်၊  ကမ္ဘာအေးစေတီ၊ လွယ်မွေဒေသ၊ ပင်းတောက်ရေတံခွန် စသည့် အထင်ကရနေရာများသို့ သွားရောက်ကာ ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာ၀ အလှရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် လေ့လာသည့်အပြင် လေယာဉ်ခရီးစဉ်ဖြင့် ပြည်တွင်းရှိ အထင်ကရ ဒေသများသို့ ဝင်ရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

 

 

ဖြိုးလေး(တာချီလိတ်)