နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ယခုဘဏ္ဍာနှစ်အတွင်း စင်ကာပူက အများဆုံးဝင်ရောက်

ရန်ကုန်  ၂၁  စက်တင်ဘာ 

 

ယခုဘဏ္ဍာနှစ်အတွင်း ဝင်ရောက်ခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် စင်ကာပူနိုင်ငံက အများဆုံး ဖြစ်ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

“နိုင်ငံရင်းနှီးမြှုပ်နှံမှုထဲမှာ စင်ကာပူက ထိပ်ဆုံးပါ။ ပြီးရင် တရုတ်၊ ဟောင်ကောင်ပါ။ ဒီဘဏ္ဍာနှစ်ထဲမှာ အခုလက်ထဲမှာ ခွင့်ပြုဖို့ အတည်ပြုဖို့ ကျန်တာတွေ ရှိပါတယ်။ အခုရတာက အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ လောက်ရှိပြီဆိုတော့ နည်းနည်းတော့ လိုသေးတာပေါ့။ ဒါပေမယ့် အခုကျန်တဲ့ အချိန်လေး နည်းနည်းရှိသေးတော့ လာမယ့် ရင်းနှီးမြှုပ်နှံမှုရှိမယ်ဆိုရင် ပြည့်သွားနိုင်ပါတယ်။ လျာထားချက်က မပြည့်မီ သေးတာက အကြောင်းမျိုးမျိုးကြောင့်ပေါ့ စစ်ပွဲကြောင့်လဲ ပါသွားမှာပါ” ဟု  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က ပြောသည်။

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၇၇ ဘီလီယံကျော်ဖြင့် အများဆုံးဝင်ရောက်ထားပြီး ဒုတိယအနေဖြင့် တရုတ်နိုင်ငံမှ ကန်ဒေါ်လာ ၂၆ ဒသမ ၉ ဘီလီယံနှင့် တတိယအနေဖြင့် ဟောင်ကောင်မှ ကန်ဒေါ်လာ ၁၂ ဒသမ ၁၉ ဘီလီယံဖြင့် အသီးသီး ဝင်ရောက်ထားသည်။

 

လက်ရှိ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ စက်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ လယ်ယာကဏ္ဍ၊ အိမ်ရာ အဆောက်အအုံကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းအနေနှင့် ပြည်တွင်း ပြည်ပ လုပ်သား တစ်သိန်းခန့်ကို အလုပ်ကိုင်အခွင့်လမ်း ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် အခြေခံအဆောက်အအုံကဏ္ဍ ၊ ဟိုတယ်လုပ်ငန်းနှင့် စက်မှုလုပ်ငန်းများကို ခွင့်ပြု အတည်ပြုပေးရန် စိစစ်နေပြီး ယင်းလုပ်ငန်း ၃ ခုနှင့် ပေါင်းမည်ဆိုပါက ယခုဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ ဝင်ရောက်နိုင်ကြောင်း သိရသည်။


သူရိန်ကျော်