နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပိုမိုတိုးတက်လာစေရန် အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေသစ်တစ်ရပ် ရေးဆွဲဆောင်ရွက်လျက်ရှိ

မန္တလေး ၁၆ မတ်

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ပိုမိုတိုးတက်လာစေရန်အတွက် အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေသစ်တစ်ရပ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးတင်မောင်က ပြောကြားသည်။

အဆိုပါ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေသစ်ကို ၂၀၁၆ ခုနှစ်မှစတင်၍ ဥပဒေရေးရာ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်မှရေးဆွဲခဲ့ပြီး၂၀၁၈ ခုနှစ်တွင် ပြည်သူ့လွှတ်တော်သို့ ဥပဒေမူကြမ်း အဖြစ်ရောက်ရှိခဲ့ကာ ယခုနှစ်အတွင်း အတည်ပြုနိုင်ရေးအတွက် ဆက်လက်ဆွေးနွေးနိုင်ရန် တင်ပြထားကြောင်း သိရသည်။

 

‌ေ

 

"အိမ် ခြံ မြေ ဝန်ဆောင်မှု ဥပဒေသစ်က ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကို ရောက်နေပါပြီ။ ကျွန်တော်တို့လည်း သုံးလေးကြိမ်လောက် ဆွေးနွေးပြီးပါပြီ။ ဒီဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေပေါ်ပေါက်လာမှသာ အကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာကဖွင့်လှစ်တဲ့  သင်တန်းတွေ တက်ခွင့်ရပြီး လိုင်စင်တွေရမယ်။ ကျွန်တော်တို့ နိုင်ငံမှာ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေ မပေါ်သေးတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်နေခြင်းဟာလည်း အချက်တစ်ချက် ဖြစ်ပါတယ်။ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ချရမယ့် အကျိုးဆောင်တွေရဲ့ အရည်အသွေးနဲ့ ဥပဒေတွေရှိဖို့ လိုအပ်တယ်။ ဒါကြောင့် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကို ပြဌာန်းနေခြင်းဟာ အကျိုးဆောင်တွေသာမက နိုင်ငံတော်နဲ့ ပြည်သူအကျိုးအတွက်ပါ ရည်ရွယ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

 

‌ေ

 

ထို့ပြင် အဆိုပါအိမ်ခြံမြေဝန်ဆောင်မှု ဥပဒေပေါ်ပေါက်လာရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အိမ် ခြံ မြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးဝဏ္ဏစိုးက"အိမ် ခြံမြေ ဝန်ဆောင်မှု ဥပဒေသစ်ပေါ်ထွက်လာရင် အဓိက ကတော့ နိုင်ငံတော်အတွက် လွတ်နေတဲ့ အခွန်ဘဏ္ဍာတွေ ရရှိမယ်။ နောက်ပြီး အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှာ ရောင်းချင်တဲ့သူ ဝယ်ချင်တဲ့သူ ငှားချင်တဲ့သူတွေအတွက် ရောင်းမှာဝယ်မှားမဖြစ်ရအောင် ဒီဥပဒေထဲမှာ ပြဌာန်းထားတယ်။ ပြည်သူတွေအတွက် ဒီဥပဒေရဲ့ အကာအကွယ်ရမယ်။ အဲဒီလိုပဲ အကျိုးဆောင်တွေအနေနဲ့လည်း အကာအကွယ်ရမှာ ဖြစ်တယ်။ ဆိုလိုတာက ဝန်ဆောင်မှုပေးတယ်။ ဝန်ဆောင်မှုရယူတဲ့ ပြည်သူလူထုက ဝန်ဆောင်မှုတော့ ရယူလိုက်တယ်။ ဝန်ဆောင်ခတော့မပေးတဲ့ ပြဿနာမျိုးပေါ့။ ဒါမျိုး အချက်အလက်တွေကို အကာအကွယ်ပေးတဲ့အပိုင်းတွေ ပါပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အဂတိတိုက်ဖျက်ရေးကော်မရှင် ဗဟိုအဖွဲ့နှင့်ပူးပေါင်းကာ မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ခြံမြေ ဝန်ဆောင်မှုပေးနေသည့် အကျိုးတော်ဆောင်များ သိရှိရန်လိုအပ်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဆိုင်ရာ သင်တန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)