နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)နှင့် မန္တလေးတက္ကသိုလ်တို့အကြား “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ” ကျင်းပ

နေပြည်တော်၊ ၁၉ ဇန်နဝါရီ

 

နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) နှင့် မန္တလေးတက္ကသိုလ်တို့အကြား “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်၊ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့သည်။

 

နှီးနှောဖလှယ်ပွဲတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက မိတ်ဆက်စကားပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ဒေသခွဲဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်နှင့် လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။  နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများက ပူးပေါင်းဆောင်ရွက်မှု လက်ရှိနှင့် အနာဂတ်လုပ်ငန်းစဉ်များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

နှီးနှောဖလှယ်ပွဲကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အပေါ် ပိုမို နားလည်သဘောပေါက်ပြီး၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာ အသုံးချနိုင်စေရန်နှင့် အနာဂတ်လုပ်ငန်းစဉ်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်  ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါနှီးနှောဖလှယ်ပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မန္တလေးတက္ကသိုလ်တို့မှ အရာရှိများ၊ ဆရာ/ ဆရာမများ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများက ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင် သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်နှင့် နိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများအား အထောက်အကူပြုရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် တရားဝင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် မှုမဟာဗျူဟာအား အထောက်အကူပြုနိုင်စေရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်း(၅၁)ခုအတွက် စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၆.၃) သန်းအား မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

 

Crd> Ministry of Foreign Affairs Myanmar