နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး နည်းစနစ်တကျဝိုင်းဝန်းကြိုးပမ်း

နေပြည်တော် ဧပြီ ၂၂

ကြီးပွားတိုးတက်ခြင်းအကြောင်းတရားတွင် ရေခံမြေခံထက် တီထွင်ကြံဆ မဖြစ်မနေကြိုးပမ်းအားထုတ်မှုသည် အဓိကဖြစ်သည်ကို ကမ္ဘာပေါ်တွင် လေ့လာ ကြည့်နိုင်ပါသည်။ ကြီးပွားတိုးတက်ခြင်းသည် မဖြစ်ဖြစ်အောင် အလုပ်လုပ်နိုင်ခြင်း နှင့် အဓိကသက်ဆိုင်ပေသည်။ ကုန်းတွင်းပိုင်းတွင် ရေသတ္တဝါများ မွေးမြူနိုင်ခြင်း၊ ကန္တာရတွင် သီးနှံသစ်ပင်များစိုက်ပျိုးနိုင်ခြင်း၊ တွင်းထွက်သယံဇာတမရှိသော်လည်း ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နိုင်ခြင်း စသည်တို့သည် တီထွင်ကြံဆ ကြိုးပမ်း အားထုတ်ခြင်းမှ ရရှိလာသောအကျိုးများဖြစ်သည်။

တိုးတက်သောနိုင်ငံများတွင် စိတ်ခံစားချက်နှင့် အလုပ်အား ခွဲခြားထား သည်ကို တွေ့ရမည်ဖြစ်သည်။ အချိန်ကို ထိရောက်စွာအသုံးချ၍ အလုပ်လုပ်ခြင်းနှင့် တီထွင်ဆန်းသစ်မှုအား အစဉ်အမြဲကြိုးပမ်းဖွေရှာနေသည်ကို အားလုံးသိရှိကြပြီး ဖြစ်သည်။ အဓိကမှာ တစ်မူထူးကဲသော အစဦးတီထွင်ဆန်းသစ်မှုကို ရှာဖွေကြ သည်။ ကနဦးတီထွင်ဆန်းသစ်ဖန်တီးထားမှုများကို အတုယူ၍ ကိုယ်ပိုင်ဆန်းသစ် မှုများပြုလုပ်ကြကာ နိုင်ငံအကျိုး၊ လူသားကောင်းကျိုးများကို အစဉ်ကြိုးပမ်းနေ ကြသည်။ နည်းပညာခေတ်သို့ ရောက်လာသောအခါ တီထွင်ဆန်းသစ်မှုများကို ပိုမို၍ရှာဖွေလာကြသည်။

တီထွင်ဆန်းသစ်မှုရှိမှသာ တိုးတက်ကြီးပွားခြင်းအကြောင်းဖြစ်ပြီး တီထွင် ဆန်းသစ်မှုမရှိပါက သူတစ်ပါး အားကိုးမှီခိုရသည့်ဘဝတွင်သာ ရပ်တည်နေရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအားထားသည့်နိုင်ငံဖြစ်သည်။ စက်မှုနည်းပညာပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းမရှိဘဲ အားလုံးကို အခြားနိုင်ငံ များမှ မှီခိုအားထားနေရသည်။ စက်မှုနည်းပညာဖွံ့ဖြိုးသောနိုင်ငံမဟုတ်၍ ပြည်ပ ကို အားကိုးနေရသည်မှာ အဓိပ္ပာယ်ရှိနိုင်သော်လည်း စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ပြည်ပမှ စိုက်ပျိုးရေးထွက်ကုန်များအား တင်သွင်းနေရသည်ကို ဆန်းစစ်သုံးသပ် ကြည့်နိုင်ပေသည်။

မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများရှိပြီး အလုပ်လုပ်နိုင်သော စွမ်းအားစု များလည်း ရှိနေပေသည်။ စိုက်ပျိုးရေးထွက်ကုန်အချို့ကို ပြည်ပသို့တင်ပို့နိုင် သော်လည်း အချို့စိုက်ပျိုးရေးထုတ်ကုန်များအား ပြည်ပမှ တင်သွင်းနေရသည်ကို တွေ့ရမည်ဖြစ်သည်။ အဓိကအကြောင်းရင်းမှာ နည်းပညာကိုအသုံးပြု၍ အရည် အသွေးမြင့်မားသော စိုက်ပျိုးရေးထုတ်ကုန်များကို မထုတ်လုပ်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နည်းပညာသည် အဓိကကျသောအကြောင်းအချက်ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် ခေတ်မီစနစ်ကျသော နည်းပညာများကို အသုံးပြု၍ တီထွင် ကြံဆကြိုးပမ်းလုပ်ကိုင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ကမ္ဘာလုံးသုံးစွဲနေသော ကော်ဖီကို စိုက်ပျိုးထုတ်လုပ်နိုင် သော်လည်း ပြည်တွင်းထုတ်ကော်ဖီထက် ပြည်ပမှကော်ဖီများအား သုံးစွဲနေကြသည် ကို ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။ ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က  “သာမန် စိုက်ပျိုးမှုဖြင့်  ကျေနပ်နေ၍မရဘဲ  စနစ်ကျနသည့်    စိုက်ပျိုးမှုစနစ်ရှိရမည် ဖြစ်သကဲ့သို့ လိုအပ်သည့် သွင်းအားစုများကိုလည်း မှန်မှန်ကန်ကန် ထည့်သွင်း ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမှသာလျှင် အရည်အသွေးကောင်းမွန်သည့် ကော်ဖီရရှိမည်ဖြစ်ပြီး ကော်ဖီထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့် အရည်အသွေး မြင့်ထုတ်ကုန်ဖြစ်စေရေး အစိုးရက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်သည့်အရင်းအနှီးများကိုလည်း   သက်ဆိုင်ရာဝန်ကြီးဌာနများက    ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် အမှန်ကတယ်အောင်မြင်ပြီး မြန်မာ့ကော်ဖီ (Myanmar Coffee Brand) ကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားထားသည်။

ယခင်က ဥရောပနိုင်ငံများတွင်သာ ကော်ဖီစိုက်ပျိုးမှုနှင့် သောက်သုံးမှုများပြား ခဲ့သော်လည်း လက်ရှိအချိန်တွင် အာရှနိုင်ငံများ၌လည်း အဓိကထား စိုက်ပျိုး သောက်သုံးလာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြင်ဦးလွင်ကော်ဖီသည် ယခင် ကတည်းက အနံ့အရသာနှင့် ပြည့်စုံမှုရှိပြီး နာမည်ရရှိပြီးဖြစ်သည့် ကော်ဖီအမျိုး အစားတစ်ခုဖြစ်သည်။ ကော်ဖီစိုက်ပျိုးရာတွင် အရိပ်ရနှင့်အရိပ်မဲ့ဟူ၍ စိုက်ပျိုးမှု နှစ်မျိုးရှိပြီး မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲလာမှုကို ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောသစ်ပင် စိမ်းလန်းစေရေးအတွက် ရည်ရွယ်၍ အရိပ်ရကော်ဖီစိုက်ပျိုးရန် ပြင်ဦးလွင်ကော်ဖီစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရနှင့်တပ်မတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ဒေသထုတ်ကုန်၊ ထွက်ကုန်များကို ပြည်တွင်း၊ ပြည်ပဈေးကွက်များအတွင်း အဆင့်မြှင့်တင်ထုတ်ကုန်အဖြစ် ထုတ်လုပ် ရောင်းချ၍ ဒေသခံပြည်သူများ လူမှုစီးပွားတိုးတက်စေရန်၊ နိုင်ငံတော်၏ စီးပွားရေး တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အဆင့်မီ၊ အရည်အသွေးမြင့်  ကော်ဖီသီးနှံများထုတ်လုပ်နိုင်ရေးကို   နိုင်ငံတော်အစိုးရက အားပေးကူညီဆောင်ရွက်ပေးနေပြီဖြစ်၍   စိုက်ပျိုးထုတ်လုပ်သူများကလည်း အရည်အသွေးမြင့်ထုတ်ကုန်များကို      ထုတ်လုပ်ကြရန်     တိုက်တွန်းအပ် ပါကြောင်း။      ။

ကြေးမုံ