နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်

ကလေးအလုပ်သမားပပျောက်ရေးသည် မျက်မှောက်ခေတ်၏  Global Issue တစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်သကဲ့သို့ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့်အတွက် ကာလတိုဆောင်ရွက်၍မရနိုင်သဖြင့် ဆက်စပ်ကဏ္ဍပေါင်းစုံပါဝင်ပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် မိမိတို့နိုင်ငံ၏အခြေအနေနှင့် လျော်ညီသော အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ထွက်ပေါ်လာရန် အရေးကြီးကြောင်း မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားခဲ့သည်။ နေပြည်တော်တွင် ယမန်နေ့ကကျင်းပခဲ့သည့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

သဘာဝဘေးအ္တရာယ်ကျရောက်မှု၊ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားမှု၊ လူမှုစီးပွားဘဝအကျပ်အတည်းများကြောင့် ဆင်းရဲမွဲတေမှုစသောအခြေခံအကြောင်းတရားများကြောင့် ပညာသင်ကြားရမည့်အရွယ်ကလေးသူငယ်များမှာ ကျောင်းသင်ခန်းကိုမရောက်နိုင်တော့ဘဲ အလုပ်ခွင်များဆီသို့ရောက်ရှိကာ ကလေးအလုပ်သမားများ ဖြစ်လာရသည်။ ကလေးအလုပ်သမားကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်းကလေးများ လုပ်ငန်းခွင်သို့ ဝင်ရောက်အလုပ်လုပ်ကိုင်ကြခြင်းနှင့်အခကြေးငွေမရဘဲ အ္တရာယ်ရှိသည့် အိမ်မှုကိစ္စများလုပ်ကိုင်ရခြင်းတို့ကို သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်နေကြသည့်ကလေးငယ် ၁၃ သိန်းခန့်ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းခန့်က ကျေးလက်တွင် နေထိုင်နေကြသူများဖြစ်သည်။ ၎င်းတို့လုပ်ကိုင်နေကြရသော လုပ်ငန်းများမှာလယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ ငါးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းစသည့်လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ကြသည်။ ၎င်းတို့၏လုပ်ငန်းခွင်အ္တရာယ်များအနေဖြင့် ဖုန်မှုန့်၊ အခိုးအငွေ့များ၊ ဓာတ်ငွေ့ ၊ မီးနှင့်လောင်ကျွမ်းမှုအမျိုးမျိုး၊ လျှပ်စစ်နှင့်ဓာတုဆေးဝါးများ၊ ပြင်းထန်သည့်အပူ၊ အအေးအခြေအနေများ၊ လည်ပတ်နေသည့်စက်ကိရိယာများ၊ အမြင့်တက်၍အလုပ်လုပ်ရခြင်းများစသည်တို့ ဖြစ်သည်။

မိသားစု၏လူမှုစီးပွားဘဝ အကျပ်အတည်းများအရ ကလေးသူငယ်ကိုယ်တိုင်က အလုပ်ဝင်ရောက်လုပ်ကိုင်ကာဝင်ငွေရှာကြရသကဲ့သို့ လုပ်ငန်းရှင်များဘက်ကလည်း လုပ်အားခဈေးသက်သာသော၊ လူကြီးအလုပ်သမားထက် ခိုင်းစေရပိုမိုလွယ်ကူသော ကလေးအလုပ်သမားများကိုသာ ပိုမိုအသုံးပြုလေ့ရှိကြသည်။ မည်သို့ပင်ဆိုစေ ကလေးသူငယ်သည် ပညာသင်ကြားရမည့်အရွယ်သာဖြစ်ပြီး ကလေးများအား ကောင်းစွာပညာသင်ကြားလေ့ကျင့်ပေးခြင်းအားဖြင့် တိုင်းပြည်အတွက် တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးရမှာဖြစ်သည်။

ကလေးအလုပ်သမားပပျောက်ရေးသည် ဘက်ပေါင်းစုံမှ တစိုက်မတ်မတ် ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်ဖြစ်သည်။ လူငယ်များနှင့်ကလေးများကို ဖွံ့ ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံ၏အနာဂတ်ကို တည်ဆောက်နေခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ယခုအခါ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက် (မူကြမ်း) ထွက်ပေါ်လာရေးအတွက် ဦးတည်ဆောင်ရွက်နေပေပြီ။ အဆိုပါလုပ်ငန်းစီမံချက်သည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေနှင့်လိုက်လျောညီထွေရှိပြီး ပြည့်စုံကောင်းမွန်သော၊ လက်တွေ့ အကောင်အထည်ဖော်နိုင်သော အမျိုးသားအဆင့်လုပ်ငန်း စီမံချက်လည်းဖြစ်သည့်အလျောက် ဆိုင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင်ကာ ကျရာတာဝန်ကို ကျေပွန်စွာဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်၏အညွန့်အဖူးကလေးများကို ပြုစုပျိုးထောင်နိုင်ကြပါစေကြောင်း။ မြန်မာ့အလင်း