နိုင်ငံအချို့၏ ကိုဗစ်-၁၉ ရောဂါ ကိုင်တွယ်မှုပုံစံမှာ အန္တရာယ်ရှိသည့်လမ်းကြောင်းပေါ် ရောက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ သတိပေး

ဂျီနီဗာ ၂၅ အောက်တိုဘာ

ကမ္ဘာ့နိုင်ငံအချို့သည် ကိုဗစ်-၁၉ ရောဂါပြဿနာကို ကိုင်တွယ်ရာ၌ အန္တရာယ်ရှိသည့် လမ်းကြောင်းပေါ်တွင်ရောက်ရှိနေကာ ကပ်ရောဂါကို ကိုင်တွယ်ခြင်းကိစ္စရပ်က လေ့ကျင့်ခန်း ဆင်းနေသည့် ကစားပွဲမဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဂီဘရီယိုးဆပ်က အောက်တိုဘာ ၂၃ ရက်နေ့က သတိပေးပြောကြားခဲ့သည်။

အောက်တိုဘာလအတွင်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ပိုမိုမြင့်မားလာ သလို ရောဂါကူးစက်ခံရသူများသည်လည်း ဆေးရုံတက်ရောက်ကုသနေရသည့် အခြေအနေ၊ စိုးရိမ်ရသည့်အနေအထားနှင့် သေဆုံးမှုနှုန်း မြင့်တက်နေခြင်းတို့မှာ မူလဖွဲ့စည်းထားသည့် ကျန်းမာရေးစနစ်၏ စွမ်းဆောင်ရည်ထက် ပိုမိုထမ်းပိုးထားရခြင်းကြောင့်ဖြစ်သည်ဟု တက်ဒရော့စ်က ရှုမြင်သည်။

ဂီဘရီယိုးဆပ်က “ကျွန်တော်တို့ဟာ လမ်းဆုံလမ်းခွကို ရောက်နေတဲ့ အနေအထားပါ။ အထူးသဖြင့် ကမ္ဘာ့မြောက်ခြမ်းက နိုင်ငံတွေပေါ့။ ဒီအတိုင်းဆက်သွားရင် လာမယ့်လအနည်း ငယ်အတွင်း အခြေအနေက ပိုခက်လာမယ်။ အန္တရာယ်တွေ ပိုဖြစ်လာနိုင်တယ်" ဟု ပြောကြား ခဲ့သည်။

ဗိုင်းရပ်စ် လျင်မြန်စွာပျံ့နှံ့နေမှုကို ရပ်တန့်ရေးအတွက် ကန့်သတ်ချက်များမြှင့်တင် ဆောင်ရွက်ရေး၊ ရောဂါပိုးစစ်ဆေးမှုစနစ်များပိုမိုတိုးတက်လျင်မြန်လာရေး၊ ရောဂါကူးစက်ခံရသူ နှင့် ထိတွေ့သူများအားလုံးကို လျင်လျင်မြန်မြန် ခြေရာခံနိုင်ရေးနှင့် သီးသန့်ခွဲခြားနေထိုင်စေရေး၊ ဗိုင်းရပ်စ်ပျံ့နှံ့မှု မြင့်မားလွန်းသဖြင့် တစ်နိုင်ငံလုံး အသွားအလာ လုံးဝကန့်သတ်လိုက်ရခြင်းတို့ကို ရှောင်လွှဲနိုင်ရေးတို့အတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြားခဲ့သည်။

ကမ္ဘာ့တောင်ခြမ်းနိုင်ငံများတွင် ရောဂါကူးစက်မှုနှုန်း လျော့ကျနေပြီဖြစ်သော်လည်း ဥရောပနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စု တောင်အမေရိကနိုင်ငံတို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ ဆိုက်ပရက်စ်၊ အက်စတိုးနီးယား၊ ဖင်လန်နှင့်  ဂရိနိုင်ငံတို့မှလွဲ၍ ကျန်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် ကူးစက်မှုနှုန်းမှာ စိုးရိမ်စရာ အခြေအနေကို ရောက်နေကြောင်း ဥရောပရောဂါတားဆီးရေးနှင့် ထိန်းချုပ်ရေးအဖွဲ့ အကြီးအကဲ အန်ဒရီရာအမ်မွန်က သတိပေးထားပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ( ၁၁ သိန်းအထိ ရောက်ရှိလာခဲ့ပြီး ငါးပုံတစ်ပုံမှာ အမေရိကန်ပြည်ထောင်စုမှ ဖြစ်သည်။

ကိုးကား - စီအင်န်အေ၊

ဘာသာပြန် - မေလဲ့သင်း