နိုင်ဂျီးရီးယားတွင် သက်တမ်းကုန်ဆုံးသွားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ တစ်သန်းကျော် ဖျက်ဆီး

အဘူဂျာ ဒီဇင်ဘာ ၂၄

နိုင်ဂျီးရီးယားအစိုးရသည် ဒီဇင်ဘာ ၂ ရက်က သက်တမ်းကုန်ဆုံးသွားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ တစ်သန်းကျော်ကို ဖျက်ဆီးခဲ့သည်။ နိုင်ဂျီးရီးယားမြို့တော် အဘူဂျာ ဆင်ခြေဖုံးတွင် ကာကွယ်ဆေး ဖျက်ဆီးနေမှုများကို အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၊ အစားအသောက်နှင့် ဆေးဝါးထိန်းချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအေဂျင်စီတို့က စောင့်ကြည့်ခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံသားများ ကာကွယ်ဆေးအပေါ် ယုံကြည်မှုရှိစေရန် ယခုလို လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အကြီးအကဲ ဖေဆယ်ရှုအစ် က သတင်းထောက်များကို ပြောကြားလိုက်သည်။ သက်တမ်းလွန်နေသော အက်စ်ထရာဇနီကာ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၀၆၆၂၁၄ ခုကို နိုင်ငံတစ်ဝန်းမှ ပြန်လည်သိမ်းဆည်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကာကွယ်ဆေးထုတ်လုပ်သူများက သက်တမ်းတိုးပေးရန် တောင်းဆိုထားသော်လည်း နိုင်ဂျီးရီးယား အစိုးရက ငြင်းပယ်ခဲ့ကြောင်း နိုင်ဂျီးရီးယား ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

ဆင်ဟွာ