နိုင်ဂျီးရီးယားအလယ်ပိုင်းတွင် တိုက်ခိုက်မှုများဖြစ်ပွား ၂၆ ဦး သေဆုံး

၄ ဖေဖော်ဝါရီ

 

နိုင်ဂျီးရီးယားနိုင်ငံ ပလပ်ယူး ပြည်နယ်တွင် မကြာသေးမီက တိုက်ခိုက်မှုများဖြစ်ပွားခဲ့သဖြင့် လူ ၂၆ ဦး သေဆုံးခဲ့သည်ဟု ဒေသန္တရ ရဲတပ်ဖွဲ့က ယမန်နေ့က ပြောကြားခဲ့သည်။

 

အမည်မသိ သေနတ်သမားများက ထိုပြည်နယ်ရှိ ဒေသ နှစ်ခုတို့တွင် ဇန်နဝါရီ ၂၆ မှ ၂၈ ရက်နေ့ထိ တိုက်ခိုက်ခဲ့ကြသဖြင့် နေအိမ်အလုံး ၁၉၀ ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

5

 

၎င်း တိုက်ခိုက်မှုများတွင် လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အသိုက်အဝန်းအုပ်စု ငါးစု ထက်မနည်း ရှိသော ဘော့ကော့စ်နှင့် အန်ဂူ ဒေသတွင် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း  ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 

အဆိုပါတိုက်ခိုက်မှုတွင် အသိုက်အဝန်းများဖြစ်ကြသည့် ကွက်ရတ် မှ ၁၄ ဦး၊ စဘွန်ဘာကီ မှ လေးဦး၊ ရှိန်းဂျတ် မှ တစ်ဦး နှင့် မာရစ်ရှ် မှ ခုနစ်ဦး တို့ သေဆုံးခဲ့သည်ဟု သိရသည်။

 

ယခုချိန်ထိ ယင်းတိုက်ခိုက်မှုနှင့် ဆက်နွှယ်မှုရှိသည့် သံသယရှိသူ ၁၄ ဦးကို ဖမ်းဆီးထားပြီး ထပ်မံ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို