နိုင်ဂျာနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန်စီစဉ်နေ

 

ဝါရှင်တန် ဧပြီ ၂၃

အမေရိကန်ပြည်ထောင်စုသည် နိုင်ဂျာနိုင်ငံမှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းသွားရန် စီစဉ်နေကြောင်း ပြောကြားလိုက်သည်။

ဆာဟာရသဲကန္တာရတောင်ဘက် ဆာဟဲလ်ဒေသတွင် အကြမ်းဖက်မှု  ဆန့်ကျင်တိုက်ဖျက်ရေး ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ဂျာ နိုင်ငံတွင် အမေရိကန်ပြည်ထောင်စုက တပ်ဖွဲ့ဝင် ၁၁၀၀ ခန့်ကို ဖြန့်ကြက်ချထားခြင်း ဖြစ်သည်။

အဆိုပါ တပ်ဖွဲ့များကို အိုင်အက်စ်နှင့်အခြား အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်မှုများကို စောင့်ကြည့်ထောက်လှမ်းနိုင်ရန် တာဝန်ပေးအပ်ထားကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ဂျာနိုင်ငံတို့သည် နိုင်ဂျာနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်များ စနစ်တကျရုပ်သိမ်းရေးအတွက် ဆွေးနွေးမှုများ စတင်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဌာန ပြန်ကြားရေးတာဝန်ခံ ပတ်ရိုက်ဒါ(ယာပုံ)က ဧပြီ ၂၂ ရက်တွင် သတင်းထောက်များကို ပြောသည်။

သို့သော်လည်း နိုင်ဂျာနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့်အချိန်ကို တိတိကျကျဖော်ပြထားခြင်း မရှိပေ။ နိုင်ဂျာနိုင်ငံနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးသည် ပြီးခဲ့သည့်နှစ် နောက်ပိုင်းမှစတင်ကာ ဆိုးရွား လာခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် နိုင်ဂျာနိုင်ငံမှ ပြင်သစ်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် ဆုံးဖြတ်ပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးထွက်ပေါ်လာခြင်း ဖြစ်သည်။

အင်န်အိတ်ချ်ကေ