နှိမ့်ချ ဆက်ဆံမှုတွေကို သီချင်းအသွင် ဖန်တီးနေသည့် အဆိုတော် ရတနာမိုင်

mdn

၂၄ သြဂုတ် 

 

စတူဒီယို ခေတ်ဦးကာလအတွင်း အောင်မြင်ကျော်ကြားခဲ့သည့် အဆိုတော် မိုင် အနေဖြင့်၊ သမီးဖြစ်သူ  ရတနာမိုင် နှင့်အတူ တေးစီးရီးတစ်ခွေ ထွက်ရှိရန် ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါ တေးစီးရီးခွေကို မီနီအယ်လ်ဘမ် အဖြစ် ဖန်တီးမည်ဖြစ်ပြီး  You  Tube တွင် ပရိသတ်များ နားဆင်ခံစားနိုင်ရန် တင်သွားမည်ဖြစ်ကာ အဆိုပါတေး စီးရီးတွင် မိခင်ဖြစ်သူ စတူဒီယိုခေတ်မှ အောင်မြင်ကျော်ကြားခဲ့သည့် မလွမ်းပို တေးသီချင်း အပါအဝင် အခြားသော သီချင်းများစွာကို စုစည်းထားကြောင်းလည်း သိရသည်။ သီချင်း ခုနစ်ပုဒ် မီနီအယ်လ်ဘမ်ကို ထွက်ရှိနိုင်ရန် သမီးဖြစ်သူ ရတနာမိုင်က စီစဉ်နေခြင်းဖြစ်သည်။

 

mdn

 

''မေမေမိုင် တစ်ချိန်က အောင်မြင်ခဲ့တဲ့ သီချင်းတွေကို ထွက်ရှိနိုင်ဖို့အတွက် ကူညီပေးနေတာပါ။ သီချင်းခုနစ်ပုဒ်ကို မီနီအယ်လ်ဘမ် အဖြစ်နဲ့ ထွက်ရှိမှာပါ။ အမှန်က မိုင်လေးရဲ့ အဆိုလိုင်းမဟုတ်ပါဘူး။ မေမေမိုင်ကို ကျေးဇူးဆပ်ချင်တဲ့အနေနဲ့ ဒီဘက်ခေတ်လိုင်းလည်းဖြစ်အောင် အမေ့ရဲ့ ဆိုပုံဆိုပေါက်တွေလည်း ပရိသတ်တွေ သေချာသိစေချင်တာလည်း ပါပါတယ်။ တစ်ခါတလေ ရှိတယ်လေ။ အမေ့သီချင်းတွေဆိုပြီး ပျက်စီးသွားတာတွေ ဘာတွေဖြစ်မှာ စိုးရိမ်လို့ပါ။ အဲဒီလိုစိုးရိမ်လို့ ဒီဘက်ခေတ်ရော၊ ဟိုဘက်ခေတ်ရော မူမကွဲဘဲနဲ့ ဆိုထားတာတွေကို ထုတ်ဖို့ရှိပါတယ်။  သီချင်းတွေကို ပရိသတ်တွေ ပြန်နားထောင်ရင် စိတ်ချမ်းမြေ့ရမယ်လို့ ထင်ပါတယ်။ ဘာလို့ဆိုရင် အခုခေတ် လူငယ်တွေလည်း နားထောင်ဖူးရအောင်ရယ်။ မေမေတို့ခေတ်က အသက်အရွယ် ရောက်နေတဲ့သူတွေလည်း အော် ငါတို့ခေတ်က သီချင်းတွေဆိုပြီး ငယ်ဘဝကို အောက်မေ့လို့ရအောင် ပြန်ပြီးသေချာ စီစဉ်ထားပါတယ်'' ဟု ပြောကြားခဲ့သည်။

 

အဆိုတော် ရတနာမိုင် အနေနှင့် ငယ်စဉ်အခါမှစ၍ ယနေ့ ဂီတလောကတွင် ရပ်တည်နေသည့် အချိန်အထိ မိတ်ဆွေ အချို့၏ ပေါင်းသင်းဆက်ဆံချိန် အပေါ်စီးမှ ဆက်ဆံခံရခြင်းများကို ပြန်လည်ကာ သီချင်းအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ ယင်းသီချင်းကို တေးရေး နေခြည်ထွန်းထွန်း ရေးသားထားပြီး ၊ "အပေါ်ယံများ" ဟု အမည်ပေးထားကြောင်း၊ ၂ဝ၁၉ ခုနှစ်အတွင်း ထွက်ရှိနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

 

ကိုလင်း