နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များကိုလေ့လာရန် JMC-U ကိုယ်စားလှယ်အဖွဲ့ နီပေါနိုင်ငံသို့ သွားရောက်

ရန်ကုန်  ၁   အောက်တိုဘာ  
 
နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များကို လေ့လာရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာကာ ထို့မှတစ်ဆင့် နီပေါနိုင်ငံ ခတ္တမန္ဒူလေဆိပ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။ 
 
JMC-U ကိုယ်စားလှယ်အဖွဲ့၏ နီပေါနိုင်ငံ ငြိမ်းချမ်းရေးလေ့လာရေး ခရီးစဉ် ကို မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက စီစဉ်ပေးခြင်းဖြစ်ပြီး ခရီးစဉ်မှာ ခြောက်ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း JMC-U  မှသိရသည်။ 
 
 
JMC-U ၏ ခြောက်ရက်တာ ငြိမ်းချမ်းရေး လေ့လာရေးခရီးစဉ်အတွင်း နီပေါနိုင်ငံ ဒုတိယ သမ္မတ H.E. Mr.Nanda Kishor Pun ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Pradeep Gaywall အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုကာလအတွင်း ပါဝင်ခဲ့သူများနှင့်တွေ့ဆုံကာ နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များဆောင်ရွက်မှု ဖြစ်စဉ်များကို လေ့လာသွားမည်ဖြစ်သည်။ 
 
နီပေါနိုင်ငံ ငြိမ်းချမ်းရေးလေ့လာရေးခရီးစဉ်သို့ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်အတူ ဒုတိယဥက္ကဋ္ဌ (၂) စိုင်းမျိုးသန့် ၊ JMC-U အဖွဲ့ဝင်များဖြစ်ကြသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ သိက္ခာတော်ရဆရာတော် စောမက်သယူးအေး အပါအဝင် စုစုပေါင်းကိုယ်စားလှယ် အဖွဲ့ဝင် ၁၅ ဦး လိုက်ပါသွားကြသည်။
 
 သတင်း..ညွန့်ကိုကို