နီးနီးနားနား ပဲခူးသွား

၂၅  ဇူလိုင်


ခုတလော ခရီးသိပ်မသွားဖြစ်ပြန်ဘူး။ သွားဖြစ်တော့လည်း နိုင်ငံခြားခရီးကများနေတော့ စိတ်ထဲမှာ ပြည်တွင်း လည်ချင်စိတ် သိပ်ဖြစ်နေတယ်။ သွားဖူးပြီးသားလည်း မသွားချင်သေး။ မသွားရသေးတာတွေကလည်း ခပ်ဝေးဝေး ဖြစ်နေတော့ ရေးမယ်လို့ တာစူထားပြီး မရေးဖြစ်သေးတဲ့ ရန်ကုန်မြို့နဲ့အနီးဆုံး ပဲခူးမြို့ကိုပဲ အားလပ်ရက်လေးမှာ အချိန်ပေး ပြေးလိုက်တယ်။ ပဲခူးကို ရန်ကုန်ကနေဆို နေ့ချင်းပြန်သွားလည်ကြတာများပေမယ့် တကယ်တော့ ပဲခူးဟာ သေချာအချိန်ပေးလည်မယ်ဆို တစ်ညအိပ်ခရီးမှ အနည်းဆုံး အဆင်ချောပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်လည်း ရန်ကုန်နဲ့နီးတော့ ဒီတစ်ပတ် နေရာနည်းနည်း၊ နောက်တစ်ပတ် နေရာနည်းနည်းသွားရင်လည်း အဆင်ပြေပါတယ်လေ။


ဟံသာဝတီနေပြည်တော် မြို့ပဲခူး


ပဲခူးဆိုတာ မွန်စကား ဖဲ့ဂိုကနေ ဆင်းသက်လာတယ်လို့ ဖတ်ဖူးပါတယ်။ ၈၂၆ ခုနှစ်မှာ သမလ၊ ဝိမလ ညီနောင်ကနေစပြီး တည်ထောင်ခဲ့ကြတယ်။ မင်းဆက် ၁၇ ဆက်လွန်တော့ မင်းဆက်ပြတ်သွားပြီး ရွာကြီးလိုကျန်ခဲ့ရာကနေ ၁၃၆၉ ခုနှစ်မှာ ဗညားဦးမင်းက ထီးနန်းစိုက်လို့ မွန်တစ်လှည့် ဗမာတစ်လှည့် အုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ၁၇၅၇ ခုနှစ်မှာတော့ အလောင်းမင်းတရားလက်အောက် ကျရောက်ခဲ့ပြီး ၁၈၅၂ ခုနှစ်မှာ အင်္ဂလိပ်လက်အောက်ရောက်ခဲ့ပါသေးတယ်။ ခုတော့ ရှေးက ဟံသာဝတီ မင်းနေပြည်တော်ဟာ ပဲခူးအနေနဲ့ ရန်ကုန်မြို့နဲ့ အနီးဆုံး လည်ပတ်စရာအဖြစ် ပြည်တွင်းပြည်ပက ခရီးသွားတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပြီ ဖြစ်ပါတယ်။


ပဲခူး သွားလည်မယ်


ပဲခူးကိုသွားမယ်ဆိုရင် ကိုယ်ပိုင်ကား၊ အငှားယာဉ်၊ ဘတ်စ်ကား၊ ရထားတို့နဲ့ သွားလာနိုင်ပါတယ်။ ဘတ်စ်ကားနဲ့ သွားမယ်ဆိုရင်တော့ စော်ဘွားကြီးကုန်း အဝေးပြေးနားမှာ ယာဉ်အလတ်နဲ့ အသေးကားဂိတ်တွေ ရှိပါတယ်။ အဲဒီကနေ ပဲခူးကားတွေ စီးလို့သွားနိုင်ပါတယ်။ အောင်မင်္ဂလာအဝေးပြေးကနေလည်း ကားတွေရှိပါတယ်။ ဈေးတော့ပိုကြီးတယ်။ ကားမောင်းချိန် နှစ်နာရီဝန်းကျင်လောက် ရှိတတ်ပါတယ်။ ရထားနဲ့ဆိုလည်း ရန်ကုန်ဘူတာကြီးကနေ ပဲခူးဘူတာကို စီးသွားနိုင်တယ်။ မနက် ၇ နာရီ ၁၅မိနစ်၊ ညနေ ၆ နာရီ ၂၅ မိနစ်နဲ့ ည ၉ နာရီတွေမှာ ထွက်တယ်လို့ သိထားပါတယ်။ သူလည်း အချိန်နှစ်နာရီလောက် စီးရတာပါပဲ။


လည်ပတ်စရာ ပဲခူးမြို့တစ်ခွင်မှာ


ပဲခူးမှာတော့ ရှေးဘုရားတွေပဲ လည်ပတ်ကြရမှာပါ။ တခြားထူးထူးထွေထွေ မရှိလှဘူး။ အနီးဝန်းကျင်မှာတော့ လည်စရာတချို့ ရှိပါတယ်။ ဆိုတော့လည်း ဘုရားပဲ အရင်လည်ကြတာပေါ့နော်။ သီဟနဲ့ ရောင်းရင်းများ ပဲခူးဘုရားဖူးခရီးစဉ်လေး အရင် စလိုက်ကြမယ်။

 

THLL 002


ရွှေမော်ဓောစေတီ


ပဲခူးဆိုတာနဲ့ မြန်မာအားလုံးတွဲမြင်ကြတာက ရွှေမော်ဓောစေတီပါ။ ရွှေမော်ဓော အနီးဝန်းကျင်ကလည်း ပဲခူးမြို့မှာ အစည်ကားဆုံးအရပ်လားလို့ ထင်ရပါတယ်။ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်လိုမျိုးဆို တိုးမပေါက်အောင်ပါပဲလေ။ သထုံဘုရင် စူဠသီရိမာ စပြီးတည်ထားတုန်းက ဉာဏ်တော် ၁၇ တောင်ပဲ ရှိရာကနေ ဗညားဦး လက်ထက်မှာ ၅၅ တောင်ထိ ဖြစ်လာတယ်။ ငလျင်ဒဏ်တွေ အကြိမ်ကြိမ်ခံခဲ့ရပြီး ဘုရင်၊ ဘုရင်မ အဆက်ဆက်က ပြုပြင်မွမ်းမံရင်းနဲ့ ဉာဏ်တော်ဟာ အခုဆို ၃၇၃ ပေ ၉ လက်မရှိတယ်လို့ သိရပါတယ်။ ဘုရားဝန်းကျင်မှာ ဈေးဆိုင်တန်းများစွာနဲ့ စည်ကား နေတတ်တယ်။ ကားရပ်ဖို့တောင် တစ်ခါတလေ နေရာရှာရခက်သေး။ ဒီမှာ အဓိက အထင်ရှားဆုံးက အရင်ငလျင်ကြောင့် ပြိုကျဖူးခဲ့တဲ့ ငှက်ပျောဖူးတော်ကြီးကို ထူးခြားမှုအနေနဲ့ ယခုတိုင်ထားရှိပြီး ပြသထားတာပါ။ ဒါ့အပြင် ဘုရားရင်ပြင် တစ်နေရာက စိတ်လို့ရေးထားတဲ့ အုတ်တိုင်ဟာလည်း ထူးခြားမှုပါပဲ။ စည်ကားခမ်းနားတဲ့ ပဲခူး ရွှေမော်ဓောဘုရားပွဲကြီးကိုတော့ တန်ခူးလဆန်း ၈ ရက်နေ့ကနေ တန်ခူးလပြည့်နေ့အထိ (ဧပြီလ သြင်္ကန်ဝန်းကျင်နဲ့ သြင်္ကန်တွင်း) တွေမှာ ကျင်းပလေ့ရှိပါတယ်။


ကျိုက်ပွန် လေးမျက်နှာဘုရား


မွန်စကားနဲ့ဆို ကျိုက်ပွန်ဟာ ဘုရားလေးဆူကို ခေါ်တာလို့ သိရပါတယ်။ ရန်ကုန်ကနေသွားရင် ပထမဆုံး မြင်တွေ့ရမှာပါ။ အရင်ကတည်းကလည်း တည်ဆောက်ထားပုံ ဆန်းပြားလို့ ခရီးသွားတွေ စိတ်ဝင်စားခဲ့ကြပြီး ခုထိလည်း သမိုင်းဝင်မို့ လာလည်ကြပါတယ်။ ဒီဘုရားလေးဆူ ရုပ်တုတော်ကြီးတွေက ကြီးမားလွန်းပြီး အဝေးကနေတောင် ထင်ထင်ရှားရှား မြင်သာနေတာကိုက စိတ်ဝင်စားစရာတစ်ခုပါ။ ကကုသန္ဓ၊ ကောဏဂမန၊ ကဿပ၊ ဂေါတမ ဘုရားလေးဆူရဲ့ ကိုယ်စားပြုရုပ်ပွားတော်တွေလို့ မှတ်သားရပါတယ်။ ၁၄၇၆ ခုနှစ်မှာ ဓမ္မစေတီမင်း တည်ခဲ့တာပါ။ ရန်ကုန် - မ္တလေး လမ်းဟောင်းကနေ အတွင်းကို တော်တော်ဝင်ရပါတယ်။ ကားရပ်ဖို့ နေရာကျယ်ကျယ်နဲ့ ဆိုင်ခန်းတွေလည်း အနီးဝန်းကျင်မှာ ရှိပါတယ်။

 

THLL 003


မြသာလျောင်းဘုရား (နောင်တော်ကြီး)


ပဲခူးမှာရှိတဲ့ လျောင်းတော်မူ ရုပ်ပွားတော်တွေထဲမှာ မြသာလျောင်းဘုရားက အနီးဆုံးမြင်နိုင်မယ်လို့ ယူဆပါတယ်။ အရင်ကထက် စည်ကားလာပြီး ဆိုင်ခန်းတွေလည်း ရှိလာပါပြီ။ လျောင်းတော်မူကြီးကို အမိုး မိုးပေးဖို့အတွက်လည်း ပြင်ဆင်နေတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဒီလိုလွတ်လပ်တဲ့ ပုံစံလေးကို သဘောကျမိပါတယ်။ နေပူမိုးရွာအတွက်မို့ ပြင်ဆင်တာကိုလည်း နားလည်သဘောပေါက်ပါတယ်။ မြသာလျောင်းနဲ့ ကပ်လျက်မှာပဲ ရွှေသာလျောင်းရယ်၊ ရှေ့ဘက်မှာက လေးမျက်နှာ ဘုရားရယ်ရှိပါတယ်။


ရွှေသာလျောင်းဘုရား


ရွှေသာလျောင်းကတော့ ပဲခူးက အထင်ကရ လျောင်းတော်မူသုံးဆူထဲမှာ အထင်ရှားဆုံး ဖြစ်ပါလိမ့်မယ်။ အတော်လည်း ထုထည်ကြီးမားပါတယ်။ ဟံသာဝတီ ဘုရင် သမလ၊ ဝိမလ မင်းဆက်ကနေ ဆင်းသက်လာတဲ့ ၁၃ ဆက်မြောက်ဘုရင် မိဂါဒိပ္ပငယ်မင်း လက်ထက် ၉၉၄ ခုနှစ်မှာ တည်ထားခဲ့တာပါ။ မူလက ကုသိနာရုံဘုရားလို့ ခေါ်တွင်ပါတယ်။ အလျား အတောင် ၃၀ ရှိပါတယ်။ ဒါပေမယ့် ၁၅၆၄ ခုနှစ်မှာ စစ်သုံ့ပန်းတွေရဲ့ မီးရှို့ ဖျက်ဆီးတာ ခံခဲ့ရလို့ ဘုရင့်နောင်မင်းက ရုပ်ပွားတော်သစ်တစ်ဆူ ထပ်တည်ထားခဲ့တာပါ။ အင်္ဂလိပ်လက်ထက်မှာတော့ ချုံနွယ်တွေကြား ပျောက်သွားခဲ့ရပြီး ခုတော့ အစည်ကားဆုံး ဖြစ်နေတာကို သတိပြုမိကြမယ် ထင်ပါတယ်။ ဒီလျောင်းတော်မူကြီးမှာ အသည်းအယားဆုံးကတော့ ရုပ်ပွားတော်ရဲ့ မျက်နှာတော် ဘယ်ဘက်ခြမ်း (ခေါင်မိုးဘက်အခြမ်း) က ဖုန်တွေနဲ့ မည်းတူးနေတာကိုပါပဲ။

 

THLL 004

မဟာစေတီ


အရင်က ဒီနေရာဝန်းကျင်မှာ စစ်သုံ့ပန်းတွေထားတယ်လို့ဆိုပါတယ်။ ဘုရင့်နောင်မင်းက ၁၅၅၉ ခုနှစ်မှာ စတည်ခဲ့တာပါ။ မဟာစေတီကို ဌာပနာဖို့ နန်းတော်ကနေ ဓာတ်တော်၊ မွေတော်တွေပင့်တဲ့အချိန်မှာ သမီးတော်မွေးလို့ သူမကို ရာဇဓာတုကလျာလို့ နာမည်ပေးခဲ့တယ်လို့ မှတ်သားရပါတယ်။ ခုနောက်ပိုင်း ပဲခူးမှာ ကျွန်တော် စိတ်အဝင်စားဆုံးနဲ့ အလည်ချင်ဆုံးစေတီပါပဲ။ တည်ဆောက်ထားတဲ့ပုံစံ ဆန်းကြယ်ပြီး အမျိုးသားတွေ အုတ်လှေကားနဲ့ ထိပ်ထိတက်နိုင်အောင် စီစဉ်ထားတာလေးလည်း တွေ့ရတယ်။ အပေါ်ကနေဆို မြင်ကွင်းကျယ် မြင်ရမှာမို့ တချို့လည်း နေဝင်ချိန် လာကြည့်ကြတယ်လို့ သိရတယ်။ ကျွန်တော်ရောက်တဲ့အချိန်က ညနေ ၃ နာရီ ဝန်းကျင် မို့ နေဝင်ချိန်တော့ မမြင်ခဲ့ရပါဘူး။ ဒါပေမယ့် Instagrammer တွေ အဆင်ပြေမယ့် ဓာတ်ပုံမျိုးရိုက်ဖို့ ဖြစ်နိုင်တဲ့နေရာတစ်ခုအနေနဲ့ပါ ခရီးသွားတွေကို သတင်းပေးချင်မိပါတယ်။


ကမ္ဗောဇသာဒီနန်းတော်


ဒီမှာတော့ နည်းနည်းအချိန်ပေး လေ့လာနိုင်တယ်။ အသစ်ဆောက်ထားတာ ဆိုပေမယ့် အရင်က အကြွင်းအကျန်တွေကိုလည်း ပြသထားပေးသေးတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ အတွဲလေးတွေတော့ များသလိုလိုပဲ။

 

THLL 005


ရွှေဂူကြီး ရွှေဂူလေး ဘုရား


ဒီဘုရားကတော့ ဂူလေးတွေလို ဖြစ်နေတဲ့အတွက် နာမည်နဲ့ လိုက်တယ်ပဲ ဆိုရမယ်။ အနားဝန်းကျင်မှာ ဆိုင်ခန်းတွေနဲ့ ငါးချဉ်တွေ ရောင်းကြတာ အားရစရာကြီးပဲ။ ဒီကို လာတဲ့လမ်းမှာ တွေ့ရတဲ့ ထန်းရည်ဆိုင်လေးတွေကလည်း အမြင်ဆန်းအောင် ထန်းရွက်လေးတွေနဲ့ ကာထားတာမို့ ကြည့်တာနဲ့ကို သောက်ချင်စရာ ဖြစ်လာတယ်။


ကိုးသိန်းကိုးသန်းဘုရား


စောင်းတန်းလေးက ရှည်ရှည်နဲ့ သစ်သားစောင်းတန်းလေးလို ဖြစ်နေပြီး ရှေးက ဘုရားတက်ရသလို ခံစားချက်မျိုးလေး ခံစားရတယ်။ ကြေးစည်လေးတွေအများကြီး ချိတ်ထားတာကလည်း ဒီဘုရားကို လာသူတွေအတွက် အမြင်ရသတစ်မျိုး ဖြစ်နေစေပါတယ်။ ဘုရားရင်ပြင်မှာ စေတီငယ်လေးတွေ တည်ထားပုံကလည်း အတန်းလိုက်လေးနဲ့ တစ်မျိုးတစ်ဘာသာ ကွဲထွက်နေတယ်။


အခြား ဖူးမြော်သင့်တဲ့ ဘုရားစေတီများ


ပဲခူးကိုရောက်တုန်း ရောက်လက်စနဲ့ သွားရောက်ဖူးမြော်သင့်တဲ့ ဘုရားစေတီတွေ ကိုလည်း စုစည်းပေးလိုက်ပါတယ်။ တချို့ကတော့ နည်းနည်းလှမ်းပါတယ်။


ဟင်္သာကုန်းဘုရား (ရွှေမော်ဓောနဲ့ နီးပါတယ်)


သွန်းဘုရား (ဈေးနဲ့ နီး)


တရုတ်ဘုံကျောင်း (ဈေးတစ်ဖက်ကမ်း)


ခေါင်းဆေးကျွန်းဘုရား (ဘုရင့်နောင် ကားဂိတ်နဲ့နီး)


မဟာကလျာဏီ သိမ်တော်နဲ့ ကျောက်စာ (မြသာလျောင်းနဲ့ နီး)


စိန်သာလျောင်းဘုရား


ဒေးစွန်ပါတောင်ဘုရား (ပဲခူးမြောက် ဘက် မိုင် ၂၀ အကွာ၊ ဝမ်းဘဲအင်းရွာနား)


ခမဲပြင် ဘိုးဘိုးကြီး (သနပ်ပင် အုန္နဲရွာ နား)


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

 


Thiha, the Traveller @ သီဟလုလင်