နီနီခင်ဇော်ကို သရုပ်ဆောင်တစ်ဦးအဖြစ် တွေ့ရဦးမည်မဟုတ်ဟုဆို

ကိုလင်း

MRTV-4 Channel  ၏ လူကြိုက်အများဆုံး အစီအစဉ်တစ်ခုဖြစ်သည့် The Voice Myanmar  သီချင်းဆိုပြိုင်ပွဲကြီးတွင် အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်ထားသည့် အဆိုတော် နီနီခင်ဇော်အား ယခုနှစ် The Voice Myanmar ပြိုင်ပွဲအတွက် ဒုတိယအကြိမ်မြောက် အကဲဖြတ်ဒိုင်အဖြစ်လည်း ထပ်မံတွေ့ရဦးမည် ဖြစ်ကြောင်းနှင့် သရုပ်ဆောင်တစ်ဦးအဖြစ်နှင့်မူ တွေ့မြင်ရဦးမည်မဟုတ်ကြောင်း နီနီခင်ဇော်က ပြောသည်။ “နှစ်သစ်မှာ နီနီ ပထမဆုံးလုပ်ရမယ့်အလုပ်က The Voice Myanmar  သီချင်းဆိုပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်အလုပ်ပါပဲ၊ ဒုတိယအကြိမ် ပြန်လုပ်ခွင့်ရတဲ့အပေါ် ရင်ခုန်မှုအပြည့်ရှိတယ်၊ ဒီနှစ်ကတော့ သူတို့ Theme  တွေလည်း ပြောင်းထားတယ်၊ ပြီးတော့ တချို့အပတ်တွေမှာဆိုရင် အသစ်တွေ ထပ်တိုးထားတာရှိပါတယ်၊ ပရိသတ်တွေ ဒီတစ်ခေါက်မှာကြည့်ရတာ ပိုပြီးတော့ ပျော်စရာလည်းကောင်းမယ်၊ စိတ်လှုပ်ရှားစရာလည်း ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်၊ အဓိကကတော့ The Voice  က အသံပါပဲ၊ ရုပ်ကိုလည်း ကြည့်ခွင့်မရဘူး၊ ယောက်ျားလေးလား၊ မိန်းကလေးလားလည်း ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး၊ အဲဒီအတွက် အသံကိုပဲ ကြည့်ရမှာပါ၊ ဒါကြောင့် ရင်ခုန်ပါတယ်၊ အခု ဇန်နဝါရီလမှာပဲ Blind Audition  စပြီး ရိုက်ကူးတော့မယ်” ဟု နီနီခင်ဇော်က ပြောသည်။

နီနီခင်ဇော်အနေဖြင့် ခင့်မှာတမ်းသီချင်းတွင် သရုပ်ဆောင်ခြင်းကို ပရိသတ် ကြိုက်နှစ်သက်မှု ရှိခဲ့သောကြောင့် နောက်ပိုင်းတွင် သရုပ်ဆောင်ဘက်သို့ကူးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာ “ဒါတော့ မပြောပြသေးဘူး၊ ပရိသတ်က ဆက်ပြီးကြည့်ပါလို့ ပြောချင်ပါတယ်၊ မပြောပြချင်သေးဘူးဆိုတာက နီနီက သရုပ်ဆောင်ချည်း သီးသန့်လုပ်ဖို့ အစီအစဉ်တော့ မရှိသေးပါဘူး၊ ဝါသနာ မပါသေးပါဘူး၊ နီနီက သီချင်းဆိုတာ ပျော်တယ်၊ သီချင်းဆိုတဲ့အလုပ်ကိုပဲ လုပ်ချင်ပါတယ်”ဟု ပြောသည်။

မြန်မာ့အလင်း