ငါ့သရောက်မြို့တွင် ရေကန်များ မိုးရေဝင်ရောက်မှုနည်းပါးသောကြောင့် ရေကန်များခန်းခြောက်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့အတွင်းရှိ ရေကန်များအားလုံး ရေခန်းခြောက်လျက်ရှိပြီး ရေရှိသည့်ရေကန်လည်း ရေအနည်းငယ်သာရှိတော့ကြောင်း ငါ့သရောက်မြို့မိမြို့ဖ ဦးသိန်းဆွေက ပြောပြခဲ့သည်။
 
 
ညောင်ဦးခရိုင် ငါ့သရောက်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင်ပါဝင်ကာ တစ်ချိန်က ရေကန်ကြီးများသာ အားကိုးအားထားရှိခဲ့ရာမှ ယခုအခါ ရေကန်များ ခန်းခြောက်လာနေကာ ရေကန်အများစု ရေလုံးဝခန်းခြောက်သွားသည်အထိ ယခုနှစ်တွင် ကြုံတွေ့နေရကြောင်း၊ မိုးဦးမိုးတစ်ကြိမ်နှစ်ကြိမ်သာ သဲသဲမဲမဲရွာသွန်းခဲ့ပြီး ရေအနည်းငယ်သာ ဝင်ရောက်ကာ မိုးလယ်မိုးနှင့်မိုးနှောင်းမိုး လုံးဝမရွာသွန်းသောကြောင့် ရေကန်များမှာ နွေဦးမပေါက်ခင် ရေများခန်းခြောက်သွားခြင်းဖြစ်ကြောင်း၊  ငါ့သရောက်မြို့တစ်နယ်လုံး အားကိုးအားထားပြုရသည့်  မြနန္ဒာရေကန်ကြီးသည်လည်း  ရေအနည်းငယ်သာကျန်တော့ကြောင်း သိရသည်။
 
ငါ့သရောက်မြို့တွင် ကျေးရွာအုပ်စု(၁၉)အုပ်စု ကျေးရွာ(၃၂)ရွာနှင့် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိကြောင်း မြို့ပေါ်ရပ်ကွက်များမှာလည်း မြနန္ဒာကန်တော်ကြီးရေကိုသာ အားကိုးအားထားပြု သုံးနေရကြောင်း သိရသည်။ ငါ့သရောက်မြို့နယ်တွင်  ရေကန်ပေါင်း(၃၀)ကျော်ရှိသော်လည်း  ယခုနှစ်မိုးရွာသွန်းမှု နည်းပါးသောကြောင့် ရေကန်အားလုံးနီးပါး ရေဝင်ရောက်မှုမရှိသောကြောင့် ကျွဲ၊ နွား၊ ဆိတ် တိရစ္ဆာန်များအတွက် ရေအခက်အခဲဖြစ်နေကြောင်း၊ ရေခန်းခြောက်နေချိန်(ကန်ထဲရေမရှိချိန်) သက်ဆိုင်ရာတာဝန်ရှိသည့်  ဌာနများအနေဖြင့်  ရေကန်အတွင်း ရေစီးလမ်းကြောင်းများ ရှင်းထားပေးခြင်း၊ ရေကန်များ ရေဝပ်မနေစေရန် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးဖို့မျှော်လင့်ကြောင်း၊ မိုးမကျမီ အချိန်ပြင်ဆင်ပေးထားနိုင်ပါက မိုးရွာသွန်းချိန် ရေစီးဝင်မှုကောင်းကာ ရေဝင်လာနိုင်ကြောင်း  ကုလားတဲကျေးရွာအုပ်ချုပ်ရေးမှူး  ဦးသန်းထိုက်က ပြောပြခဲ့သည်။
 
 
“ကျွန်တော်တို့ဒေသက ဘိုးစဉ်ဘောင်ဆက် ရေကန်ထဲက ရေပဲသုံးနေခဲ့ကြရတာ။ တိရိစ္ဆာန်တွေအတွက်ရော ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုအတွက်ပါ ရေကန်မှရေကို အသုံးပြုကြောင်း၊ ကျွန်တော်တို့တွေ ဒီရေကန်ကြီးရေမရှိမှ သာ ကျေးရွာအတွက် တူးဖော်ပေးထားတဲ့ စက်ရေတွင်း(အဝီစိ)တွင်းက ရေကိုသုံးကြောင်း” ဖလန်ကန်ကျေးရွာမှ တောင်သူတစ်ဦးက ပြောပြခဲ့သည်။ 
 
 
ဆင်သားမွေးကျေးရွာ ရေကန်ကြီး၊ ကုလားတဲကျေးရွာ ကန်မောက်ကြီးကန်၊ ဖလန်ကန်ကျေးရွာ ရေကန်ကြီး၊ တောပြားကျေးရွာ တောပြားကန်၊ အမှတ်(၂)မြောက်ကုန်းရပ်ကွက် ပပြားဆည်တို့သည် နွေဦးမပေါက်မီအချိန်ကပင် ရေများခန်းခြောက်နေခြင်းကြောင့် ချိုးရေ၊ သုံးရေနှင့် တိရိစ္ဆာန်များအတွက် ရေများ မနှစ်ကထက် ပိုမိုအခက်အခဲ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
 
 
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း