ငါးသိုင်းချောင်းမြို့၌ အောက်ဆီဂျင် အခမဲ့ဖြန့်ဝေပေးလျက်ရှိ

ငါးသိုင်းချောင်း၊ ဩဂုတ် ၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ဓမ္မဝေပုလ္လကျောင်းတိုက်ရှိ ကရုဏာအောက်ဆီဂျင် (အခမဲ့)အလှူတော်အဖွဲ့က ကိုဗစ်-၁၉ ရောဂါကာလအတွင်း အောက်ဆီဂျင်လိုအပ်သော ရောဂါဝေဒနာရှင် ဒေသခံပြည်သူများအတွက် အောက်ဆီဂျင် (အခမဲ့)ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


ကရုဏာအောက်ဆီဂျင်(အခမဲ့) အလှူတော်အဖွဲ့အနေဖြင့် အဖွဲ့ပိုင် (၁၅)လီတာဆံ့ အောက်ဆီဂျင်အိုး (၄၉)လုံးကို ဒေသအတွင်း ဖြန့်ဝေလှူဒါန်းထားပြီး အောက်ဆီဂျင်ဖြည့်တင်းလှူဒါန်းပေးခြင်းအပြင် အခြားဒေသခံပြည်သူများ လာရောက်ဖြည့်တင်းသော အောက်ဆီဂျင်အိုးများကိုလည်း ဖြည့်တင်းပေးလျက်ရှိရာ တစ်ကြိမ်လျှင် (၁၅) လီတာဆံ့ အောက်စီဂျင်အိုး (၅၀)လုံးဝန်းကျင်ခန့် ဖြည့်တင်းဆောင်ရွက်ပေးနေရကြောင်း၊ ကိုဗစ်-၁၉ တတိယလှိုင်းကာလစတင်ချိန်မှ ယနေ့အထိ အောက်ဆီဂျင်လီတာ စုစုပေါင်း(၈၀၀၀)ကျော် လှူဒါန်းဖြည့်တင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ကရုဏာအောက်ဆီဂျင်(အခမဲ့) အလှူတော်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လတ်တလောအခြေအနေတွင် ကရုဏာအောက်ဆီဂျင်(အခမဲ့) အလှူတော်အဖွဲ့အနေဖြင့် ပြည်တွင်းရှိ အောက်ဆီဂျင်စက်ရုံများနှင့် အောက်ဆီဂျင်ဓာတ်ငွေ့ လှူဒါန်းပေးရာနေရာများသို့ သွားရောက်၍ ထပ်ဆင့်ဖြန့်ဝေ လှူဒါန်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

ကရုဏာအောက်ဆီဂျင်(အခမဲ့)၊ စက္ခုပါလ အလှူတော်အဖွဲ့အနေဖြင့် သာမန်အချိန်များတွင်လည်း နှစ်စဉ် အောက်ဆီဂျင်လှူဒါန်းခြင်းနှင့် မျက်စိနှင့် အာရုံကြောဆိုင်ရာ ရောဂါစမ်းသပ်၊ စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို ဒေသခံပြည်သူများသို့ ပုံမှန်အကျိုးဆောင် လှူဒါန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)