ငါးရစ်ငါးသန်ရာသီ ငါးဖမ်းဆီးမှု ရှောင်တခင် စစ်ဆေးရာ မြုံးအလုံး ၁၀ဝ၀ ခန့်နှင့် ငါးဖမ်းကရိယာများ သိမ်းဆည်းရမိ

ကျုံပျော် ၂၁   ဇွန် 


ငါးမျိုးပြုန်းတီးမှု မရှိစေရေးအတွက် ငါးရစ်ငါးသန်ရာသီတွင် ငါးဖမ်းဆီးမှုမရှိစေရန် ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနက ဦးဆောင်၍ ယမန်နေ့က ရှောင်တခင် ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ မြုံးအလုံး ၁၀ဝ၀ ခန့်နှင့် ငါးဖမ်းကိရိယာများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အင်းသားကြီးများနှင့် တာဝန်သိပြည်သူများ ပူးပေါင်းပါဝင်ကြပြီး ဆင်ခေါင်းကျေးရွာနှင့် ဘောစုတ်ကျေးရွာ နှစ်ရွာထိစပ်လျှက်ရှိသော ချောင်းရိုးတစ်လျှောက်တွင် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ရာ မြုံးအလုံး(၁၀ဝ၀)ခန့်နှင့် ယင်းတန်းများ၊ ပိုက်များ၊ ငါးဖမ်းဆီးသည့် ကိရိယာများအား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရရှိခဲ့၍ ပြည်သူ့ဘဏ္ဍာအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးရစ်ငါးသန်ရာသီတွင် သဘာဝအင်းချောင်းများအတွင်း ငါးဖမ်းဆီးမှု မရှိစေရေးအတွက် ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


နေဝန်းရှိန်(ကျုံပျော်)