ငပလီကမ်းခြေနှင့် စစ်တွေကမ်းခြေတို့၌ ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲအထူးစည်ကား

၁ မတ်

 

တပေါင်းလပြည့်နေ့တွင် ကျင်းပပြုလုပ်သော ရခိုင်ရိုးရာသျှက်သောင်းမြှောက်ပွဲကို ငပလီကမ်းခြေနှင့် စစ်တွေကမ်းခြေတို့၌ ကျင်းပရာ ယခင်နှစ်များကထက် အထူးစဉ်ကားကြောင်း သိရသည်။

 

သံတွဲမြို့ငပလီကမ်းခြေ၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲကို ဒွါရာဝတီ လူငယ်များအဖွဲ့က ဦးဆောင်ကျင်းပသည်။ ဦးစွာ ရခိုင်မင်္ဂလာစည်တော်တီးပြီး အခမ်းအနားကို ဖွင့်လှစ်သည်။

 

 

၄င်းနောက် ရခိုင်စာပေနှင့်ယဉ်ကျေးမှု သုတေသီအသျှင်ကုသလ(ငွေသဇင်-သံတွဲ)က ရခိုင်ရိုးရာ သျှက်သောင်း မြှောက်ပွဲအကြောင်းကို ဟောပြောပြသည်။ ၄င်းနောက် ငပလီကမ်းခြေတွင်ရောက်ရှိလာသူများက မိမိတို့ ပူဇော်လိုသည့် စေတီ၊ ဘုရားဆင်းတုတော်ပုံများကို သဲများစုပုံပြီး တည်ကာ ရခိုင်ရိုးရာသျှက်သောင်း မြှောက်ပွဲကို ကျင်းပကြသည်။ ယခုရက်ပိုင်းတွင် ရုံးပိတ်ရက် လေးရက် ဆက်တိုက်ဖြစ်နေသဖြင့် ငပလီကမ်းခြေသို့ လာရောက်သူများပြာပြီး သျှက်သောင်းမြှောက်ပွဲလဲ အထူးစည်ကားကြောင်း သိရသည်။

 

 

“သျှစ်သောင်းမြှောက်ပွဲကို ကျွန်တော်တို့ ယခင်နှစ်ကလည်း ကျင်းပခဲ့ပါတယ်။ ဒီနှစ်တော့ ငပလီကို လာရောက် လည်ပတ်သူများနဲ့ ပိုပြီးစည်ကားတယ်။ လူပေါင်းသုံးထောင်ကျော် လေးထောင်နီးပါးရှိတယ်။ ကျွန်တော်တို့ ဒွါရာဝတီ လူငယ်များက ဦးဆောင်ပြီး ပြုလုပ်တာပါ။ ကျွန်တော်တို့အဖွဲ့က သဲစေတီတည်တဲ့သူ တွေအတွက် တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ပန်းနဲ့ဆီမီးတွေကို အခမဲ့ပေးပါတယ်။ အချိုရည်တွေလည်း လှူပါတယ်။ သူတို့တွေကလည်း စေတနာနှင့် ငွေလှူကြပါတယ်။ယဉ်ကျေးမှုဟာ လူမျိုးတစ်မျိုးရဲ့ အသက်သွေးကြောပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ယဉ်ကျေးမှု မပြောက်ဖို့ ခုလိုဖော်ထုတ်ပြီး လုပ်ကြတာပါ”ဟု သံတွဲမြို့မှ စီစဉ်သူ ကိုစန်းကိုက ပြောသည်။

 

 

 

စစ်တွေမြို့၊ စစ်တွေဟိုတယ် ကမ်းခြေ၌ပြုလုပ်သော ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲကို ဒီရေကျချိန် ယနေ့ ညနေပိုင်းတွင် ပြုလုပ်ရာ မြို့ရောတောပါ လာရောက်သူများဖြင့် စည်ကားကြောင်း တွေ့ရသည်။

 

 

၄င်းပွဲနှင့် ဆက်စပ်၍ စာရေးဆရာ ဗဂျီးကျော်(စစ်တွေ)က ပြောပြရာတွင် စစ်တွေ၌ သျှစ်သောင်းမြှောက်ပွဲကို သာကီမဏ္ဍိုင် ရခိုင်ရိုးရာ ယဉ်ကျေးမှုအဖွဲက ဖော်ထုတ်ပြီးပြုလုပ်ခဲ့ကြောင်း၊ ယခုဆိုလျှင် နှစ်စဉ်နှစ်တိုင်း ပြုလုပ်လုပ်ကြကြောင်း၊ လူကြီးလူငယ်မရွေး ရိုးရာယဉ်ကျေးမှုကို အလေးထားပေးရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ စည်စည်ကားကား တွေ့ရ၍ ဝမ်းသားကြောင်းဖြင့် ပြောကြားသည်။

 

သတင်း-ကိုကြီးစော၊ ဓာတ်ပုံ-ပြန်ဆက်