ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံအကူ ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီး

ငဖဲ ၁၁ ဇွန်

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်တွင် အကျယ်ပေ ၃၀ဝ ရှိသော အကူရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀ဝ၀ ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ရာ ယနေ့ထိလုပ်ငန်း၏ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၃)မှ ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ကျော်မိုးထံမှ သိရသည်။

 

mdn

 

အဆိုပါလုပ်ငန်းသည် ငဖဲမြို့မှ ၄ မိုင်ခန့်အကွာ မန်းချောင်းရေလှောင်တမံဘေးတွင် တည်ရှိပြီး အကျယ် ပေ ၃၀ဝ ရှိ အကူရေပိုလွှဲတည်ဆောက်ခြင်းဖြစ်ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၀ဝ၀ ဖြင့် ၁၂ ခုအား ဆောင်ရွက်ခြင်းဖြစ်၍ လုပ်ငန်းပြီးစီးမည့် ကာလမှာ ဇွန် ၃၀ ရက်အထိ ဖြစ်သည်။

 

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံတွင် ရေကြီးမှုဖြစ်စဉ် ပေါ်ပေါက်လာပါက ရာသီဥတုပြောင်းလဲမှု ပြင်းထန်လာသည်နှင့်အမျှ ရေဆင်းဧရိယာ ၁၃၆ စတုရန်းမိုင်မှ တောင်ကျရေများ စီးဆင်းလာပါက တမံကို မထိခိုက်စေရေးအတွက် အကျယ်ပေ ၃၀ဝ ရှိ အကူရေပိုလွှဲတစ်ခုကို ယခု ၂၀၂၀ ပြည့်နှစ်တွင် ထပ်မံတည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)