ငဖဲမြို့နယ် စာတတ်ကူကျေးရွာတွင် ကျန်းမာရေးအသိပညာပေးဟောပြောပြီး အခမဲ့ဆေးကုသပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ငဖဲ ၁၈ နိုဝင်ဘာ

မင်းဘူးခရိုင် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ငဖဲမြို့နယ် ကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းတို့ ပူးပေါင်းဆောင်ရွက်သော ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် အခမဲ့ဆေးကုသပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက စာတတ်ကူကျေးရွာ ဘုန်းတော်ကြီးကျောင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြည်သူ့ ကျန်းမာရေးကြီးကြပ်အသင်းဥက္ကဌ ဦးတင်မောင်ဝင်းမှ ဆီးချို၊ သွေးချို မဖြစ်ပွားစေရန် ဆောင်ရန်ရှောင်ရန်အချက်များ၊ ယင်လုံအိမ်သာ စနစ်တကျသုံးစွဲရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် မကူးစက်တတ်သော ရောဂါများအကြောင်းကို အသိပညာပေးဟောပြောသည်။

ထို့နောက် ပဒါန်းကျေးရွာ တိုက်နယ်ဆရာဝန် ဒေါက်တာအောင်ကျော်နိုင်နှင့် ငဖဲမြို့ပြည်သူ့ဆေးရုံမှ သွားဆရာဝန်ဒေါက်တာနိုင်တိုးဦး ဦးဆောင်သောဝန်ထမ်းများအဖွဲ့က စာတတ်ကူကျေးရွာတွင်းရှိ ဒေသခံပြည်သူ (၁၁၄)ဦးအား အထွေထွေရောဂါစမ်းသပ်ကုသပေးခြင်းနှင့် ပြည်သူ(၁၉)ဦးအား သွားကျန်းမာရေး ကုသပေးပြီး ပဒါန်းကျေးရွာ မြတ်မြင့်မိုရ်အထူးကုဆေးခန်းမှ ဒေသခံပြည်သူ(၁၀၁)ဦးအား အသည်းရောင်အသားဝါ(ဘီပိုး)၊ စီပိုး၊ သွေးအားနည်း ရောဂါ၊ ဆီးချို၊ သွေးချို နှင့် HIV ရောဂါပိုးရှိ၊ မရှိ အခမဲ့ သွေးစစ်ဆေးခြင်း၊ သွေးအုပ်စုခွဲခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မယု(ငဖဲ)